ရှေးခေတ် မြေအိုးမြေခွက်များရှိ အမှတ်တံဆိပ်များ

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

ကမ္ဘာပေါ်တွင် လူသားများ စတင်ပေါက်ဖွားလာသည့် အချိန်မှစတင်၍ နေထိုင်စားသောက်မှု ပုံစံသည်လည်း ပြောင်းလဲလာခဲ့ပေသည်။ စားသောက်ရန်အတွက်လည်း အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့သည်။ သို့သော်လည်း ဦးစွာပထမ ဝါးမှရရှိသော ဝါးကျည်တောက်၊ ဝါးခွက်များကိုသာ အသုံးပြုနေကြပေသည်။ သစ်ဥသစ်ဖုများကိုသာ စားသောက်နေကြရာမှ ရာသီဥတုကြောင့် တောမီးလောင်ကျွမ်းရာမှ သားရဲတိရစ္ဆာန်တို့ မီးလောင်ကျွမ်းပြီး အသားများမှာ မွှေးကြိုင်သင်းပျံ့သော ရနံ့ရရှိကာ မီးဖြင့် ချက်ပြုတ်စားသောက်လျှင် ရနိုင်ကြောင်း သိရှိလာပြီး နောက်ပိုင်းကာလတွင် အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့ပေသည်။ ထို့ကြောင့် အိုးခွက်ပန်းကန်များ လိုအပ်လာသည့်အတွက် အိုးအင်ခွက်ယောက်များကို စတင်လုပ်ဆောင် လာခဲ့ကြတော့သည်။

 

ရှေးဟောင်းသုတေသန တူးဖော်မှုလုပ်ငန်းများစွာတွင် ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများဖြစ်သည့် မြေအိုးမြေခွက်နှင့် အိုးခြမ်းကွဲများကို အများဆုံးတူးဖော် ရရှိပေသည်။ ထိုအထောက်အထားများအရ အစားအသောက်များကို ချက်ပြုတ်စားသောက် သိုလှောင်လေ့ရှိသည့် လူမှုအဖွဲ့အစည်း၏ အလေ့အထဖြစ်သည်သာမက အိုးခွက်ပန်းကန်၊ မြေအိုးမြေခွက်စသည့် အမျိုးအစားများကို တီထွင်သုံးစွဲလေ့ရှိသည့် ယဉ်ကျေးမှု အဆင့်အတန်း လက္ခဏာရပ်များ ဖြစ်ကြပေသည်။ ထိုအထောက်အထားများကို ကြည့်ရှုလေ့လာခြင်းဖြင့် ခေတ်ကာလအပိုင်းအခြားကို လေ့လာသိရှိနိုင်ပေသည်။ တူးဖော်တွေ့ရှိရသော အိုးခြမ်းကွဲများသည် မူလသွင်ပြင်လက္ခဏာများ ထင်ဟပ်နေသော မြေထည်အမျိုးအစားပုံသဏ္ဌာန်၊ ပြုလုပ်မှုနည်းစနစ်၊ အဆင်တန်ဆာတို့သည် ယဉ်ကျေးမှု အသီးသီးအား နှိုင်းယှဉ်လေ့လာဆက်စပ်ခြင်းတို့ဖြင့် တန်ဖိုးဖြတ်နိုင်ပေသည်။

 

လူတို့စတင် အသိအမှတ်ပြုခဲ့ကြသော ကျောက်ခေတ်ကာလမှ နှောင်းပိုင်း ကျောက်ခေတ်သစ်ကာလ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ လောက်၌ မြေအိုးမြေထည် ထုတ်လုပ်ခြင်း အတတ်ကို စတင်ခဲ့သည်။ နှစ်ပေါင်း ၅၀၀၀ ခန့်လောက်မှ စတင်၍ အိုးထိန်းစက်ကို အသုံးပြုခဲ့ကြပြီဟု ပညာရှင်များက လက်ခံခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အစောဆုံး မြေထည်ပစ္စည်း အထောက်အထားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ပြဒါးလင်းဂူ တူးဖော်မှုမှ စတင်တွေ့ရှိခဲ့ရပေသည်။ ပြဒါးလင်းဂူနံရံပေါ်တွင် ရေးဆွဲထားခဲ့သော ရှေးဦးလူတို့၏ ပန်းချီပုံများနှင့် သက်တမ်းအပြိုင် အစောဆုံး မြေထည်များသည် လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀၀ မှ ၁၀၀၀၀ ကာလအထိ ကြာရှည်ခဲ့ပြီဖြစ်သည်။ မြေထည်များ ကိုလေ့လာကြည့်ပါကလည်း လက်ရာကြမ်းသော လက်ထွင်းအိုး (ခေါ်) လက်လုပ်အိုး(Hand-made Pottery) များဖြစ်သည်။

