ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

လက်ပွေ့အိတ်ကိုယူသည်။ ကားတံခါးဖွင့်သည်။ ကားပေါ်မှဆင်းသည်။ ဤသည်တို့ကို သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်နှယ် ပြုလုပ်သည်။ နောက်တော့ ရွှံ့ညွန်ဗွက်အိုင် ထူထပ်လှသောလမ်းအတိုင်း လျှောက်လာခဲ့သည်။

 

မိုးစက်မိုးပေါက်တို့ ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ဆံပင်မှအစ တစ်ကိုယ်လုံးကို စွတ်စိုစေသည်။ မျက်နှာလို အဝတ်မဲ့အသားကို လာရောက်ရိုက်ခတ် လိုက်သောအခါ စပ်ဖျဉ်းဖျဉ်းခံစားရသည်။

 

လျှပ်စစ်မီးတို့ ပျက်ခဲ့ဟန်တူသည်။ မှောင်မိုက်ခြင်းသည် တစ်လောကလုံးကို လွှမ်းခြုံထားသည့်နှယ် ဖြစ်သည်။ လျှပ်စီးလင်းပြက်ခြင်းကို အားကိုးအားထားပြုလျက် လမ်းစရှာရသည်။ လျှပ်စီးလင်း ပြက်လိုက်ချိန်တွင် နေ့လယ်ခင်းတမျှ လင်းလင်း ထင်းထင်း ရှိသွားတတ်သည်။

 

သည်တစ်ကြိမ်တွင် ဗွက်အိုင်များကို မရှောင်ကွင်းမိ။ ရေအိုင်တို့အတွင်းမှလည်း ဖြတ်သန်း၍လာသည်။ ရောက်ချင်စိတ်သာ စောတော့သည်။

 

သို့နှင့်ပင် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နေ့လယ်က အမှတ်မထင်မြင်ခဲ့ရသော်လည်း ယခုတိုင် မှတ်မိနေသေးသောအိမ်၊ ကိုမောင်မောင်ဦးရှိနေသော အိမ်ပေါက်ဝ၌ ရပ်မိလေ၏။

 

အိမ်မှာ တံခါးပိတ်ထားခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် အိမ်ထဲမှာ မီးလင်းနေသည်။ မီးရောင်သည် အင်အားကြီးမားခြင်း မရှိလှ။ ဖယောင်းတိုင် သို့မဟုတ် မှန်အိမ်မီးဖြစ်ပုံရသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မမြင့်မားလှသည့် လှေကားမှတက်လာသည်။ အိမ်တံခါးကို ခေါက်လိုက်သည်။

 

“ဘယ်သူလဲဟင်”

 

အတွင်းမှ မေးသံကြားရသည်။ ယောက်ျားတစ်ယောက်၏အသံ။ ကိုမောင်မောင်ဦး၏အသံ။ သည်အသံကို မှတ်မိသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး အဖြေမပေး။

 

“မတင်ရွှေလား၊ ခင်သန်းနွဲ့လား”

 

ထပ်မေးသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး ငြိမ်သက်နေသည်။ တိတ်ဆိတ်နေသည်။

 

အတွင်းမှ စိတ်မသိုးမသန့် ဖြစ်လာရဟန်တူသည်။

 

“ဘယ်သူလဲလို့ မေးနေတာမကြားဘူးလား”

 

သည်တော့မှ ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ အသံ ထွက်လာသည်။

 

“တံခါးဖွင့်ပေးစမ်းပါ ကိုမောင်မောင်ဦး”

 

“ဘယ်သူလဲဆိုတာ အရင်ပြောလေ”

 

“ကျွန်မပါ။ ရေနံ့သာခင်ခင်ကြီးပါ”

 

အတွင်းမှ လှုပ်ရှားသံကြားရသည်။ တံခါးမင်းတုပ် ဖြုတ်သံပေါ်လာသည်။ မကြာမီ တံခါးနှစ်ချပ် ရင်ကြားစေ့ရာမှ ဟသွားသည်။ အလင်းရောင် ပေါ်လာသည်။ ရှေ့မှပေါ်လာသော ကိုမောင်မောင်ဦး၏ အသွင်သဏ္ဌာန်ကို မြင်ရသည်။

 

