ရှေ့နေနှင့် စာအုပ်

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

 

“ဆရာ”

 

“ဗျာ”

 

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

 

“ရှေ့နေနှင့် စာအုပ်ပါတဲ့”

 

“အကျိုးအကြောင်း ရှင်းပြပါဦးဆရာ”

 

“စာရေးဆရာကြီး မောင်ထင်ရဲ့ ထင်ရှားတဲ့ အရေးအသားတွေအကြောင်း စွဲမက်ဖွယ်တင်ပြချင်လို့ပါ”

 

“ဘယ်လိုစွဲမက်ဖွယ်တွေပါလဲ၊ သိပါရစေ”

 

“ကိုင်း----ဒါဖြင့် ဖတ်ကြည့်ကြပါစို့”

 

စာအုပ်

 

စာအုပ်များအကြောင်းကြေးမုံတွင် ကျွန်တော်ရေးသား တင်ပြနေခဲ့သည်မှာ ကာလအတန်ကြာပြီ ဖြစ်ပါသည်။ စာရေးဆရာကြီး၊ ဆရာမကြီးများ၏ လေ့လာမှတ်သားဖွယ် စာအုပ်များအကြောင်း ကျွန်တော်ဖတ်ရှု လေ့လာမိသမျှ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်အတိုင်း စာအုပ်နှင့်ပတ်သက်၍ လေ့လာမိသမျှ။ ဖတ်ရှုမိသမျှ သင်ခန်းစာရသအဖုံဖုံကို မိမိ၏အတွေ့ အကြုံများနှင့် ပေါင်းစပ်၍ တင်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

 

စာအုပ်ဆိုသည်မှာ အဘယ်နည်း

 

စာအုပ်ဆိုသည်မှာ အဘယ်နည်း။ ရေးသားပုံနှိပ်ထားသော စာရွက်များကို အအုပ်ကလေးတစ်ခု ဖြစ်အောင်တွဲ၍ ချုပ်ထားသောပစ္စည်းကို စာအုပ်ဟုခေါ်သည်။ ဤကား ထင်လွယ်မြင်လွယ်သော အဓိပ္ပာယ်ဖြစ်၏။ ထိုထက် အလွန်စဉ်းစားကြည့်လျှင် လောက၌ “စာအုပ်” ထက် အံ့သြဖွယ်ကောင်းသော ပစ္စည်းမရှိဟု ဆိုနိုင်သည်။ စာအုပ်ကို ရုပ်ဒြပ်တစ်ခုဟု ကျွန်ုပ်တို့မြင်ကြ၏။ သို့သော် စာအုပ်ထဲတွင် အသက်ဝိညာဉ် ကိန်းအောင်းနေသည်ဟု ဥပစာစကားဖြင့် ဆိုနိုင်ပါသေးသည်။ စာအုပ်ထဲတွင် ကိန်းအောင်းနေသော အသက်မှာ လူသားတို့၏ အတွေးအခေါ် အမြော်အမြင် ဗဟုသုတများပင်ဖြစ်ကြောင်း စာရေး ဆရာကြီး မောင်ထင်က ရေးသားခဲ့ပါသည်။ (စာ - ၁၁)

 

စာရေးဆရာကြီး မောင်ထင်

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့သား။ ၁၉၀၉ မှာမွေး။ ၁၉၃၃ တွင် ဘီအေ (ဝိဇ္ဇာဘွဲ့) ရ ။ ၁၉၃၆ - ၄၂ တွင် မြို့ပိုင်ဖြစ်။ ၁၉၄၃ - ၄၄ တွင် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန်။ ၁၉၄၆- ၄၇ တွင် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်။ ၁၉၅၀-၅၅ တွင် ရန်ကုန်သတင်းစာ အယ်ဒီတာ။ ၁၉၅၅-၅၈ တွင် စာပေဗိမာန် စွယ်စုံကျမ်း အတိုင်ပင်ခံ။ ၁၉၅၅ - ၇၇ တွင် လန်ဒန်တိုင်း သတင်းထောက်နှင့် အလွတ်သတင်းစာဆရာ ဖြစ်လာ။ ၁၉၅၄ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ။ ၁၉၅၉တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထင်ရှားသော ငဘဝတ္ထု အပါအဝင် စာအုပ်များ ရေးသားပြုစုခဲ့သည်။ ၂၀၀၃ အမျိုးသားစာပေ တစ်သက်တာစာပေဆု (ဝိဇ္ဇာဘာသာရပ်) ရရှိခဲ့သည်။ ၂၀၀၆ တွင် ကွယ်လွန်ရှာသည်။

