ရှေ့နေနှင့် တရားရုံး နှစ်စဉ်အစီရင်ခံစာ

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

 

“ဆရာ”

 

“ဗျာ”

 

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

 

“ရှေ့နေနှင့် တရားရုံးနှစ်စဉ်အစီရင်ခံစာပါတဲ့”

 

“ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးတာလဲဆရာ”

 

“နှစ်စဉ်တင်သွင်းနေကျဖြစ်တဲ့ တရားရုံး နှစ်စဉ်အစီရင်ခံစာအပေါ် စိတ်ပါဝင်စားသူတစ်ဦးအနေနဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်”

 

“ဘယ်နှစ်အတွက် အစီရင်ခံစာလဲဆရာ”

 

“၂၀၁၉ ခုနှစ်အတွက် ဖြစ်ပါတယ်”

 

“ဘာတွေများထူးခြားလို့ပါလဲဆရာ”

 

“ဖတ်ကြည့်ကြစို့ဗျ”

 

၂၀၁၉ ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာတွင် ထူးထူး ခြားခြား “သင်သိပါသလား” ခေါင်းစဉ်ကို ရှေ့ဆုံးက တင်ပြထားသည်ကို ကျွန်တော် သတိပြုမိပါသည်။

 

သင်သိပါသလား?

 

ယခုနှစ် ၂၀၁၉ ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာ၏ အဖွင့်တွင် အောက်ပါအချက်များကို ဖြေကြားထားပါသည်။ သိရှိမှတ်သားဖွယ်ဖြစ်ပါသည်။

 

တစ်နိုင်ငံလုံး တရားရုံးစုစုပေါင်း ၄၄၂ ရုံးရှိသည်။ တစ်နိုင်ငံလုံး တရားသူကြီး တရားရေးအရာရှိ စုစုပေါင်း ၁၂၆၂ ဦးရှိသည်။ ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ဥပဒေကျောင်းသား ကျောင်းသူ ၁၀၄၄ ဦး လေ့လာရေး လာရောက်ခဲ့သည်။ တစ်နိုင်ငံလုံး အမှုပြီးပြတ်မှုနှုန်း ၉၉ ဒသမ ၅၇ ရာခိုင်နှုန်း ဖြစ်သည်။ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များ၌ တရားသူကြီး တရားရေးအရာရှိ ၂၃ ဦး ဘွဲ့လွန်သင်တန်းများ တက်ရောက်လျက်ရှိသည်။ တိုင်ကြားစာ ၃၅၆၂ စောင်အနက် ၃၅၂၉ စောင်အား အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ၃၃ စောင်အား စိစစ်ဆဲဖြစ်သည်။ ရုံးခွန်ကျပ်သန်း ၂၄၀၀ ကျော် နှင့် ဒဏ်ငွေကျပ်သန်း ၁၀၀၀၀ ကျော် ကောက်ခံရရှိခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တရားရုံး ၇၄ ရုံး ချဲ့ထွင်နိုင်ခဲ့သည်။ အထက်တန်းရှေ့နေ ၁၅၂၇ ဦး နှင့် တရားလွှတ်တော် ရှေ့နေ ၁၆၅၄၀ အား ရှေ့နေလိုက် ခွင့် လိုင်စင်များ အပ်နှင်းခဲ့သည်။ နိုင်ငံတကာညီလာခံ၊ ဆွေးနွေးပွဲနှင့် သင်တန်းပေါင်း ၅၁ ခုသို့ တရားသူကြီး တရားရေးအရာရှိ ၁၃၇ ဦး တက်ရောက်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ၂၇ ခု ပြုလုပ်ခဲ့သည်။ အကျဉ်းထောင်၊ ရဲဘက်စခန်းနှင့် အချုပ်ခန်း ၇၅၂ ခုသို့ သွားရောက်စစ်ဆေးခဲ့သည်။

 

မာတိကာ

 

ပြည်ထောင်စုတရားသူကြီးချုပ်၏ ဉယေျာဇဉ်နှင့် ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တရားရုံး၏ တန်ဖိုး များနှင့် တရားရုံး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်များကို ဖော်ပြထားပါသည်။

