ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်

တင်ထက်ထက်ဇော်

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားသည် သဘာဝသယံဇာတအရင်းအမြစ် အလွန်အကျွံထုတ်ယူမှု၊ စက်ရုံ၊ အလုပ်ရုံများ၊ ယာဉ်အန္တရာယ်အမျိုးမျိုးမှ အခိုးအငွေ့များ၊ ဓာတ်ငွေ့များ၊ အမှုန်များ စွန့်ထုတ်မှု တို့ကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာကို ရင်ဆိုင်နေကြရသည်။ ထိုမှတစ်ဆင့် ရာသီဥတုပြောင်းလဲလာမှုတို့ကြောင့် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်ကာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားရန် အလွန်လွယ်ကူသည့် အနေအထားတွင် ရှိသည့်အပြင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအမျိုးအစားမှာလည်း စုံလင်သည်ကို တွေ့မြင်ကြရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များတွင် မီးဘေးကြောင့် ဆုံးရှုံးမှုအများဆုံးဖြစ်သကဲ့သို့ ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုမှာလည်း ဒုတိယ အများဆုံးဖြစ်သည်။

WMO ၏သတိပေးချက်

ယနေ့ကာလသည် ကမ္ဘာကြီးတစ်ခုလုံး၌ ပြင်းထန်သောအပူလှိုင်းများ ဖြစ်ပေါ်ခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း စသည်ဖြင့် ရာသီဥတု ပြောင်းလဲမှု၏အကျိုးဆက်ကို သိသိသာသာခံစား နေကြရသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသ ဆိုင်ရာအဖွဲ့ (WMO) က စောစီးစွာသတိပေးထားသောစနစ်များက သေဆုံးမှုများကို ပိုနည်းစေသည် ဆိုသော်လည်း မိုးလေဝသနှင့်ဆက်စပ်နေသော ဘေးအန္တရာယ်များသည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း မြင့်တက်လာပြီး ကြီးမားလာသော စီးပွား ရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်ဟု ယခုနှစ်မေလအတွင်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပြင်းထန်မိုးလေဝသ၊ ရာသီဥတု၊ ရေတို့နှင့် ဆက်စပ်နေသောဖြစ်ရပ်များကြောင့် ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အကြားတွင် ကမ္ဘာတစ်ဝန်း၌ ဘေးအန္တရာယ် ၁၁၇၇၈ ခုကို ဖြစ်စေခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးမှု သုံးကြိမ်ဖြစ်လေ့ရှိသည်။ ဇွန်လ(မိုးဦးကာလ)တွင် တစ်ကြိမ်၊ ဇူလိုင်လမှ သြဂုတ်လ (မိုးလယ်ကာလ) တွင် တစ်ကြိမ်နှင့် စက်တင်ဘာလမှ အောက်တိုဘာလ (မိုးနှောင်းနှင့် မိုးလွန်ကာလ) တွင် တစ်ကြိမ် စုစု ပေါင်း သုံးကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ မုတ်သုံဝင်ပြီးနောက် စတင်သည့်မိုးဦးကာလ (ဇွန်လ) တွင် မိုးနည်းနေရာမှ ဇူလိုင်၊ သြဂုတ်နှင့် မိုးလယ်ကာလတို့တွင် မိုးများနိုင်ပြီး ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင်များက နှစ်စဉ်သတိပေးထားပါသည်။
 
ရေလွှမ်းမိုးမှုမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်

မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်ကြံ့ခိုင်မှုကို စစ်ဆေးထားရပါမည်။ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ် ကြိုတင်သတ်မှတ်ထားရပါမည် (ဥပမာ အသက်ကယ် ကုန်းမြင့်၊ ရေလွတ်နိုင်သည့် နေရာများ၊ အဆောက်အအုံများ)။ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိရပါမည်။ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိရန် လိုအပ်ပါသည်။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားသင့်ပါသည်။ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန် လိုအပ်ပါသည်။ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားရပါမည် (ဥပမာ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ တာယာကျွတ်)။ ရေလွှမ်းမိုးသောလက္ခဏာသိမြင်ရပါက လျှပ်စစ်မီးခလုတ်များကို ပိတ်ထားရပါမည်။