 

ဟောပြောပွဲများ

 

စာရေးဆရာကြီး မောင်ထင်ကို ကျွန်တော် ကြည်ညိုသည်။ လေးစားသည်။ ဆရာကြီးက စာပေအတွေ့အကြုံ များသည်။ အုပ်ချုပ်ရေး အတွေ့အကြုံ ကြွယ်သည်။ အဟောအပြော ကောင်းသည်။ ဆရာကြီး၏ စာပေဟောပြောပွဲများသို့ ကျွန်တော် တက်ရောက်ဖူးသည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဥပဒေပညာဌာနသို့ စာပေဟောပြောပွဲများ လာရောက်ကျင်းပ ဟောပြောဖူးသည်။ ကျွန်တော်က ဥပဒေကျောင်းသားတစ်ဦးအနေနှင့် တက်ရောက်နားထောင်ခဲ့ရသည်။ ထိုကာလများကို မမေ့။ ယနေ့တိုင် သတိရနေသေးသည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံမှာသာမက အခြားသော တက္ကသိုလ်များတွင်လည်း ဆရာကြီး မောင်ထင်၏ မှတ်သားနာယူဖွယ် စာပေဟောပြောပွဲများ ရှိခဲ့သည်။ မပျက်မကွက် ကျွန်တော် သွားရောက်နားထောင် မှတ်သားခဲ့သည်။

 

စာအုပ်နှင့်စာ

 

စာရေးဆရာကြီး မောင်ထင် ပြုစုရေးသားခဲ့သော စာအုပ်နှင့်စာ စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၇ တွင် ဒုတိယအကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ ။

 

ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းအတွက် အမှာစာတွင် ဆရာကြီး မောင်ထင်၏သား ညီကိုးက “၁၉၄၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ သွေးသောက် မဂ္ဂဇင်း၊ စာပေ လုပ်သား မဂ္ဂဇင်း၊ အင်းစိန် မဂ္ဂဇင်း၊ မြရည်နန္ဒာ - မိတ္ထီလာ မဂ္ဂဇင်း၊ ရွှေတံခါးမှူး မဂ္ဂဇင်း၊ ဟံသာဝတီသတင်းစာ၊ ကြေးမုံသတင်းစာနဲ့ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွေမှာ အဖေရေးခဲ့သမျှ ဆောင်းပါးတွေထဲက မြန်မာစာ အရေးအသား၊ မြန်မာစကားပြေ အရေးအသား၊ စာရေးခြင်း အတတ်ပညာ၊ စာအကြောင်း ပေအကြောင်း၊ ကဗျာ ဆိုတာ စတဲ့ စာပေဆိုင်ရာ ဆောင်းပါး ၁၇ ပုဒ်ကို ရွေးချယ်ပြီး တစ်ပေါင်းတည်း စုစည်း ပုံနှိပ်ထုပ်ဝေဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ရေးသားခဲ့ပေသည်။ ။

 

စာရေးဆရာကြီး မောင်ထင်က ခေတ်သစ်စာပေနှင့် စပ်လျဉ်း၍-

 

“ဤ၌ ခေတ်သစ်ဟုဆိုသောအခါ စာဖတ်သူတို့သည် မိမိနှင့်အနီးကပ်ဆုံးဖြစ်သော ခေတ်ကိုသာ စဉ်းစားမိ ကြလိမ့်မည်။ ယခုအခါ ရေဒီယိုမှနေ၍ လွန်ခဲ့သော အနှစ် ၂၀ အထက်က ခေတ်စားခဲ့သော တေးများကို ခေတ်ဟောင်းတေးဟုဆိုကာ ပြန်လည်ဆန်းသစ်ထုတ်ဖော် နေပါသည်။ လူငယ်တို့အဖို့ ထိုအနှစ် ၂၀ ကာလသည် ကြာရှည်လှချည့်ဟု အောက်မေ့ကြလိမ့်မည်။ သို့သော် ခေတ်အဆက်ဆက်ကို မီလိုက်သော သူတို့အဖို့ကား ယင်းနှစ်ပေါင်း ၂၀ ကို မနေ့တစ်နေ့ကမျှသာဟု မှတ်ယူကြစမြဲဖြစ်သည်။ ထို့ကြောင့် ယင်းတို့က ထိုတေးများကို ခေတ်ဟောင်းတေးဟု မယူဆနိုင်ကြပါ” ဟု ရေးသားထား ပါသည်။ (စာ -၇၂)

 

မြန်မာစကားပြေအကြောင်း

 

