ရှေ့နေနှင့် ဘဝနေနည်း

၁၃  ဇွန်

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ”

“ရှေ့နေနှင့် ဘဝနေနည်းပါတဲ့”

“ဘာအဓိပ္ပာယ်လဲဆရာ”

“စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန်တဲ့ ဘဝနေ နည်း အနုပညာအကြောင်း ရေးသားတင်ပြခြင်း ဖြစ်ပါ တယ်”

“မြန်မာပြန်ဆိုတော့ မူရင်းစာအုပ်က ဘာလဲဆရာ”

“မူရင်းစာအုပ်ကတော့ ပြင်သစ်စာရေးဆရာကြီး အန်ဒရေမော်ရွိုင်း၏ကျော်ကြားသော The Art of Living” စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်”

“ စိတ်ဝင်စားစရာပဲဆရာ”

“ ကိုင်း --------- ဒါဖြင့် ဖတ်ကြည့်ကြစို့”

မာတိကာ

စာရေးဆရာကြီး မြသန်းတင့်မြန်မာပြန်သော ဘဝနေ နည်းအနုပညာစာအုပ်ကို တိုးမြစ်စာအုပ်တိုက်မှ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ် တွင် အောက်ပါ ဆောင်းပါး(၉)ပုဒ်ပါရှိသည်-

(၁) ချစ်ခြင်းအနုပညာ

(၂) လက်ထပ်ထိမ်းမြားမှုအနုပညာ

(၃) မိသားစုဘဝအနုပညာ

(၄) မိတ်ဆွေဖွဲ့ခြင်းအနုပညာ

(၅) တွေးခေါ်မှုအနုပညာ

(၆) အလုပ်လုပ်ခြင်းအနုပညာ

(၇) ခေါင်းဆောင်မှုအနုပညာ

(၈) အိုခြင်းအနုပညာနှင့်

(၉) ပျော်ရွှင်ခြင်းအနုပညာတို့ ဖြစ်ပါသည်။

 

(၁) ချစ်ခြင်းအနုပညာ

ချစ်ခြင်းအနုပညာဆိုသည်မှာ ဘာလဲ။ ချစ်တာဟာ အနုပညာလား။ ဒါမှမဟုတ် အလိုအလျောက်ပေါ်လာတဲ့ ပကတိစိတ်တစ်မျိုးလား။ ဤအဖြေကို အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်-

အနုပညာဆိုတာဘာလဲ

အနုပညာသည် သဘာဝလောကကြီးကို ထပ်မံပေါင်း ဖြည့်ထားသည့် လူဖြစ်သည်လို့ စာရေးဆရာ ဘေကွန်က ပြောခဲ့တယ်။ ရိုးရိုးဥဒါဟရုဏ်ကလေးတွေကို ကြည့်လိုက်ရင် ဘေကွန်ရဲ့အဆိုဟာ သင့်မြတ်တဲ့ အဆိုဖြစ်ကြောင်းကို တွေ့နိုင်တယ်။ သဘာဝကြီးဟာ ပန်းချီဆရာတစ်ယောက်အတွက် ပန်းချီကားရေးဖို့ ကုန်ကြမ်းတွေကို ဖန်တီးပေးတယ်။ သစ်ပင်တွေ၊ ပန်းပွင့်တွေ၊ ပင်လယ်ကြီး၊ သက်ရှိသတ္တဝါတွေ၊ အလင်းရောင်စတဲ့ ကုန်ကြမ်းတွေကို ပေးတယ်။ ပန်းချီဆရာက သူ့စိတ်ကူးက တောင်းဆိုနေတဲ့အတိုင်း အဲဒီကုန်ကြမ်းတွေကို ပုံတူဆွဲတယ်။ ဖွဲ့စည်းတယ်။ အနုပညာအဖြစ် ဖန်တီးတယ်။ သဘာဝကြီးဟာ ဝတ္ထုတစ်ပုဒ်အတွက် အခြေခံပစ္စည်းတွေကို ဖန်တီးပေးတယ်။ ငိုသံတွေ၊ ရမ္မက်တွေ၊ အဖြေရှာမရတဲ့ လူသတ်မှု တွေ၊ စာရေးဆရာဟာ ရှုပ်ထွေးနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို သိမ်းကျုံးယူလိုက်ပြီး လိုရာရွေးယူတယ်။ ပွဲကြည့် ပရိသတ်တွေ နားလည်နိုင်တဲ့ သူတို့ကို စိတ်လှုပ်ရှားစေတဲ့ အလွမ်းဇာတ်တစ်ပုဒ်ကို ဖန်တီးလိုက်ပါတယ်။(စာ-၁)