 

 

mdn

 

လူသားတို့သည် ယခင်က သစ်ပင်နေလူသား (Tree dweller) ဘဝမှ မြေပြန့်သို့ ဆင်းသက်နေထိုင်သော ကာလသို့ ရောက်ရှိလာခဲ့သည့်အခါမှ စတင်၍ စားသောက်နေထိုင်မှုပုံစံပါ ပြောင်းလဲလာခဲ့ပေသည်။ ကျောက်ခေတ်သစ်ကာလအတွင်း ကျောက်ဂူအောင်း လူနေမှုဘဝမှ မြေပြန့်သို့ ဆင်းသက် အခြေချ နေထိုင်လာချိန်မှစ၍ အိုးလုပ်ငန်းမှာလည်း တစ်စတစ်စ တိုးတက်လာခဲ့သည်။ စိုက်ပျိုးရေး လုပ်ငန်းနှင့်အတူ အစားအသောက် ချက်ပြုတ်ရန်နှင့် သိုလှောင်သိမ်းဆည်းရန်အတွက် သိုလှောင်အိုး၊ ချက်ပြုတ်အိုးတို့ကို ပြုလုပ်လာခဲ့ကြသည်။ မြစ်ဝှမ်းဒေသတွင် နေထိုင်ကြသည့် လူတို့သည် ရွှံ့စေး အလွယ်တကူ ရရှိကြသဖြင့် အိုးလုပ်ငန်းသည် ကျောက်ခေတ်သစ်ကာလ အဦးပိုင်းတွင် ဆန်းသစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ် နေရာဒေသများစွာ ရှိသည့်အနက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တူးဖော်ထားသည့်နေရာ အနည်းငယ်သာ ရှိသေးသည်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ရွာအနီးရှိ ရှင်ရဲတစ်ထောင်ကုန်း၊ အမရပူရမြို့နယ် တောင်သမန်အင်းဒေသ၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပိုင်းထောင်ကြီးရွာ ထောက်မကုန်း ဒေသ၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပုခန်းကြီး ကြေးရိုးကုန်းဒေသ စသည်တို့ကို တူးဖော်ခဲ့ကြရာ ကျောက်ခေတ်သစ်ကာလ လက်နက်များ၊ အရိုးစူးသွား၊ ကျောက်ကွင်း၊ အရိုးစု၊ ပုတီးစေ့ စသည်တို့နှင့်အတူ မြေထည်အိုးခွက်၊ အိုးခြမ်းကွဲတို့ကို တွေ့ရှိခဲ့ရသည်။

 

ယေဘုယျအားဖြင့် မြန်မာ့ကျောက်ခေတ်သစ်ကာလ၏ မြေထည်အိုးခြမ်းကွဲများမှာ မြေထည် အမျိုးအစားအနေဖြင့် မီးခိုးရောင် ရွှံ့နှစ်ဖြင့်ပြုလုပ်သော မြေထည်နှင့် အနီရောင် သဲစပ်ရွှံ့စေး မြေထည်တို့ဖြစ်သည်။ အိုးပုံသဏ္ဌာန်များမှာ နှုတ်ခမ်းကျယ် ရေတည်အိုး၊ စောက်နက်အင်တုံ၊ မြေကလပ်၊ ငရုတ်ဆုံဖင်ပြား၊ သပိတ်ပုံအိုး၊ နှုတ်ခမ်းရှည် စောက်နက်အိုးငယ်၊ ဆီမီးခွက်ပုံ ပန်းကန်ပြားတို့ဖြစ်သည်။ အဆင်တန်ဆာများအဖြစ် ဘီးသွားအစင်းဖြစ်ရာ၊ အဆင်းအတက်နှင့် လှိုင်းတွန့်များ၊ ဂျီဩမေတြီပုံများ၊ ရာဇမတ် ကွက်ပုံများပါဝင်သည်။ မြေထည်အိုးခွက်တို့ကို အိုးထိန်း စက်ဖြင့် ပြုလုပ်သည်။