မြန်မာစကားပြေအကြောင်းနှင့်စပ်လျဉ်း၍ စာရေး ဆရာကြီး မောင်ထင်က အောက်ပါအတိုင်း ရေးသားခဲ့ ပါသည်-

 

“စကားပြေဟူသည်မှာ ပြေပြစ်သောစကားဖြစ်၏။ ဤအချက်ကို လွယ်လွယ်နှင့် အများနားလည်နိုင်ပါသည်။ ကျွန်ုပ်တို့သည် စကားတစ်လုံး၏ အနက်ကို ဖော်ရာ၌ မူလဘူတဖြစ်သော အနက်ကို ထုတ်ဖော်စမြဲဖြစ်သည်။ အရင်းမူလကို ပြောသောအခါ စကားကျစ်သည်။ အဆာမပါ။ အဖွဲ့အနွဲ့ မရှိ၊ အဖွင့်မလို၊ သို့သော် ပညာရှိတို့ကား လိုရင်းအနက်မ ှသွေဖည်၍ မသွားရလေအောင် အဓိပ္ပာယ်ကို ဖွင့်ဆိုပေးစမြဲဖြစ်သည်” ဟု ရေးသားခဲ့ပါသည်။

 

မြန်မာကဗျာဖွဲ့နည်းကျမ်း၌ ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်က-

 

“စကားပြေသည် စကားအပြေ၊ ပြောသောစကား၊ အဖုအထစ်၊ အဟောင်အပိန်၊ အထောင့်ကင်းသော စကားကို ဆိုလိုသည်” ဟူ၍ ရှင်းပြသည်။ တစ်ဖန် ဤ၌လည်း ဦးဖိုးစိန်က ကျေနပ်လောက်ပြီဟု ယူဆခဲ့ဟန်မတူ။ ထို့ကြောင့် စကားပြေကို ဝိဂြိုလ်ပြုသောအခါ-

 

“ စကားပြေဟူသည်ကား မပြေပြစ်သော ပါဠိအနက်ပြန် မြန်မာစကားမျိုးမှ ခွဲခြား၍ လင်္ကာစပ်လည်းမဟုတ်၊ တေးသီချင်းစပ်လည်းမဟုတ်၊ မြန်မာဘာသာ ပြောရိုးပြောစဉ်အတိုင်း ပြောဆိုရေးသားသော စကားမျိုးဖြစ်သည်” ဟူ၍ နောက်ထပ်ပြောဆိုစရာရှိသော အချက်အလက်တို့ အတွက် စကားခင်းပေးခဲ့ကြောင်းကို စာရေးဆရာကြီး မောင်ထင်က ရေးသားခဲ့ပါသည်။(စာ-၈၂)

 

လူထုနှင့်ဆက်စပ်နေသောကဗျာ

 

စာရေးဆရာကြီး မောင်ထင်သည် ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်း အမှတ် ၄၉ တွင်” ကဗျာဆရာသည် ဟိုတောင်ဆီက မိုးကလေးညိုလာတိုင်း လွမ်းငွေ့ချည်းဝေမနေနိုင် သောင်းကျန်းမှုတို့ကြောင့် စိတ်ကူးယဉ်ရာမှ ခဏခဏ လန့်၍လန့်၍ ငိုရသည်။

ထိုအခါ ကဗျာဆရာသည် စိတ်သက်သာရာရအောင် မည်သူ ထံ ချဉ်းကပ်ပါမည်နည်း”ဟူ၍ မေးခွန်းထုတ်ခဲ့လေသည်။

 

ထို့နောက် “အို-ကဗျာဆရာ လူထုထံပါးသို့ ချဉ်းကပ်ပါလော့။ လွမ်းစရာရှိလျှင် ကဗျာဆရာသည် လူထုနှင့် အတူအညီအမျှခွဲဝေ၍ လွမ်းတော်မူပါတော့။ ဝမ်းသာစရာရှိလျှင် တစ်ယောက်တည်း ဝမ်းသာရသည်ထက် နှစ်ယောက်ပေါင်း၍ ဝမ်းသာရသည်က နှစ်ဆတိုး၍ပျော်စရာမကောင်းပါလား” ဟု ရေးသားခဲ့ပါသည်။ (စာ၁၀၉)

 

ထိုရေးသားချက်သည် ဆရာကြီး၏လူထုအမြင်၊ လူထု ချစ်ခင်မှု၊ လူထုလေးစားမှုများ၊ လူထုဘဝ ချဉ်းကပ်မှုများ မည်မျှ အလေးထားကြောင်း ပေါ်လွင်ပေသည်။