(၂) လက်ထပ်ထိမ်းမြားမှုအနုပညာ

(က) လက်ထပ်ထိမ်းမြားမှုအနုပညာဆိုတာဘာလဲ။

သင်ဟာ သင်ချစ်တဲ့ အမျိုးသမီးတစ်ယောက်ကို သေတစ်ပန်သက်ဆုံး ပေါင်းဖက်မယ်လို့ တရားဥပဒေ နှင့်အညီ သဘောတူလက်မှတ်ရေးမထိုးခဲ့လျှင် သင်တို့ နှစ်ဦး ပေါင်းဖက်ရာက မွေးလာတဲ့သားသမီးများကို ကျွေး မွေးစောင့်ရှောက်ပါ့မယ်လို့ တရားဝင်လက်မှတ်မထိုးခဲ့ လျှင် သင်ဟာ သင့်ရဲ့ ပကတိစိတ်ရဲ့အလိုကို မလိုက်နိုင် ဘူး။ အိမ်ထောင်မှုဆိုတဲ့ ကြိုးချည်နှောင်မှုဟာ တော်တော် ဖြတ်တောက်ဖို့ ခက်တဲ့ကိစ္စတစ်ရပ်ဖြစ်တယ်။ (စာ-၃၃)

(ခ) လက်ထပ်ထိမ်းမြားမှုနှောင်ကြိုး

လက်ထပ်ထိမ်းမြားမှုနှောင်ကြိုးဟာ တင်းကျပ်သည်ဖြစ်စေ၊ လျော့ရဲသည်ဖြစ်စေ၊ လင်ရယ်မယားရယ်ဆိုပြီး အိမ်ထောင်ပြုကြတော့မယ်ဆိုရင်တော့ မင်္ဂလာအခမ်း အနားတွေ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ ပဋိညာဉ်တွေဟာ ဘယ်မှာပဲဖြစ်ဖြစ် လုပ်ရပေလိမ့်မယ်။ လုပ်သင့်တယ် လို့လည်းယူဆတယ်။ ဘာကြောင့်လုပ်သင့်တယ်ဆိုတာကို ကြိုးစားပြီးရှင်းလင်းပါမယ်။ (စာ-၃၄)

လက်ထပ်တာဟာ ဘာနဲ့တူသလဲဆိုရင် မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်မှာ လှေရွက်ကြီးကို နှစ်ဆလောက် ကားလာအောင်ဖြန့်လိုက်တာနဲ့တူတယ်။ အဲဒီလိုဖြန့်လိုက်တာနဲ့ လူ့လောကမုန်တိုင်းတွေထဲမှာ ဒီရွက်ဟာ ကျစ်ကျစ်လျစ်လျစ် လိပ်ထားတာထက်ပိုပြီး အန္တရာယ်များလာတော့တာပဲလို့ သူတို့ကပြောလေ့ရှိကြတယ်။ (စာ-၃၇)

