ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ သဟဇာတဖြစ်ရေးအတွက် ပြည်သူများနှင့်ပူးပေါင်း၍ လက်တွေ့ကျကျ ဆောင်ရွက်ခြင်းဖြစ်

၁၂ နိုဝင်ဘာ

 

နိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတွက် လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုများ၊ အသင့်ဖြစ်နေမှုအခြေအနေများ သိရှိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများ၏ ပြန်လည် ရှင်းလင်းဖြေကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည့်နေရပ်စွန့်ခွာ ၂၂၆၀ သည် အမှန်တကယ် ပြန်လာ/မလာ၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံဖို့အဆင်သင့် ဖြစ်/ မဖြစ်နှင့် ကျေးရွာအိမ်ခြေ မည်မျှစီစဉ်ထားသလဲ မေးခွန်းနှင့်စပ်လျဉ်း၍လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ နောက်ဆုံးဘင်္ဂလားဒေ့ရှ်တွင် သွား၍ အစည်းအဝေးလုပ်စဉ်မှာပင် နိုဝင်ဘာလလယ်တွင် စမည်ဟု ပြောခဲ့ပါကြောင်း၊ လူဦးရေ မည်မျှပို့မည်ဆိုသည့် စာရင်းဇယားလည်း ရှိပါကြောင်း၊ မည်သည့်ရွာများတွင် ရှိသည်ဆိုသည့် စာရင်းဇယားအရ စိစစ်ပြီး ရွာများကိုလည်း သိရပြီဖြစ်ပါကြောင်း၊ လွှတ်မည်/မလွှတ်ဘူး ဆိုသည်မှာ ၎င်းတို့အပေါ် မူတည်ပါကြောင်း၊ မိမိတို့ဘက်က အဆင်သင့်လုပ်ထားပါကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် ကိစ္စများ၊ တာဝန် ဝတ္တရားများကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။

 

 

အကောင်းဆုံးအခြေအနေကို ဆောင်ရွက်ထား

 

ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများ၊ ကြိုတင်ပြင်ဆင်ရမည့်ကိစ္စများကို ကိုဖီအာနန်ကော်မရှင်အကြံပြုချက်များအတိုင်း ဆောင်ရွက်နေပါကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး အကောင်းဆုံး အခြေအနေကို ဆောင်ရွက်ထားပါကြောင်း၊ ပြန်လည်နေရာချထားမည့် ကျေးရွာ ၄၂ နေရာ ကိုလည်း ပြင်ဆင်ပြီး ဖြစ်ပါကြောင်း။

 

မိမိတို့ ဆောင်ရွက်မှုများသည် ရိုးသားစွာဖြင့်လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ထားခြင်းကြောင့် မိမိတို့၏ လုပ်ဆောင်ချက်သည် ရှင်းပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံနိုင်ငံများ၏ ပူးပေါင်း ကူညီမှုရရှိပါကြောင်း၊ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ်းလှမ်းမှုများကိုလည်း လက်ခံဆောင်ရွက်နေပါကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များကို နိုင်ငံတကာက ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာပါကြောင်း၊ ယင်းသည် အောင်မြင်မှု ခြေလှမ်းများ စတင်သည်ဟု ပြော၍ရပါကြောင်း ဖြေကြားသည်။

 

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထဲရေးဝန်ကြီးနှင့် ရန်ကုန်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ ထိုစဉ်က ၎င်းတို့ဘက်မှ ၈၀၃၂ ဦး စာရင်းပေးခဲ့ပါကြောင်း၊၎င်းတို့အထဲမှ လူ ၅၀ဝ၀ ကို စိစစ်ပြီးဖြစ်ပါကြောင်း၊ယင်းတို့ထဲမှ ၂၂၆၀ ကို ပထမအသုတ်အနေဖြင့် နိုဝင်ဘာလတွင် ငါးခူရရေလမ်းမှ စတင်ခေါ်ယူမညဖစ်ပါကြောင်း၊ ဒုတိယအသုတ် ၂၀၉၅ ဦးကိုတောင်ပြိုလက်ဝဲ ကုန်းလမ်းမှ ခေါ်ယူမည်ဖြစ်ပါကြောင်း၊ တစ်ဖက်နိုင်ငံနှင့် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ကော့ဘဇားတွင် ရုံးစိုက်သည့် refugee commissioner ခေါင်းဆောင်သည့် special third force ကို ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဖွဲ့ထားပြီးဖြစ်ပါကြောင်း၊ အဖွဲ့ဝင် ကိုးဦးရှိပါကြောင်း၊၎င်းတို့နှင့် မိမိတို့ စခန်းတာဝန်ခံ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

လုံခြုံရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ တစ်ဖက်တွင် လှုပ်ရှားနေသည်မှာ ဟုတ်/ မဟုတ် သိရှိလိုကြောင်း ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်သူက ၎င်းကိစ္စနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် သတင်းရရှိမှု မရှိပါကြောင်း၊ရှိသည်ဟုလည်း မကြားမိပါကြောင်း ဖြေကြားသည်။

 

UNDP/UNHCR တို့အနေဖြင့် ယခုကိစ္စတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရှိ/မရှိ နှင့် UN အပါအဝင် နိုင်ငံတကာမှ မေးခွန်းထုတ်နေမှုများနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မိမိတို့နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ပြဿနာဖြစ်ခြင်းကြောင့် နှစ်နိုင်ငံ ဆွေးနွေးပြီး သဘောတူညီမှုရကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပိုပြီးလျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန် UNDP/UNHCR နှင့် လူဝင်မှု ကြီးကြပ်ရေး သုံးပွင့်ဆိုင် MoU ထိုးပါကြောင်း၊ပါဝင်ဆောင်ရွက်နေသည်များလည်း ရှိပါကြောင်း၊နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ဆိုပြီး ဖော်ဆောင်နေပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ ပါဝင်နေပြီဟု ပြောလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယခင်အသက်မွေးဝမ်းကျောင်းမှုပုံစံ လုပ်ကိုင်နိုင် ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နံပါတ်တစ်အချက်အနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဖွဲ့ ပြီး လုပ်ဆောင်ပါကြောင်း၊ နေရာ ၄၂ နေရာရွေးချယ်ပြီး ပြန်လည်ဝင်ရောက်လာပါက နေရာချထားမည်ဆိုသည့် ရည်ရွယ်ချက်နှင့် နေအိမ်များ ဆောက်လုပ်ပါကြောင်း၊ သင့်တော်သည့် လုံခြုံရေးပိုင်းနှင့် သင့်တော်သလောက် ဆောက်ထားပါကြောင်း၊ ပြန်လာမည့်သူ ၂၂၆၀ အတွက် တူရာတူရာစုပြီး တူရာတူရာကျေးရွာများတွင် ချထား ပေးမည်ဖြစ်ပါကြောင်း၊ ယင်းနောက် ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီး၊ ကလေးသူငယ်များအတွက် စောင့်ရှောက်မှု တစ်ခါတည်းပါဝင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ အဆင်သင့်ဖြစ်ပါ ကြောင်း၊ ၎င်းတို့အတွက် ယခင်ကလုပ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းမှုပုံစံကို ပြန်လည်လုပ်ကိုင်နိုင်ရန်လည်း စီစဉ်ထားပါကြောင်း။

 

ယင်းကိစ္စကို မဖြစ်မြောက်စေချင်သည့် သူများလည်း ရှိပါကြောင်း၊ အဆင်သင့် မဖြစ်သေးသည့်အတွက် ပြန်မပို့သင့်ဘူးဟု ပြောနေသည်များ ရှိပါကြောင်း၊ သို့သော်လည်း နှစ်နိုင်ငံသဘောတူညီ စာချုပ်အတိုင်း ဆောင်ရွက်နေပါကြောင်း၊ အချိန်မရွေး လက်ခံနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောထားပါကြောင်း၊ ဝင်ရောက်လာသည့်အချိန်တွင် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန် ဆင့်ကဲဆင့်ကဲလုပ်ဆောင်နေပြီး မြန်မာနိုင်ငံအစိုးရ အနေဖြင့် အဆင်သင့်ဖြစ်အောင် ကြိုးပမ်းထားပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပြန်လည်ဝင်ရောက်လာမည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံများကို တိုင်ပင်မှု မရှိခြင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများမှ ကန့်ကွက်ခြင်းနှင့် ပြန်လည်ဝင်ရောက်သူများတွင် အကြမ်းဖက်သမားများ ပါဝင်လာပါက မည်သို့ ဆောင်ရွက်မလဲ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယခု ဆောင်ရွက်သည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများတွင် ကော်မတီများဖွဲ့၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြည်နယ်လုံးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကိုဖီအာနန်၏ အကြံပြုချက်များကို အကောင်အထည်ဖော်သည့် နေရာတွင်လည်း တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြန်လည် လက်ခံရေးအပိုင်းတွင် တစ်ပြည်နယ်လုံးနှင့် ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်တိုင်းတွင် ကော်မတီဖြင့် ဆောင်ရွက်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပါကြောင်း။