 

ပြုပြင်စီရင်ခြင်းကိုခံယူနေရသော ဥစ္စာပစ္စည်း

 

“ စာပေဟူသည်မှာလည်း သင်္ခါရပင်ဖြစ်သည်။ သင်္ခါရဆိုသည်မှာ သေခြင်းကိုမဆိုလိုပါ။ သင်္ခါရဆိုသည်မှာ ပြုပြင်စီရင်ခြင်း သဘောတရားဖြစ်ပါသည်။ ကဗျာသည်လည်း ပြုပြင်စီရင်ခြင်းကို ခံယူနေရသော ဥစ္စာပစ္စည်း တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ခေတ်အလျောက် ရွေ့လျားလာသော သဘောတရားတို့ကို တစ်ဦးတစ်ယောက်သော သူက ဟန့်တားလျှင် ရနိုင်သည်ဟု မယူဆပါ။ ဆန်းသစ် တီထွင်ချက်ကို အများကလက်ခံလျှင် ကြိုးပမ်းချက် အထမြောက်ပြီဟု ဆိုနိုင်သည်။ ဤသဘောကို ပြောရသောအခါ ကဝိပစ္စည်းဆိုသည်မှာ ကဝိတို့က ဖန်တီးလိုက်သောအရာကို အများကလက်ခံမှ ကဝိပစ္စည်းဖြစ်နိုင်သည်ကိုလည်း ကျွန်တော်စဉ်းစားကြည့်မိပါသည်” ဟု ဆရာကြီး မောင်ထင်က ရေးခဲ့ပါသေးသည်။ (စာ-၁၀၁)

 

ဆရာကြီး၏ အတွေးအမြင်၊ အရေးအသားများမှာ ယနေ့လူငယ်များ လေးစားစွာ မှတ်သားနည်းယူသင့်ပါသည်။ နှစ်ကာလ မည်မျှကြာညောင်းသည်ဖြစ်စေ၊ ယနေ့တိုင် နှိုင်းယှဉ်ဝေဖန် သုံးသပ်ပြီး ပညာရနိုင်သော အတွေးအမြင်များအဖြစ် မော်ကွန်းတင်ရစ်မည်ဖြစ်ပါသည်။ အလုပ်တာဝန်မျိုးစုံ၊ ဘဝမျိုးစုံဖြတ်သန်းခဲ့သော ဆရာကြီးမောင်ထင်၏ အတွေ့အကြုံများ၊ စာအုပ်စာပေ ပြုစုမှုများကို ပြန်လည်ဖတ်ရှုရင်း လေးစားဂုဏ်ပြုအပ်ပါသည်။

 

ရေးသားခဲ့သောစာအုပ်များ

 

ဆရာကြီးမောင်ထင် ရေးသားခဲ့သောစာအုပ်များမှာ ကိုဒေါင်း (၁၉၃၇)၊ ဘာအရေးကြီးဆုံးလဲနှင့် အာဇာနည် မိခင်ပြဇာတ် (၁၉၄၄)၊ ငဘ(၁၉၄၇)၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အတ္ထုပ္ပတ္တိ (၁၉၆၀)၊ မျိုးဖျက်ရန်သူ (၁၉၆၀)၊ ဗမာ့နိုင်ငံရေးသုခမိန် (၁၉၆၅)၊ မုန်တိုင်းထဲက နဖူးစာ (ဘာသာပြန်) (၁၉၆၅)၊ မြန်မာ့လယ်ယာမြေစနစ် (၁၉၆၆)၊ မိုပါဆွန်းဝတ္ထုတိုများ (ဘာသာပြန်) (၁၉၆၆)၊ လောကအမြင် (၁၉၆၆)၊ မောင်ထင်၏ဝတ္ထုတိုများ (၁၉၆၈)၊ ကမ္ဘာ့ စာပေအညွှန်း (အိန္ဒိယ၊ အီရန်၊ အာရပ်) (၁၉၇၄)၊ မြို့အုပ်ပုံပြင် (၁၉၇၆) ကမ္ဘာ့စာပေအညွှန်း (တရုတ်၊ ဂျပန်) (၁၉၇၆)၊ ကမ္ဘာ့စာပေအညွှန်း (ဟေးဗရူး၊ ဂရိ၊ ရောမ) (၁၉၇၇)၊ အနာဂတ္ထိကျမ်း(ဘာသာပြန်)(၁၉၇၇)၊ မြင်ဝါတောင်(၁၉၇၇)၊ ကမ္ဘာ့စာပေအညွှန်း (အင်္ဂလိပ်) (၁၉၈၁)၊ ဂန္တဝင်သံခိပ်(၁၉၉၉)၊ မြို့အုပ်မင်းဆို ဘုံရုံကဗျာများ (၂၀၀၁)၊ အတွေးပဒေသာ (၂၀၀၂)၊ မိုးပေါ်သို့လိမ့်ကျခြင်း (ဘာသာပြန်) (၂၀၀၃)၊ စာပေရေးရာဆောင်းပါးများ (၂၀၀၄)၊ မြန်မာ့ဆယ်နှစ်လရာသီအကြောင်း(၂၀၀၅)၊ စာအုပ်နှင့်စာ(၂၀၀၆)၊ ကမ္ဘာ့စာပေအညွှန်းပေါင်းချုပ်(၂၀၀၈)၊ ကျွန်တော် ဘာကြောင့်စာရေးရသလဲ(၂၀၀၈)၊ ပုဂ္ဂလအဘိဓာန်(၂၀၀၉)၊ ရာပြည့်မောင်ထင် အမှတ်တရ စာစုများ (၂၀၀၉)၊ လူကြီးများဖတ်ဖို့ပုံပြင် (၂၀၀၉)၊ ရုပ်ပုံလွှာ(၂၀၁၀)၊ ရွေးကောက်ပွဲဒဏ္ဍာရီ(၂၀၁၄)၊ အာဒိ ကပ္ပ (၂၀၁၆)၊ ကျွန်မဒီမိုကရေစီ(၂၀၁၇)တို့ ဖြစ်ပါသည်။