 

ကျောက်ခေတ်မှတစ်ဆင့် တိုးတက်ထွန်းကားလာသော ကြေးခေတ်ကာလ (ဘီစီ ၃၀၀၀ မှ ၁၀၀၀) ၏ ယဉ်ကျေးမှု အထောက်အထားများကိုလည်း မကြာသေးမီ ကာလအတွင်းက ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြသည်။ ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မုန်ထူးဒေသ၊ တောင်သာမြို့နယ် နှောကန်ဒေသနှင့် ရမည်းသင်းမြို့နယ် မြို့လှဒေသတို့အား တူးဖော်သုတေသန ပြုရာတွင် ကြေးဦးခေတ် (Chalocolithic Period) မှသည် (Dawn of Iron Age) နှင့် သက်ဆိုင်သော မြေအိုးမြေခွက် အမြောက်အမြားကို လူနေထိုင်ရာဒေသ (Inhabited Area) တွင်သာမက လူသေ မြှုပ်နှံ သဂြိုဟ်ရာ သင်္ချိုင်းနေရာ (Burial site) တို့မှလည်း တွေ့ရှိရသည်။ အဓိကမြေထည် အမျိုးအစားများမှာ အနီရောင်မြေထည်များ ဖြစ်ပြီး အိုးမျက်နှာပြင် အချောကိုင် အရောင်တင်ခြင်း မရှိသေးချေ။ မြေအိုးမြေခွက် ပုံသဏ္ဌာန်မျိုးစုံတွေ့ရှိရပြီး ထင်ရှားသည်များမှာ အောက်ခြေခုံတွင် လက်ကိုင်ရိုးရှည်နှင့် အပေါ်ပိုင်းပန်းကန်ပါရှိသော မြေကလပ်များ၊ အချို့မှာ အောက်ခြေဝိုင်းတစ်ခုတည်းပေါ်တွင် လက်ကိုင်ရိုးပန်းကန် နှစ်ခု၊ သုံးခုပါရှိသော မြေကလပ်များ (Dish on Stand) ဆင်ရုပ်၊ နွားရုပ်၊ ဝက်ရုပ် စသည်နှင့် လက်ကိုင်အဖုံးပါသော ဖင်လုံးကိုယ်ထည်ကား အိုးများ၊ ဆလင်ဒါပုံ စိမ်ရည်အိုးများ၊ နှုတ်ခမ်းလန် ဖင်လုံးနှင့် ချက်ပြုတ်အိုး၊ နှုတ်ခမ်းလန် စောက်နက်ခွက်၊ မြေပန်းကန်၊ အောက်ခြေပြားခွက်၊ အောက်ခြေလုံးခွက်၊ လည်ပင်းရှည် အိုးစသည်တို့ ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်၌ အစဉ်အဆက်ရှိခဲ့သော ပျူခေတ်ကာလတွင်လည်း မြေအိုးမြေခွက်များသည်လည်း ထင်ရှားခဲ့ပေသည်။ ပျူတို့၏ မြို့တော်များဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ်ဝတီးနှင့် တကောင်းစသည်တို့ကို တူးဖော်သုတေသနပြုရာတွင် ထူးခြားသော မြေထည်ပစ္စည်းများစွာထဲမှ အရိုးအိုးများသည် ပျူခေတ်ကာလ၏ လက္ခဏာတစ်ရပ်အဖြစ် တွေ့မြင်ကြရသည်။ ဤနေရာတွင် အရိုးအိုးဆိုသည်မှာ သေသူအား မီးသင်္ဂြိုဟ်ပြီးနောက် ရရှိလာသော အရိုးပြာကို အိုးတွင်ထည့်၍ မြှုပ်နှံလေ့ရှိသည်ပင်ဖြစ်သည်။ အရိုးအိုးများကို လည်ရစ်၊ ဖောင်းရစ်၊ အရေးအကြောင်းနှင့် ဖောင်းတွန့်များ ခြယ်လှယ်ထားသည်။ တစ်ခါတစ်ရံ အိုးပတ်လည်မျက်နှာပြင်ကို သီရိဝစ္ဆပုံ၊ ငှက်ရုပ်ပုံများစသည်ဖြင့် ဝိုင်းရံအလှဆင်ထားလေ့ရှိသည်။ အိုးဖင်အောက်ခြေကို ခပ်လုံးလုံး ပြုလုပ်ထားကာ အိုးနှုတ်ခမ်းတွင် အဖုံးအုပ်နိုင်ရန် နှုတ်ခမ်းရစ်အံများပါရှိသည်။ အိုးအဖုံးမှာလည်း ခွေးသွားစိတ်ပုံသဏ္ဌာန် အချွန်အတက်အရစ်များဖြင့် ကော့လန်နေအောင် ပြုလုပ်ထားကာ အလယ်လက်ကိုင်ဖု ပါရှိသည်။ အရိုးအိုးအများစုမှာ ကွဲအက်နေသည်က များပြီး အနည်းငယ်မျှသာ အကောင်း အတိုင်းရရှိသည်။