 

နံပါတ်နှစ်အနေဖြင့် မိမိတို့ဆောင်ရွက်မှုတိုင်းကို ရခိုင်ပြည်နယ်တွင် ရှင်းလင်းတင်ပြမှုများ အကြိမ်ကြိမ်လုပ်ပါကြောင်း၊ မိမိကိုယ်တိုင် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ လုံခြုံရေး၊ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး မိမိတို့ ဆောင်ရွက်နေသည်များကို ရှင်းလင်းပါကြောင်း၊ အကြံဉာဏ်များလည်း ယူပါကြောင်း၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ သဟဇာတဖြစ်ရေးအတွက် ပြည်သူများနှင့် ပူးပေါင်း၍ လက်တွေ့ကျကျ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် လတ်တလော အချက်အလက်များအရ လူသုံးထောင်ခန့်ရှိပါကြောင်း၊ ၎င်းတို့နှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် ဩဂုတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ လာသည့်အချိန်တွင် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပါကြောင်း၊ လတ်တလောတွင် ICRC နှင့် ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီပေးရန် စတင်ဆွေးနွေးနေပါကြောင်း၊ စက်တင်ဘာလအတွင်း ICRC ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများထံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီဇင်ဘာလအတွင်း ထပ်မံသွားရောက်မည် ဖြစ်ပါကြောင်း၊ မိမိတို့ Physical Arrangement ထဲတွင်လည်း နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများကို ဦးစားပေးပြီး ပြန်ပို့ရန် ဖော်ပြထားပါကြောင်း၊ တစ်ချိန်တည်းမှာပင် လူသားချင်းစာနာမှု အကူအညီပေးရန် ICRC နှင့် မိမိတို့ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။

 

အကြမ်းဖက်သမားများကိစ္စနှင့် ပတ်သက်၍ အကြမ်းဖက်သမားများစာရင်းကိုလည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ပါကြောင်း၊ လတ်တလော အနေအထားတွင် ပြည်ထဲရေးဝန်ကြီးဌာန အချင်းချင်းလည်း ယခုကိစ္စကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်သူက အကြမ်းဖက်သမား ၆၅ ဦး ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊၎င်းတို့နှင့်ပတ်သက်၍ စိစစ်ရန်အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့ ၊ မှုခင်းတပ်ဖွဲ့ ၊ ပြည်နယ်ရဲတပ်ဖွဲ့တို့ကို တာဝန်ချထားပြီး ဖြစ်ပါကြောင်း၊ ရောက်ရှိလာပါကလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အသေးစိတ်ရှင်းပြခွင့်ရ

 

ပြန်လည် ဝင်ရောက်လာမည့်သူများအား လက်ခံရန် မည်မျှကြာမလဲ၊ ပြန်လည်ဝင်ရောက် လာနိုင်ရေးအတွက် ပြင်ဆင်ထားသည့် ကိစ္စရပ်များကို တစ်ဖက်မှ မည်မျှအထိ သိရှိထားသလဲဆိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက မိမိကိုယ်တိုင် တစ်ဖက်နိုင်ငံသို့ သွားရောက်ခဲ့ရာတွင် အဓိကကျေးရွာ အုပ်စု ကိုယ်စားလှယ်များနှင့် တွေ့ခဲ့ရပါကြောင်း၊ ထို့အပြင် ကြားစခန်း၌ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ဗီနိုင်း စာရွက်များဖြင့် အသေးစိတ် ရှင်းပြခွင့်ရခဲ့ပါကြောင်း၊ အဓိကပေးချင်သည့်အရာမှာ ၎င်းတို့ ဘာသာစကားနှင့် ရေးထားသည့် အကြောင်းအရာ ဖြစ်ပါကြောင်း၊ ၎င်းတို့ နားလည်နိုင်မည့် အထောက်အထားအနေဖြင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