မီးရောင်ကို ကျောပေးထားသောကြောင့် မျက်နှာ ကိုမမြင်သာ။ သို့ရာတွင် မိမိအားမြင်တွေ့လိုက် ရသည့်အတွက် ကြက်သေသေသလိုဖြစ်နေကြောင်း သတိပြုမိသည်။ သူသည် အတော်ချည်းကြာအောင် စူးစိုက်ကြည့်နေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး အိမ်အတွင်းဝင်လိုက်သည်။ အိမ်ထဲတွင် မှန်အိမ်မီးရောင်ရှိသည်။ စားပွဲပေါ်တွင် အရက်ပုလင်းနှင့် ဖန်ခွက်ကို တွေ့ရသည်။ သူတစ်ပါးတွေ စိတ်ကယောက်ကယက်ဖြစ်နေချိန်တွင် သူ့မှာ အရက်သောက်နိုင်ဆဲပါကလား တွေးမိကာ နာကြည်းခြင်းကို ပိုမိုခံစားရသည်သို့ရှိသည်။

 

ကိုမောင်မောင်ဦးသည် ဒေါ်ရေနံ့သာခင်ခင်ကြီးဘက်သို့ လှည့်လိုက်သည်။ တံခါးကိုကျောဖြင့် ပိတ်လိုက်သည်။ အိမ်ထဲတွင် သူတစ်ယောက်တည်း ရှိဟန်တူသည်။ ထိုအတွက် ဒေါ်ရေနံ့သာခင်ခင်ကြီး ကျေနပ်မိသည်။

 

ယခုအခါ သူသည် မီးရောင်ကို ကျောပေးထားသည်။ ကိုမောင်မောင်ဦးသည် မီးရောင်ဘက်သို့ မျက်နှာမူထားသည်။ သူ၏မျက်နှာကို မြင်သာလာပေပြီ။

 

“ဒီအချိန်မှာ သိကြားမင်း လူ့ပြည်ဆင်းလာတယ်ဆိုရင် ယုံနိုင်စရာရှိသေးတယ်။ ခင်ခင်ကြီး ဒီအိမ် ရောက်လာရတယ်ဆိုတာကတော့ တကယ့်ကို မယုံနိုင်စရာဘဲ”

 

သူသည် အမှောင်ရိပ်ထိုးကာ မမြင်သာသည့် မျက်နှာကိုပင် စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကိုမောင်မောင်ဦး၏ မျက်နှာကိုပင် စူးစိုက်ကြည့်နေသည်။ မမှိတ်မသုန် ကြည့်နေသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ အသေအချာ မမြင်သာခဲ့သည့် မျက်နှာ၊ မတွေ့သာခဲ့သည့် မျက်နှာကို အလွတ်ကျက်မှတ်နေသလို စူးစိုက် ကြည့်နေမိခြင်းဖြစ်သည်။

 

ယခင်ကတော့ သည်မျက်နှာကိုပင် ညလယ် အိပ်မက်အဖြစ် မြင်မက်ခဲ့ရဖူးသည်။ မျက်ဝန်းသူငယ်အိမ်၌ ကြာမြင့်စွာစွဲထင်ကာ နှလုံးသား၏ နက်ရှိုင်းသောအပိုင်းမှ စွဲလမ်းခဲ့ရဖူးသည်။ သည်မျက်နှာကို မြင်ရဖို့အတွက် လပြည့်ဝန်းကို မျှော်သလို မျှော်ခဲ့ရသည်။ မြင်ခွင့်မသာလျှင် ကြေကွဲ ခဲ့ရဖူးသည်။ မြင်ခွင့်သာလျှင် ကြည်နူးခဲ့ရဖူးသည်။

 

ယခုတော့လည်း သည်မျက်နှာသည် အမုန်းကို အထပ်ထပ်ပွားစေနိုင်သည်မှလွဲ၍ အခြားသော အဓိပ္ပာယ်တစ်စုံတစ်ရာကို ဆောင်ယူထားခြင်း မရှိ လေတော့။

 

ယခင်က သူ့နှုတ်မှ ထွက်ပေါ်လာခဲ့သော စကား သံတို့သည် သာယာချိုအေးသော တေးတစ်ပုဒ်နှယ် ဖြစ်သည်။ စမ်းရေစီးသံနှယ် ဖြစ်သည်။ ကြားရလျှင် စိတ်ဝမ်းအေးချမ်းသည်ဟု ထင်သည်။ ထနောင်းပင် အထက်မှ ကူချွဲတတ်လေသော ချိုးကူသံနှယ်သည် အသံကို တောင့်တခဲ့ရသည်။ စောင့်မျှော်ခဲ့ရသည်။