 

mdn

 

ပျူခေတ်၏ ထင်ရှားသော မြေထည်အိုးခွက်များမှာ အရိုးအိုး၊ သိုလှောင်အိုး၊ ချက်ပြုတ်အိုး၊ မြေပန်းကန်လုံး၊ မြေခွက်တို့ဖြစ်ပြီး သပိတ်လုံးပုံသဏ္ဌာန်အိုး၊ ဆီမီးခွက်၊ ရေဖျန်းအိုး၊ ကွမ်းအစ်ပုံအိုးများ ဖြစ်သည်။ အချို့အိုးများသည် မီးမဖုတ်ခင် မြေနီရောင်တစ်ထပ် သုတ်လိမ်းလေ့ရှိသော သာဓကများကိုလည်း တွေ့ရသည်။ အဆင်တန်ဆာအနေဖြင့် တံဆိပ်ရိုက်နှိပ်ထားသော အိုးခြမ်းကွဲများတွင် သီရိဝစ္ဆပုံ၊ ကာလသာအိုးပုံ၊ ငါးကြင်းနှစ်ကောင်ပုံ၊ လူပုံ၊ မြင်းပုံ၊ ငှက်ပုံ၊ ခရုသင်းပုံ စသည်တို့ကို တွေ့ရှိရာ ဘာသာရေး အထိမ်းအမှတ် လက္ခဏာများနှင့် ဆက်စပ်လျက်ရှိသည်။ ပျူခေတ်အက္ခရာပါ အိုးခြမ်းကွဲအချို့ကိုလည်း ဟန်လင်း မြို့ဟောင်းတူးဖော်မှုမှ တွေ့ရှိထားသည်။ ။

 

ဟန်လင်းမြို့ဟောင်းမှ တွေ့ရှိရသော အိုးများအနက် နှုတ်ခမ်းပက်၍ အဝကျယ်ကာ အောက်ခြေသို့ ရှူးသွားသည့် ပြည်တောင်းသဏ္ဌာန်အိုးမှာ ထူးခြားလှသည်။ အိုးသားမှာ လည်းထူသည်။ အိုးပတ်ပတ်လည်တွင် ခေါင်းပြီးသည့်ဘီးနှင့် အစင်းဖြစ်၍ အလှဖော်ထားသည်။ ထိုကဲ့သို့အိုးမျိုးကို ကိုရီးယားနိုင်ငံ ကျောက်ခေတ်သစ်ဒေသဖြစ်သော တောင်ဆမ်ဒေါင်းဒေသနှင့် အမ်ဆဒေါင်း ဒေသများမှ တူးဖော်တွေ့ရှိရသော အစင်းအရာပါသော အိုးများနှင့် ပုံသဏ္ဌာန်ချင်း တူညီနေကြောင်း တွေ့ရှိရပါသည်။ ထိုအစင်းအရာပါသော အိုးများမှာ ရေဒီယိုကာဗွန်နည်းဖြင့် သက်တမ်းတွက်ချက်မှုအရ နှစ်ပေါင်း ၂၀၀၀ ကျော်မှ ၅၀၀၀ ကျော်သက်တမ်းရှိကြောင်း လေ့လာသိရှိရပါသည်။

 