ဒီလိုနဲ့ လင်ကိစ္စ၊ မယားကိစ္စ၊ သားသမီးကိစ္စတွေထဲမှာ နှစ်မြုပ်သွားပြီး ငြီးငွေ့စရာကောင်းတဲ့ ဘဝကြီးထဲမှာ နစ်မွန်းသွားရတော့တယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေ့ဖို့ အလားအလာတွေ ပိတ်သွားရတော့တယ်။ အံ့သြစရာတွေ ပျောက်ပျက်ကုန်ဆုံးသွားရတော့တယ်။ နည်းနည်းကြာလာတော့ အချစ်ဟာလည်း ပျောက်ဆုံးသွားပြီး အိမ်မှုကိစ္စအတွက် လုံးပန်းရ၊ သားသမီးပညာရေးအတွက် စိုးရိမ်ရ ဖြစ်လာတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ဘဝ၊ လူငယ်ရဲ့ပျော်ရွှင်စရာတွေကို မခံစားလိုက်ရဘဲ မသိမသာနဲ့ အိုမင်းရင့်ရော်သွားခဲ့ရတယ်။ လက်ထပ် ရင်ပျော်စရာ ကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်အချစ်ကြောင့် လက်ထပ်ခဲ့ပေမယ့် လက်ထပ်လိုက်တာနဲ့ လက်ထပ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဟာလည်း ပြိုလဲပျက်စီးသွားတော့တယ်။ (စာ-၃၈)

(ဂ) သူစိမ်းပြင်ပြင်

တစ်ခါတလေကျတော့ လင်နဲ့မယားဖြစ်ပါလျက်သားနဲ့ သူစိမ်းပြင်ပြင်လိုနေကြတာဟာ တော်တော် ဆိုးဆိုးရွားရွားအထိ ဖြစ်လာတတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုမရှိရုံတင်မကဘဲ တစ်ယောက်ကိုတစ်ယောက် ရွံ့မုန်းလာကြတယ်။ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ မုန်းတီးနေကြတာ လင်မယားနှစ်ယောက် မယုံသင်္ကာမျက်လုံးတွေနဲ့ အပြန်အလှန်စောင့်ကြည့်နေကြတာကို မြင်ဖူးကြမယ် ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ရင်ထဲကမုန်းတီးနေကြပေမယ့် ဖွင့်လည်းမပြောကြဘူး။ ပြောစရာ တူညီတဲ့ ဘာသာစကားလည်းရှာလို့မတွေ့ကြဘူး။ မျက်လုံးတွေကလည်း ကြောင်လို့။ မိန်းမက တရှုံ့ရှုံ့ငိုလို့။ ယောက်ျားက အမှောင်ထဲကနေပြီး မိန်းမရဲ့ငိုသံကို နားထောင်နေတယ်။ မချော့ဘူး။ သူလည်းမျက်ရည် တွေကျလို့။(စာ-၆၀)

(၃) မိသားစုဘဝအနုပညာ

မိသားစုအနုပညာ၏အဓိပ္ပာယ်ဆိုတာဘာလဲ။ သမီးဟာ အိမ်ထောင်ကျသည့်တိုင် သူ့အမေကို တစ်နေ့မတွေ့ရရင် မနေနိုင်တာမျိုးလည်း ရှိတတ်တယ်။ ဒါပေမယ့် တချို့ကျတော့လည်း သမီးနှင့်အမေကြားမှာ အပြိုင်အဆိုင် သဘောမျိုး မနာလိုဝန်တိုတာမျိုးတွေပေါ် လာတတ်တာမျိုးလည်းရှိတယ်။ အမေက ငယ်လည်းငယ်သေးတယ်။ ရုပ်ကလည်း ချောသေးတယ်။ မနာလိုဝန်တိုတဲ့စိတ်မျိုးလည်း ရှိတယ်။ ဒီလိုမဟုတ်ရင်လည်းသမီးက သူ့အရည်အချင်းကို သိပ်မယုံဖြစ်ပြီး အမေကို မနာလိုတတ်တာမျိုးလည်း ရှိတယ်။ သည်လိုအခါမျိုးမှာတော့ ကိုယ့်ခံစားချက်ကို မျိုသိမ့်ထားဖို့ကိစ္စဟာ အမေ့ရဲ့တာဝန် ဖြစ်လာတယ်။ (စာ-၈၃)