 

ယခုမူ သူ့နှုတ်မှထွက်လာအံ့သောစကားတို့သည် မာယာဖြင့်ပြည့်နှက်သော၊ မုသားဖြင့်ပြွမ်းသော ဖြားယောင်းခြင်းသဘောကိုသာလျှင် ဆောင်ယူလာလေမည်။ သူ့အသံကို ကြားရမည်မှာ အဆိပ်ပါသော လေကို ရှူရှိုက်ရသည်သို့ ဖြစ်မည်ဟုထင်သည်။

 

သည်မျက်နှာ သည်အသံတို့ကြောင့်ပင် မိမိ၏ဘဝ နစ်မွန်းခဲ့ရသည်။ အသက်ရှင်လျက် လူသေတစ် ယောက်လို ဖြစ်ခဲ့ရသည်ဟု တွေးသည်။ သည်အရာများကို မုန်းတီးစိတ် ပိုမိုဝင်လာသည်။

 

“ဆိုစမ်းပါဦး မင်းကိုယ့်ဆီရောက်လာတာ၊ မိုးပေါ် ကကျလာသလို ဘွားခနဲပေါ်လာတာ အကြောင်းရှိလို့ မဟုတ်လားဟင်”

 

ကြိုတင်မျှော်လင့်ခဲ့သည့်အတိုင်း သူ၏အသံသည် နားထဲသို့ ခါးသီးစွာ ဝင်လာသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး ဘာမျှပြန်မပြောမိ။

 

“နေစမ်းပါဦး။ တစ်ညလုံး ဒီလိုပဲ စိုက်ကြည့်နေတော့မှာလား။ ဘာမှမပြောတော့ဘူးလား။ ဖြစ်နိုင် မယ်ဆိုရင် ကုလားထိုင်မှာ ထိုင်ပါဦးလားဟင်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး မလှုပ်။

 

ကိုမောင်မောင်ဦးသည် စိတ်မရှည်နိုင်တော့သလို ရှေ့သို့တိုးလာသည်။ အကယ်၍ ယင်းအချိန်၌ ဒေါ်ရေနံ့သာခင်ခင်ကြီးကသာ “ရှင် ကျွန်မအနားကို မလာနဲ့” ဆိုလေလျှင် သူ့ထုံစံအတိုင်း ပခုံးစသည် တို့ကို ဆုပ်ကိုင်လာမည်။ ဖျစ်ညှစ်လာမည်။ လှုပ်ယမ်းရင်း အတင်းစကားပြောခိုင်းလာမည် အမှန်ပင်။

 

ကိုမောင်မောင်ဦး ခြေလှမ်းတုံ့သွားသည်။ ရပ်လက်စနေရာမှာပင် ရပ်နေလိုက်သည်။ ယင်းအချိန်၌ ဒေါ်ရေနံ့သာခင်ခင်ကြီး လက်ကိုင်အိတ်အတွင်း လက်ရောက်သွားခဲ့သည်။ အေးစက်မာ ကျောသော သေနတ်၏ အထိအတွေ့သည် သူ၏ လက်ချောင်းကလေးများကို ဆီးကြိုနှုတ်ဆက် လိုက်လေသည်။

 

“ပြောစမ်းပါဦး။ ဒီအချိန်မှာ မင်း ဒီကိုဘာလာလုပ် တာလဲ။ ဘာဖြစ်လို့ လာခဲ့ရတာလဲ”

 

သည်အမေးကိုလည်း မဖြေ။

 

“ကဲ၊ မင်းမပြောရင် ကိုယ်ပြောမယ်။ မင်း နန်းကိန္နရီကြောင့် ဒီကိုလာတာမဟုတ်လား။ သူ့အကြောင်းတွေ သိချင်လို့မဟုတ်လား။ ဟားဟား တစ်နေ့ ဒီလိုပဲဖြစ်လာရမှာပေါ့လေ။ ကိုယ်တို့အဖြစ် တွေက မရှင်းခဲ့ဘူး မဟုတ်လား။ ရှုပ်ခဲ့၊ ထွေးခဲ့တယ် မဟုတ်လား။ ကဲ ဆိုစမ်းပါဦးကွယ်။ နန်းကိန္နရီအကြောင်း မင်းဘာသိချင်သလဲ”