ရခိုင်ပြည်နယ်ရှိ ယဉ်ကျေးမှုဒေသများဖြစ်ကြသော ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦးစသည့် ရှေးမြို့ဟောင်းများ တွင်လည်းကောင်း၊ မွန်ပြည်နယ်ရှိ ယဉ်ကျေးမှုဒေသများဖြစ်သော ကျိုက္ကသာ၊ ဝင်းက၊ အရက်သမစသည့် ရှေးမြို့ဟောင်းများအား တူးဖော်ရာမှလည်း အိုးခွက်များ နှင့်အိုးခြမ်းကွဲများကို တွေ့ရှိခဲ့ရသည်။ အခြယ်အလှယ်ပါသော အိုးခြမ်းကွဲများတွင် တံဆိပ်ပုံနှိပ်များပါသည်ကိုတွေ့ရှိရသည်။ ပုဂံခေတ်အိုးလုပ်ငန်း၏ ထူးခြားမှုမှာလည်း အနီရောင် ဆေးသားတင်ထားသော မြေထည်များကို တွေ့ရှိရပြီး ရေမစိမ့်အောင်၊ ချောမွတ်တောက်ပြောင်အောင် ပွတ်တိုက်ခြင်းဖြင့် စီမံထားရာ အရည်အသွေးမြင့်မားသော အိုးလက်ရာများအဖြစ် တွေ့မြင်ရပါသည်။ အစောပိုင်း ပုဂံယဉ်ကျေးမှုနှင့်ဆက်စပ်နေသော ပုဂံနန်းတော်ရာ၊ လယ်ကိုင်းမြို့ဟောင်းနှင့် နွားထိန်းရွာ ပတ်ဝန်းကျင်တူးဖော်မှုများ၌ အနီရောင်တင် မြေထည်ပေါ်တွင် အဖြူရောင် ဆေးရေးအိုးများကို တွေ့ရှိရသည်။ အနော်ရထာနန်းတော်ရာ နှင့် ကျန်စစ်သားနန်းတော်ရာတို့မှ မြေကျင်းခွေများ တွေ့ရှိရခြင်းမှာလည်း ပုဂံခေတ်အိုးလုပ်ငန်း၏ ထူးခြားသော လက္ခဏာဟု ဆိုရမည်ဖြစ်သည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်စသည့် သမိုင်းမတင်မီ ခေတ်ကာလများမှ အစဉ်သဖြင့် ရှည်လျားတည်ရှိခဲ့သော မြန်မာ့အိုးလုပ်ငန်းသည် ပျူခေတ်မှသည် ကုန်းဘောင်ခေတ်များတိုင်အောင်ထိ လည်းကောင်း၊ ယနေ့ခေတ်ကာလတိုင်အောင် အထိလည်းကောင်း ဆက်လက်လုပ်ဆောင်နေသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ အထူးသဖြင့် ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင် နှင့် မြစ်ဝှမ်းဒေသများ၊ အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း၊ တောင်ပိုင်းစသည့် ဒေသများတွင်လည်း ရိုးရာအစဉ်အလာအလိုက် အိုးလုပ်ငန်းများလည်း တည်ရှိဆဲ ပင်ဖြစ်သည်။ ထို့ပြင် အိုးများတွင် ရိုက်နှိပ်သော အမှတ်တံဆိပ်များသည်လည်း မတူကွဲပြားစွာရှိနေကြသည်။ သို့သော်လည်း ရှေးခေတ်ကာလများမှ အိုးများကဲ့သို့ပုံများ၊ တံဆိပ်များမဟုတ်ဘဲ ပန်းခက်ပန်းနွယ်များ၊ ဂျီဩမေတြီ ဆိုင်ရာ သင်္ကေတ အမှတ်အသားများသာ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ရှေးခေတ်ကာလ မြေအိုးမြေခွက်များမှ တံဆိပ်အမှတ်အသား လက္ခဏာများသည် ယင်းခေတ်ကာလမှ သုံးစွဲသောလူများ၏ ယဉ်ကျေးမှုတန်ဖိုးကို ဖော်ပြနေသော တန်ဖိုးမဖြတ်နိုင်သည့် သက်သေ အထောက်အထားများပင် ဖြစ်သည့်အတွက် မြေအိုးမြေခွက်မှသည် အိုးခြမ်းပဲ့များဆီထိ မြန်မာနိုင်ငံ၏ သမိုင်းသက်သေများကို ဖော်ပြနေသည့်အတွက် ပြည်တွင်းမှ ယဉ်ကျေးမှုတန်ဖိုးသည် ပြည်ပသို့ မရောက်ရှိနိုင်စေရန် ထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်ပါတော့သည်။

 

ကိုးကား- ယဉ်ကျေးမှုဝန်ကြီးဌာန၊

ယဉ်ကျေးမှုစာစောင်၊ ၂၀၀၅