 

အပိုင်း(၁) တွင် တရားရုံးစနစ်နှင့် စီမံခန့်ခွဲမှု

 

အပိုင်း(၂) တွင် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများ

 

အပိုင်း(၃) တွင် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်

 

အပိုင်း(၄)တွင် မဟာဗျူဟာစီမံကိန်း ဒုတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၁၉) အကောင်အထည်ဖော် ဆောင်ရွက်မှုများအကြောင်း ဖော်ပြထားပါသည်။

 

ရည်မှန်းချက်

 

လူတိုင်းသို့ အရည်အသွေးမြှင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်နှင့် တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ရန်ဖြစ်သည်။

 

လုပ်ငန်းတာဝန်များ

 

တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေးနှင့် တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးတို့ဖြစ်သည်။

 

တရားရုံး၏တန်ဖိုးများ

 

သာတူညီမျှမှုနှင့် တရားမျှတမှု၊ တရားစီရင်ရေး လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာရှိမှု၊ လက်လှမ်းမီနိုင်မှု မြန်ဆန် ထိရောက်မှုနှင့် အချိန်မီဆောင်ရွက်နိုင်မှုတို့ဖြစ်သည်။

 

တရားရုံး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်

 

(၁) တရားစီရင်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်

 

(၂) တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်

 

(၃) တရားရုံးများအနေဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မား လာစေရန်

 

(၄) တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိလာစေရန် ဖြစ်ပါသည်။

 

တရားရုံးသို့လာရောက်သူများအား ယဉ်ကျေးလှိုက်လှဲ လေးစားစွာဆက်ဆံရန်

 

တရားရုံးသို့ လာရောက်သူများအား ယဉ်ကျေးစွာ၊ လှိုက်လှဲစွာ၊ လေးစားစွာဆက်ဆံဖို့ အထူးလိုအပ်လှသည်။ ဤအချက်ကို အစီရင်ခံစာ ၁-၃ တွင် ဖော်ပြထားသည်။ ဦးစားပေးအဆင့်(၁)ပါပဲ။ အကောင်အထည် ဖော်နိုင်မှု အခြေအနေမှာတော့ သင်ရိုးညွှန်းတမ်း ရေးဆွဲထားသည်နှင့် အချိန်သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြချက်မှအပ ထူးထူးခြားခြား ဆောင်ရွက်ချက်မတွေ့ရပါ။ ယဉ်ကျေး လှိုက်လှဲလေးစားခဲ့ကြောင်း တရားရုံးသို့ လာရောက်သူတိုင်း ရင်ဝယ်ခံစားနိုင်ပါစေဟု မုဒိတာပွား ပါရစေ။ တရားရုံး၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်ကြပါစေဟု ဆန္ဒပြုပါသည်။

 

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ် အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

 

(၅) နှစ်တာ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာ ရည်မှန်းချက် ၅.၃ “ တရားရုံးက အငြင်းပွားမှုများကို ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးသောစနစ်များကို သတ်မှတ်ဆောင် ရွက်ရန်” အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက် နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စမ်းသပ်အစီအစဉ်ကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တရားရုံး၊ တပ်ကုန်းမြို့နယ် တရားရုံး၊ ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင် တရားရုံးနှင့် တောင်ငူမြို့နယ် တရားရုံးတို့တွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နှင့်ပူးပေါင်း၍ စတင်ဆောင်ရွက်ခဲ့ပါသည်။

 

တရားမမှုခင်းများ

များပြားလာခြင်း တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအစီအစဉ် တရားမမှုခင်းများ အချိန်တိုအတွင်းညှိနှိုင်းပြီးပြတ်ခြင်း

 