(၄) မိတ်ဆွေဖွဲ့ခြင်းအနုပညာ

မိန်းမနှင့်ယောက်ျား တော်တော်များများမှာ ဖြစ်လေ့ရှိတာက မိန်းမက ယောက်ျားကို အထင်ကြီးလေးစားတယ်။ သူရဲ့စိတ်ဓာတ်ဆိုင်ရာ ရှေ့ဆောင်လမ်းပြလို့ ထင်တတ်တယ်။ တစ်ခါတလေမှာလည်း လူလွန်ယောက်ျားလို့ ယုံကြည်ကိုးစားပြီး လျှို့ဝှက်ချက်ကို ဖွင့်ဆိုတိုင်ပင်အပ် သူလို့ မြင်တတ်တယ်။ ဘာသာတရား မယုံကြည်သူတွေ ဒါမှမဟုတ် အခြားယုံကြည်ချက်မရှိသူတွေဟာ သူတို့လုပ်ငန်းကို သူတို့အထင်ကြီးတတ်တဲ့ အတိုင်ပင်ခံသမား တော်ကြီးများကို ဖွင့်ဟပြောခြင်းအားဖြင့် လွတ်မြောက်မှု ကိုရှာကြတယ်။(စာ-၁၁၂)

(၅) တွေးခေါ်မှုအနုပညာ

မိမိ၏လုပ်ရပ်များကြောင့် အစစ်အမှန်လောကကြီးထဲမှာ ပေါ်ထွက်လာတဲ့ ရလဒ်များ အကျိုးသက်ရောက်မှု များကို သ‌င်္ကေတများ၊ အာရုံရုပ်ပုံများဖြင့် ပေါင်းပြီး ခန့်မှန်းရန်၊ ကြည့်မြင်ရန် ကြိုးစားသောလူရဲ့ အားထုတ်မှု။ ဒါဟာ တွေးခေါ်စဉ်းစားခြင်း ဖြစ်စဉ်ပဲ။ (စာ-၁၁၉)

(၆) အလုပ်လုပ်ခြင်းအနုပညာ

လူရဲ့အလုပ်ဟာ များလည်းများတယ်။ ထွေပြားလည်း ထွေပြားတယ်။ ဒါပေမယ့် အလုပ်သမားအားလုံးနဲ့ သက်ဆိုင်တဲ့ လိုက်နာအပ်တဲ့ဆောင်ပုဒ်အချို့တော့ရှိတယ်။ လူတစ်ယောက်ဟာ များပြားလှတဲ့ အလုပ်အကိုင်တွေ ကြားထဲက ဖြစ်နိုင်တဲ့အလုပ်တစ်ခုကိုတော့ ရွေးရမှာပဲ။ လူရဲ့စွမ်းအားနဲ့ အသိဉာဏ်ဟာ အကန့်အသတ်ရှိတယ်။ အရာအားလုံးကို လုပ်ချင်နေတဲ့ လူတစ်ယောက်ဟာ ဘာကိုမှလုပ်ဖြစ်မှာမဟုတ်ဘူး။ အရည်အချင်းရယ်လို့ ဘာမှဆုပ်ဆုပ်ကိုင်ကိုင်မရှိတဲ့သူတွေ ပြောလေ့ရှိသလို ပေါ့။ ကျုပ်သာ “ ဂီတပညာရှင်ကြီးတစ်ယောက်လုပ်ရင် ကျုပ်လည်း ဖြစ်နိုင်ပါတယ်” ဆိုတာတို့။ “ စီးပွားရေး လုပ်ငန်းဆိုတာ လွယ်လွယ်လေးပါ”ဆိုတာတို့ မကြာ ခဏကြားဖူးကြမှာပဲ။ (စာ-၁၄၈)

(၇) ခေါင်းဆောင်မှုအနုပညာ

လူတွေဟာ ဘုံအလုပ်တစ်ခုကိုစုပေါင်းလုပ်ကြတယ်။ ဒီလိုလုပ်တဲ့အခါမှာ သူတို့အထဲကတစ်ယောက်က သူတို့ အလုပ်တွေ အမြဲတစေ ညွှန်ကြားကြီးကြပ်နေမှသာ အကျိုးရှိစွာ လုပ်နိုင်ကြလိမ့်မယ်။