 

အခြေခံကောင်းလျှင်

 

စာပေနှင့်စပ်လျဉ်း၍ အခြေခံကောင်းလျှင် ကောင်းသည်နှင့်အမျှ တိုးတက်ကြောင်း ဆရာကြီးမောင်ထင်က ၁၇-၉-၁၉၈၉ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် အောက်ပါအတိုင်းရေးသား ခဲ့သေးသည်-

 

“စာပေသည် အခြေခံကောင်းလျှင် ကောင်းသည်နှင့်အမျှ တိုးတက်စမြဲဖြစ်သည်။ အင်္ဂလိပ် ဥရောပစသော စာပေတို့သည် ဂရိနှင့် လက်တင်စာပေကျမ်းဂန်တို့ကို အခြေခံ၍ ဖွံ့ဖြိုးသည်။ ထိုနည်းတူပင် ကျွန်ုပ်တို့စာပေသည်လည်း ပုဂံခေတ်က ယဉ်ကျေးမှုအုတ်မြစ်ကို ချခဲ့သည့်အတိုင်း ပါဠိသက္ကတတို့၌ အခြေခံခဲ့သောကြောင့် ယနေ့တိုင် ဖွံ့ဖြိုးတိုးတက် တည်တံ့ခိုင်မာလျက်ရှိလေ သည်။(စာ-၅၉)

 

စာအုပ်နှင့်စာ

 

ဤမျှဆိုလျှင် ဆရာကြီးမောင်ထင်၏ ဆိုလိုချက်၊ အရေးအသားများ၊ အတွေးအခေါ်များ၊ လူထုဘဝနှင့် နီးစပ်ပုံများကို ကြေးမုံစာချစ်ပရိသတ်တို့ အကဲဖြတ်နိုင်ကြပါပြီ။ ဆရာကြီးမောင်ထင်ရေးခဲ့သော စာအုပ်နှင့် စာအကြောင်း ဘက်စုံလေ့လာကြသော လူငယ်များအတွက် မှတ်စရာ၊ ဖတ်စရာများ လွန်စွာပေါများလှပါသည်။ မည်မျှခေတ်မီတိုးတက်သော ခေတ်တွင်မဆို စာအုပ်နှင့် စာအခန်းကဏ္ဍမှာ ပျောက်ကွယ်သွားမည်မဟုတ်ပါ။ စာအုပ်စာပေ လူ့မိတ်ဆွေအဖြစ် ထာဝစဉ်ရပ်တည်နေမည်သာ ဖြစ်ပါသည်။

 

နိဂုံး

 

စာရေးဆရာကြီး မောင်ထင်၏ ဘက်စုံထောင့်စုံ အမြင်များဖြင့် ရေးသားခဲ့သော စာအုပ်နှင့် စာများအား လေ့လာဖတ်ရှုခံယူလျက် လေးစားမှုဖြင့် ဂါရဝပြု အပ်ပါ ကြောင်း ......။ ။