စမ်းသပ်အစီအစဉ် တစ်နှစ်တာကာလအတွင်း စမ်းသပ် တရားရုံးများမှ စေ့စပ်ဖြေရှင်းရန် လွှဲပြောင်းပေးပို့သည့် အမှုများ၏ ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ပြီး ပြီးပြတ်သည့် တရားမကြီးမှုများ၏ ၁၆ ဒသမ ၂၉ ရာခိုင်နှုန်းမှာ စေ့စပ်ဖြေရှင်းမှု အောင်မြင်၍ ပြီးပြတ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ အမှုများကို စေ့စပ်ဖြေရှင်းခြင်းဖြင့် အမှုပြီးပြတ်ရန် ကြာမြင့်ရက်များလျှော့ချနိုင်ပြီး နှစ်ဖက်အမှုသည်များ ရရှိသည့် သဘောတူညီချက်ကို ချက်ချင်းလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိရောက်မှုရှိသည်ကို တွေ့ရှိရပါသည်။ စစ်တမ်းများအရ စေ့စပ်ဖြေရှင်းသည့် အမှုသည်များနှင့် ၎င်းတို့၏ ရှေ့နေများအားလုံး ၁၀၀ ရာခိုင်နှုန်းက စေ့စပ်ဖြေရှင်းရေးစနစ်ကို ကောင်းမွန်သည်ဟု ထင်မြင်ချက်ပေးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

 

သို့သော် လိုအပ်ချက်၊ အားနည်းချက်များအား ဝေဖန်ခံရမှုရှိနေဆဲဖြစ်ပြီး စေတနာမှန်သည့် ဤစနစ်အပေါ် အများက စောင့်ကြည့်နေဆဲ ဖြစ်ပါသည်။ လက်တွေ့ အလုပ်လုပ်ပြလျက် တိုးတက်မှု ရစေလိုပါသည်။

 

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် နိုင်ငံတကာရှိ တရားရုံးများတွင် အကောင်အထည်ဖော် အောင်မြင်လျက်ရှိသည့် စနစ်တစ်ခုဖြစ်ပြီး တရားရုံး အသုံးပြုသူများ၏ စိတ်ကျေနပ်မှု အများဆုံးရရှိထားသည့် စနစ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တရားရုံးက တရားမမှုခင်းများကို ပိုမိုထိရောက်မြန်ဆန်ပြီး စရိတ်သက်သာစွာ  ဖြေရှင်းပေးနိုင်မည်ဖြစ်၍ အများပြည်သူအတွက် တရားမျှတမှု လက်လှမ်းမီရေးသာမက စီးပွားရေး အခွင့်အလမ်းများအတွက်ပါ အရေးပါသော လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာကဖော်ပြ ထားပါသည်။

 

ဖော်ပြချက်နှင့်အညီ ဥပဒေလုပ်ပိုင်ခွင့် ပီပြင်စွာ သတ်မှတ်ဖော်ပြကာ ရှေ့ဆက်မည့်ခရီးတွင် အများလက်ခံ ယုံကြည်သောစနစ်အောင်မြင်ပါစေကြောင်းဆန္ဒပြုပါသည်။

 

သတင်းမီဒီယာနှင့်တရားသူကြီး

 

တရားသူကြီးများအား မီဒီယာဆက်ဆံရေး ကျွမ်းကျင်မှု သင်တန်းပေးခဲ့ကြောင်းကို အစီရင်ခံစာ နောက်ဆက်တွဲ (ည) တွင် ဖော်ပြထားသည်။ အများပြည်သူစိတ်ဝင်စားသည့် မှုခင်းများနှင့် ထူးခြားမှုခင်းများ၏ တိကျသော သတင်းအချက်အလက်များကို သတင်းမီဒီယာသို့ ထုတ်ပြန်ပေးခြင်းကို ဦးစားပေးအဆင့် (၁) အဖြစ် သတ်မှတ်ခဲ့သည်။ သတင်းမီဒီယာများနှင့် အခါအားလျော်စွာ ထိတွေ့ဆက်ဆံခြင်းကို ဖြေကြားမှုအကြိမ် ၂၁၀ ရှိကြောင်း ဖော်ပြထားသည်။ သတင်းမှန် ပြန်ကြားခြင်း၏ အနှစ်သာရ ပိုမိုကြွယ်ဝပါစေခင်ဗျာ။

 