 

ကိုမောင်မောင်ဦးမှာ သူ့အတွေးနှင်သူ ကျေနပ်နေပုံရသည်။ သူ့စိတ်ကူးနှင့်သူ ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား နိုင်ပေါက်ကိုင်ပြီဟု ထင်ပုံရသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးက

 

“ကျွန်မ ရှင့်ဆီက ဘာမှမသိချင်ဘူး”

 

ပြတ်ပြတ်တောက်တောက်ကြီး ဆိုသံကြား ရသောအခါ သူ အတွေးရကျပ်သွားပုံပေါ်သည်။

 

“မင်းမသိချင်ပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာပြီမို့ ကိုယ်ကတော့ ပြောရဦးမယ်” ဆိုသည်။

 

“ရှင့်စကားတွေ ကျွန်မ မကြားချင်ပါဘူး။ ကျွန်မ မှာ စောင့်နားထောင်နေဖို့လည်း အချိန်မရဘူး”

 

ဒေါ်ရေနံ့သာ ခင်ခင်ကြီး တည်ကြည်ငြိမ်သက် သောအသံဖြင့်ဆိုသည်။ တစ်ဆက်တည်းပြောသည်။

 

“ကျွန်မရှင့်ဆီကိုရောက်လာတာ အကြောင်းနှစ်ခု ရှိတယ် ကိုမောင်မောင်ဦး”

 

ကိုမောင်မောင်ဦးသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ စကားများကို အာရုံဝင်စားမိသည့်ဟန်ရှိသည်။ စောင့်၍နားထောင်သည်။

 

“ပထမအကြောင်းက နန်းကိန္နရီရဲ့ အကြောင်းပြောဖို့ပဲ။ ဒုတိယအကြောင်းကတော့ ရှင်နဲ့ ကျွန်မတို့ စာရင်းရှင်းကြဖို့ပဲ။ နန်းကိန္နရီရဲ့အကြောင်းကိုပြောရရင် သူဟာ အသက်နဲ့ကိုယ်အတူတွဲပြီး မရှိတော့ဘူး။ သူ ဆုံးရှာပြီ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏စကားသည် ကိုမောင်မောင်ဦးအား အစွမ်းကုန် တုန်လှုပ်သွားစေသည်။ ချောက်ချားသွားစေသည်။

 

“ဘာ၊ နန်းကိန္နရီ ဘာဖြစ်တယ်” ဟု သိပြီးသား ဖြစ်ပါလျက် မယုံနိုင်သလို ထပ်မေးသည်။

 

“နန်းကိန္နရီဆုံးရှာပြီ။ ဒီကအပြန်မှာပေါ့။ ရှင့်ဆီ ကအပြန်မှာပေါ့။ ကားနဲ့သစ်ပင်နဲ့ ဝင်တိုက်မိတာ။ ကျွန်မစိတ်အထင် တစ်ခါတည်းပွဲချင်းပြီးပဲ”

 

ကိုမောင်မောင်ဦး၏မျက်နှာသည် ဖြူဖျော့သွားသည်။ သွေးရောင် ပျောက်ကွယ်သွားသလိုဖြစ်သည်။

 

“အို ဖြစ်မှဖြစ်ရလေ” သူသည် စိတ်မချမ်းမြေ့စွာ ညည်းညူလိုက်သည်။ “တကယ်လားဟင်၊ ဒါက တကယ်ပဲလား” မေးလာခဲ့သေးသည်။

 

“လောကမှာ ရှင်ကလွဲလို့ တခြားလူတွေ အားလုံး စကားကို မှန်မှန်ပြောတတ်ကြပါတယ် ကိုမောင်မောင်ဦး”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကိုမောင်မောင်ဦး အား ရွံ့ရှာစက်ဆုပ်သလို ကြည့်နေသည်။

 

“ဒီကိစ္စမှာ ရှင့်ပယောဂ အများကြီးပါတယ်။ ရှင့်ကြောင့် သူ ဒီလိုဖြစ်ရရှာတာ။ ရှင့်ကြောင့် သူ အသေဆိုးနဲ့သေရရှာတာ”

 

ဆက်လက်ဖော်ပြပါမည်။