မိမိပတ်ဝန်းကျင်ရှိမြစ်၊ ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သား ထားရှိရပါမည်။ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်စေနိုင်သောနေရာများကို မြင်သာသောအမှတ်အသား ထားရှိရပါမည်။ မိမိနေထိုင်သော အရပ်ဒေသ၏ ရေလွှမ်းမိုးနိုင်သော အန္တရာယ်အနေအထားနှင့် ဒေသမြေမျက်နှာပြင်ရှိအနေအထားကို ကြိုတင်သိအောင် လေ့လာထားရပါမည်။ ပတ်ဝန်းကျင်ကုန်းမြေအနေ အထားနှင့် မိမိဒေသအနီးတစ်ဝိုက်တွင်ရှိသော ချောင်းများ၊ တာတမံများနှင့် မည်သို့ဆက်စပ်မှု ရှိကြောင်းကို ခြုံငုံကြည့်ထားရန် လိုအပ်ပါသည်။ ထိုသို့ကြိုတင်လေ့လာထားခြင်းဖြင့် မိုးသည်းထန်စွာ ရွာသောအခါ မိမိနေထိုင်ရာ၊ အလုပ်လုပ်ရာနေရာများကို မည်သို့မည်ပုံအကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ခန့်မှန်း၍ ရနိုင်မည်ဖြစ်သည်။ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သော ရေလွှမ်းမိုးမှုနှင့် ပတ်သက်သည့် သတိပေးချက်များကို နားထောင်ပါ။ ရေလွှမ်းမိုးသောလက္ခဏာများကို သတိဖြင့် အမြဲ စောင့်ကြည့်ရန်လိုပါသည်။ အန္တရာယ်ကင်းအောင် ကြိုတင်တွက်ဆရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။

ရေကြီးခြင်းဖြစ်ပေါ်နေချိန် ရှောင်ရှားရန်

ရေထဲတွင်ရေကူးခြင်း၊ လမ်းလျှောက်ခြင်း မပြုလုပ်သင့်ပါ။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ အိမ်မွေးတိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်း မပြုလုပ်သင့်ပါ။ ရေကြီးသော ဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများ အနီးသို့ မသွားရန် အရေးကြီးသည်။ အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ မိန်းခလုတ်များကို ပိတ်ထားပါ။ သောက်သုံးရေသန့် သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးပါ။ အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်၊ ခြံအတွင်း၌ ရှိ၊ မရှိ စစ်ဆေးပါ။ သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။

ရေလွှမ်းမိုးပြီးနောက် ဆောင်ရွက်ရန်

မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့အကြောင်းကြားပါ။ အမှိုက်များကို စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များကို စနစ်တကျမီးရှို့ခြင်း သို့မဟုတ် မြေမြှုပ်ခြင်းများပြုလုပ်ရပါမည်။ အကယ်၍ ကူညီပြုစု စောင့်ရှောက်မှု အထူးလိုအပ်နေသော သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များနှင့် မသန်စွမ်းသူများရှိပါက အကူအညီပေးပါ။ သဘာဝဘေး အန္တရာယ် ကျရောက်နေသောနေရာများကို ရှောင်ကြဉ်သင့်ပါသည်။ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ရေဝင်ထားသည့် အဆောက်အအုံများအတွင်းသို့ အထူးသတိပြု၍ဝင်ရောက်ပါ။ (ရေကြီးခြင်းနှင့်အတူ မျောပါလာသော အဆိပ်ရှိမြွေများ၊ ကင်းများ ရှိနေတတ်သည်)။ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်၊ သစ်ကိုင်းများကို သတိပြုရှောင်ရှားရန် လိုပါသည်။ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်နေပါက သက်ဆိုင်ရာကို သတင်းပို့ပါ။ ရေကြီး၍ရေစိုသွားသော အစားအစာ များကို စွန့်ပစ်ရပါမည်။ သောက်သုံးရန်နှင့် ချက်ပြုတ်ရန် ရေများကို မသုံးမီ ၁၀ မိနစ်ခန့် ကျိုချက်ပါ။ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကို ဂရုပြုနေထိုင်သင့်ပါသည်။