အများပြည်သူစိတ်ကျေနပ်မှု

 

အများပြည်သူစိတ်ကျေနပ်မှုမှာ ၂၀၁၈ NCMP တရား ရုံးများတွင် ၇၁ ရာခိုင်နှုန်းမှ ၇၆ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့ကြောင်း၊ ၂၀၁၂ NCMP တရားရုံးများတွင် ၇၉ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ အခြေခံမျဉ်းကို ၇၆ ဒသမ ၁ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားသည်ကို အစီရင်ခံစာ နောက်ဆက်တွဲ (ည) တွင် တွေ့ရှိရသည်။ ဦးစားပေး အဆင့်(၁) သတ်မှတ်ထားပါ၍ သတ်မှတ်ချက် ပြည့်ဝရေး အလေးပေးရပါဦးမည်။

 

၃၁-၁၂-၂၀၁၉ အထိ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ် အရေးယူမှု

 

ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ် အရေးယူမှုခင်း အခြေအနေမှာ ကျင့်ဝတ်ဆိုင်ရာ ၃၁ မှု၊ တရားစီရင်ရေးဆိုင်ရာ နှစ်မှု၊ စီမံခန့်ခွဲရေးဆိုင်ရာ ခုနစ်မှု၊ သတင်းစာဆိုင်ရာ ၂၁ မှုကို သတိပေးခြင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ရာထူးတိုး လျှော့/ နှစ်တိုးရပ် စသည့် အမှုပေါင်း ၆၆ မှုရှိသည်။ အမှုထမ်းအတွက် စုစုပေါင်း ၅၆မှု ရှိသည်။

 

အမှုပြီးပြတ်မှုနှုန်း

 

၂၀၁၉ ခုနှစ်အတွက် ရာဇဝတ်မှု ပြီးပြတ်နှုန်း လျာထားချက် (၁၀၀ ရာခိုင်နှုန်း)၊ တရားမမှု ပြီးပြတ်နှုန်း လျာထား ချက် (၁၀၀ ရာခိုင်နှုန်း)၊ စုစုပေါင်း ပြီးပြတ်နှုန်း (၉၈ ရာခိုင် နှုန်းနှင့် ၉၉ ဒသမ ၅၇ ရာခိုင်နှုန်း) ဖြစ်ကြောင်း ဖော်ပြသည်။ (အစီရင်ခံစာ -စာ-၉၂)

 

ကျေနပ်မှုမှတ်တမ်း

 

တရားရုံးအသုံးပြုသူများ၏ ကျေနပ်မှုစစ်တမ်းတွင် ရလဒ်များမှာ (ပြောရမည်ဆိုလျှင် တရားရုံး၏ ဆောင်ရွက် မှုများသည် ထိရောက်မှုရှိသည်ဟု ထင်ပါသည်) ဟု ၂၀၁၉ အတွက် အခြေခံစည်းမျဉ်း ၆၉ ရာခိုင်နှုန်းနှင့် ရလဒ် ၇၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိလေ့လာရပါသည်။

 

တရားသူကြီးချုပ်၏ ဥယေျာဇဉ်

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက “ယခုတရားရုံး နှစ်စဉ်အစီရင်ခံစာကို ဖတ်ရှုခြင်းဖြင့် အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ ဦးတည် လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတရား စီရင်ရေးမဏ္ဍိုင်၏ ကြိုးပမ်းအားထုတ်မှုများကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ နားလည်သဘောပေါက် လက်ခံလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း”  ဥယျာဇဉ် ရေးသားထားပေသည်။

 

နိဂုံး

 

တစ်ဦးကောင်း တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရသော ပြစ်တင်ဝေဖန်နေရုံမျှဖြင့် မပြီးဆုံးနိုင်သော တရားစီရင်ရေး ယန္တရားကြီးအတွက် အဘက်ဘက်က ဝိုင်း၍ ကူကြ ထမ်းကြ ပိုးကြရမည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာက ညွှန်ပြနေပါကြောင်း လက်လှမ်းမီသမျှ တင်ပြ အစီရင်ခံပါရစေ ...။ ။