ဦးစီးခေါင်းဆောင်မှုမရှိတဲ့ စုပေါင်းအလုပ်တိုင်းဟာ ဖရိုဖရဲ ကသောင်းကနင်း ချက်ချင်းဖြစ်သွားမှာပဲ။ ခေါင်းဆောင်ဟာ တတ်ကျွမ်းသူပညာရှင်များက လေးစားအောင်လုပ်နိုင်ရမယ်။ ခေါင်းဆောင်တစ်ယောက်ဟာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကျော် တစ်ယောက်ဖြစ်တယ်။ ခေါင်းဆောင်ဟာ ဘက်မလိုက်ရဘူး။ ကိုယ်ကျိုးမရှိရဘူး။ ခေါင်းဆောင်တစ်ယောက်မှာ တစ်ချောင်းတည်းသော စိတ်သာရှိရမယ်။ အဲဒါဟာ သူ့အလုပ်နဲ့ သူ့အသက်မွေးမှု လုပ်ငန်းပဲ။ (စာ-၁၈၁)

(၈) အိုခြင်းအနုပညာ

(ဇရာ) အိုမင်းခြင်းဟာ ဘယ်တုန်းကစသလဲ။ ကျွန်တော်တို့ဟာ ဇရာက ထွက်ပြေးလို့ရတယ်လို့။ အချိန် တော်တော်ကြာက ထင်ခဲ့ကြတယ်။ စိတ်က ဖျတ်လတ်နုပျိုတုန်းရှိသေးတယ်။ နုပျိုခြင်းကနေပြီး အိုမင်းခြင်းကို ကူးပြောင်းတာဟာ သိပ်နှေးကွေးတဲ့အတွက် ပြောင်းတဲ့ ကာယကံရှင်မှာ သိပ်မသိသာဘူး။ နွေရာသီပြီးတော့ ဆောင်းဦးပေါက်ရောက်တယ်။ အဖြစ်အပျက်တော်တော် များများဟာ နှလုံးသာဟာလည်း အိုမင်းလိုက်ပါလာပါ တယ်။ သေခြင်းသည်ပင် အိပ်ခြင်းပေတည်း။ ထို့ထက် ဘာမျှ ရှာမရတည့်။ “သေခြင်း၏အိပ်ခြင်းထဲ၌ မည်သည့် အိပ်မက်တို့ မက်မည်နည်း” လို့ ကြောက်စရာမေးခွန်းကို ဟင်းမလက်က မေးခဲ့ပါသည်။ ဒီအမေးကို ခုထိ အဖြေမရှိသေးပါဘူး။ (စာ-၂၀၀)

(၉) ပျော်ရွှင်ခြင်းအနုပညာ

ပျော်ရွှင်မှုဆိုတာ အပြောင်းအလဲဘာမှမရှိဘဲ ဒီအတိုင်း ဆက်လက်နေလိုတဲ့ဆန္ဒမျိုးကိုဖြစ်စေတဲ့ အခြေအနေ တစ်ရပ်လို့ ဖွန်တီနယ်လီက သူ့စာအုပ်တစ်အုပ်မှာ ရေးခဲ့ ဖူးပါတယ်။ လူတစ်ယောက်ကို ပျော်ရွှင်မှုဖြစ်စေတဲ့ အရာဟာ အဖြစ်အပျက်တွေ၊ အရာဝတ္ထုတွေ မဟုတ်ဘူး။ အဲဒီအရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေကို နဂိုပကတိ အရည်အသွေးတွေနဲ့ဖြည့်ပေးလိုက်တဲ့ စိတ်အခြေအနေ တစ်ရပ်သာဖြစ်တယ်။ လောကမှာ စိတ်အထင်နဲ့ နာမကျန်းဖြစ်မှုရှိသလို စိတ်အထင်နဲ့ဆင်းရဲမွဲတေနေသူတွေလည်းရှိတယ်။ ထို့ပြင် ပျော်ရွှင်မှုကို အတားအဆီး ဖြစ်စေတဲ့အကြောင်းများဖြစ်တဲ့ နာမကျန်းဖြစ်ခြင်းနဲ့ ဆင်းရဲခြင်းတို့အပြင် နောက်အကြောင်းတစ်ကြောင်းရှိ သေးတယ်။ အဲဒါကတော့ ရှုံးနိမ့်ခြင်းပဲ။ ကိုယ့်ရည်မှန်းချက် မအောင်မြင်ဘဲ ရှုံးနိမ့်သွားတာ။ အချစ်ရေးမှာ ရှုံးနိမ့်သွားတာ။ (စာ-၂၂၈)