ကူးစက်တတ်သောရောဂါများဖြစ်ပွားနိုင်

ရေကြီးရေလျှံပြီးနောက်တွင် အူရောင်ငန်းဖျား ရောဂါ၊ အဖျားရောဂါ၊ လက်ပိတိုစပိုင်ရိုးဆစ်ရောဂါ၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ အစရှိသည့် ရေကြောင့်ဖြစ်သောရောဂါများ ဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် သတိပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။ အဆိုပါရောဂါများမှ ဘေးကင်းစေရန်အတွက် သိုလှောင်ထားသောရေကို အသုံးမပြုမီ လက်သန့်ရှင်းရေးပြုလုပ်ခြင်း၊ အစားအသောက်၊ အညစ် အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊ အစားအစာ များကို စနစ်တကျသိမ်းဆည်းခြင်း၊ အစာမစားမီနှင့် အိမ်သာတက်ပြီးနောက်တွင် လက်ကို စင်ကြယ်စွာဆေးကြောခြင်း၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါများကို ကာကွယ်ရန် ခြင်ထောင်ကို အသုံးပြုခြင်းနှင့် ဖျားနာမှုရောဂါလက္ခဏာများရှိလာလျှင် ဆရာဝန်နှင့် တိုင်ပင်ကုသရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ပြင် ကိုဗစ်-၁၉ အတွက် ကြိုတင်ကာကွယ်ရမည့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အပြုအမူများကို ရေဘေးရှောင်စခန်းများတွင်လည်း ဆက်လက်လိုက်နာရန် လိုအပ်ကြောင်း သတိပေးထားသည်။ ရွှေ့ပြောင်းစခန်း သို့မဟုတ် ယာယီ အဆောက်အအုံများထဲတွင် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် အသက်ရှူမဝခြင်းတို့ဖြစ်ပေါ်လျှင် သက်ဆိုင်ရာ ယာယီအဆောက်အအုံတာဝန်ခံများကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ရေသန့်ဆေးပြားကို အသုံးပြုသင့်

အရေးပေါ်အခြေအနေအဖြစ် လေမုန်တိုင်း ကျရောက်သည့်နေရာများတွင် FDA အသိအမှတ်ပြု ရေသန့်များရရှိရန် အခက်အခဲရှိသည့်အခါမျိုးတွင် ရေသန့်ဆေးပြား (Water Purification Tablet) များကို အသုံးပြုရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။ ရေသန့်ဆေးပြားအသုံးပြုလျှင် ရေပမာဏ ၁၀ လီတာအတွက် ဆေးပြားတစ်ပြား ခတ်ရမည်ဖြစ်ပြီး အနည်မပါသောရေတွင် အသုံးပြုသင့်ကြောင်းနှင့် အကယ်၍ အနည်ပါဝင်သောရေဖြစ်ပါက ရေစစ်ဖြင့် အနည်များကို စစ်ထုတ်ပြီးမှ ရေသန့်ဆေးပြားကို အသုံးပြုသင့်ကြောင်း သတိပေးထားသည်။

ဆွစ်ဇာလန်နိုင်ငံရှိ Intergovernmental Panel on Climate Change - IPCC ခေါ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရအဖွဲ့၏ တွက်ချက်မှုများ အရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၄၀ ပြည့်နှစ်အတွင်း တောင်အာရှ၊ အရှေ့တောင်အာရှဒေသများတွင် ပျမ်းမျှအပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ် ပိုလာနိုင်ပြီး နှစ်စဉ်မိုးရေချိန် အနုတ် ၁ ဒသမ ၃ ရာခိုင် နှုန်းမှ ၂ ဒသမ ၂ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း၊ မုတ်သုံကာလတွင် မိုးပိုလာပြီး မုတ်သုံပြင်ပကာလ နှင့် ဆောင်းရာသီတို့တွင် မိုးရွာမှု အနည်းငယ် လျော့နည်းမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

လာမည့်နှစ် ၂၀ အတွင်း ရာသီဥတုမျှော်မှန်းချက်မှာ မုတ်သုံမိုးပိုလာနိုင်ပြီး မုတ်သုံအားကောင်းခြင်းကြောင့် မိုးကြီး၊ ရေကြီးခြင်းများ ဖြစ်နိုင်သကဲ့သို့ အပူချိန်တိုးလျှင်လည်း ယခုထက်ပိုနွေးသောနေ့ ပမာဏများခြင်း၊ ပူပြင်းခြောက်သွေ့သောနေ့ များလာသည်နှင့်အမျှ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒက ထုတ်ပြန် သောခန့်မှန်းချက်များကို စောင့်ကြည့်ပြီး အကြံပြုချက်များကို လိုက်နာကြရန်လိုပါသည်။

အချုပ်အားဖြင့်ဆိုသော် ရေကြီးရေလျှံခြင်း အပါအဝင် သဘာဝဘေးအန္တရာယ်များသည် ရှောင်လွှဲ၍မရသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်း ဆုံးဖြစ်စေရေးနှင့် ပျက်စီးဆုံးရှုံးမှု လျော့ပါးသက်သာစေရေးမှာ စွမ်းဆောင်ရည်ရှိသည့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအပေါ်တွင် မူတည်နေပါကြောင်းနှင့် အထက်ဖော်ပြပါ ရှောင်ရန် ဆောင်ရန်များကို လိုက်နာကျင့်ဆောင်ကြရင်း ရေဘေးအန္တရာယ် ကင်းဝေးကြစေကြောင်း ဆန္ဒပြုရေးသား လိုက်ရပါသည်။ ။