ဆောင်းပါးရှင်၏ အစီရင်ခံချက်

ဆရာကြီး မြသန်းတင့်(၁၉၂၉-၁၉၉၈) ဘာသာ ပြန်ဆိုခဲ့သော “ဘဝနေနည်း” အနုပညာစာအုပ်ရှိ အနုပညာ အကြောင်းဖော်ပြချက် (၉)မျိုးမှ အနှစ်သာရများကို မူရင်းအတိုင်း ကောက်နုတ်တင်ပြခဲ့ပါကြောင်း အစီရင်ခံ ပါသည်။ ကောက်နုတ်တင်ပြစရာများမှာ ဘဝအတွက် ဗဟုသုတဖြစ်ဖွယ်ရာ လိုက်နာစရာများ အများစုဖြစ်နေ ပါသည်။ သို့ပါ၍ အနှစ်သာရများကိုသာ မဖြတ်မတောက် ပဲ မူရင်းအတိုင်း ကောက်နုတ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မူလစာရေးဆရာဖြစ်သူ ပြင်သစ်စာရေးဆရာကြီး အန်ဒရေမော်ရွိုင်း၏ ကျော်ကြားသော The Art of Living စာအုပ်ဖြစ်ခြင်းကြောင့်လည်း သတိကြီးစွာ ကောက်နုတ် ဖော်ပြခဲ့ပါသည်။

ဆရာကြီးမြသန်းတင့်နှင့် ကျွန်တော်

ဆရာကြီးမြသန်းတင့်သည် ဆောင်းပါးရှင်နှင့် တစ်နယ်တည်းသား (ပခုက္ကူခရိုင်သား) ဖြစ်ပါသည်။ ဆရာကြီးက ပခုက္ကူခရိုင် မြိုင်မြို့ဇာတိ၊ ကျွန်တော်က ပခုက္ကူခရိုင် ကမ္မမြို့နယ်ခွဲဇာတိ ဖြစ်ပါသည်။ ဆရာကြီးက ၁၉၄၈ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့ပြီး ကျွန်တော်က ၁၉၇၂ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့ပါသည်။ ဆရာကြီးနှင့်ကျွန်တော် တစ်နယ်တည်းသားလည်းဖြစ် ဥပဒေပညာ လေ့လာသူ အချင်းချင်းလည်းဖြစ်၍ (မနှိုင်းကောင်း၊မယှဉ်ကောင်း) ဆရာကြီး၏စာတွေဖတ်ပြီး ဆရာကြီးကို ဦးခိုက်လျက် ကျွန်တော်ဂုဏ်ယူမိ၊ ဆရာကြီးကို မိဘပမာ ပိုမိုကြည်ညို လေးစားမိပါသည်။ ကွယ်လွန်သူ ဆရာကြီးမြသန်းတင့် အား ဤစာစုဖြင့် ဂါရဝပြုပါသည်။

နိဂုံး

ကြေးမုံစာချစ်ပရိသတ်များခင်ဗျား- ဘဝကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုနေထိုင်မလဲ။ ဤအဖြေကို ဆရာကြီးမြသန်းတင့် ဘာသာပြန်ခဲ့သော “ဘဝနေနည်းအနုပညာ”စာအုပ်က ရှင်းရှင်းလင်းလင်း အသိပေး ဆွေးနွေးဖော်ပြထားပါကြောင်း ပြန်လည်တင်ပြ အစီရင်ခံအပ်ပါကြောင်း . . . ။ ။

ဦးဟန်ညွန့် (ဥပဒေ)