 

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လူဦးရေ ၂၂၆၀ ကို တစ်ရက်လျှင် ၁၅၀ နှုန်း လက်ခံမည်ဖြစ်ပါကြောင်း၊ အကြမ်းဖျင်း တွက်ပါက ၁၅ ရက် ကျော်ကြာမည်ဖြစ်ပါကြောင်း၊ စိုးရိမ်မှုများ လျော့ကျရန် နိုင်ငံတကာပါဝင်မှုသည် အရေးကြီးပါကြောင်း၊ UNDP UNHCR လဝက နှင့် MoU ထိုးထားပါကြောင်း၊ သင့်တော်သည့် အချိန်တွင် ၎င်းတို့ဝင်လာမည်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ဝေဖန်မှုများ လျော့ကျမည်ဟု ခန့်မှန်းပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် သူများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကမိမိတို့ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများသည် ကူတူပါလောင်စခန်းသို့ ရောက်ရှိသွားချိန်တွင် မိမိတို့နှင့် တွေ့ဆုံ ရန် ယင်းစခန်းတွင် ရှိနေသူများက အားတက်သရော လိုလားမှုကို ပြသခဲ့ကြောင်း၊ ဟိန္ဒူအသိုက်အဝန်းနှင့် မိမိတို့တွေ့ဆုံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းတွင် လက်ရှိနေထိုင်လျက် ရှိကြသော ဟိန္ဒူဘာသာဝင် ၄၃၈ ဦးရှိကြောင်း၊၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လာရန် အလွန် စိတ်အားထက်သန်မှုကို ပြသခဲ့ကြောင်း၊ ယင်းစခန်းတွင် ရှိနေသူများက ၎င်းတို့ နေထိုင်စားသောက်ရပုံ၊ ပညာရေး၊ ကျန်းမာရေး စသည့် အကြောင်းကိစ္စရပ်များကို ပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံသို့ ပြန်လာရန်လွန်စွာပင် ဆန္ဒရှိနေကြကြောင်း၊ မိမိတို့နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံ သဘောတူညီချက်အရ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဆန္ဒနှင့်အညီ ပြန်လာနိုင်စေရေးအတွက် ကူညီမည်ဖြစ်ကြောင်း၊ မိမိတို့ကလည်း ၎င်းတို့ ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်လာခြင်းကို လက်ခံကြိုဆိုမည် ဖြစ်ကြောင်း၊UNDP နှင့်UNHRC တို့သည် ဌာနေသို့ ပြန်လည်ဝင်ရောက်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ပေါင်းစည်းရေး အဆင့်သုံးဆင့်တွင် ပါဝင်ကူညီကြလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

 

 

စဉ်ဆက်မပြတ်ဆောင်ရွက်တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်မည့် သူများအား နေ့စဉ် လက်ခံနိုင်မည့်အခြေအနေနှင့် စုစုပေါင်း ကြာမြင့်မည့်အချိန်ကာလနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တစ်ရက်လျှင် လူ ၁၅၀ ဖြင့် ၁၄/၁၅ ရက်ခန့် ကြာမြင့်မည်ဖြစ်ပါကြောင်း၊ ဆက်လက်လက်ခံရေး အတွက် အင်အားစာရင်း ၂၀ဝဝဝ ကျော်အား ဆက်လက်ပေးပို့ထားပါကြောင်း၊ ယခုလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

NVC ကတ်ကိုင်ဆောင်ထားသူသည် မည်သည့်နေရာအထိ သွား၍ရမလဲ၊ နိုင်ငံသားကတ် မီးလောင်သွားပါက မည်သို့ဆောင်ရွက်ပေးမလဲ စသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဌေးလှိုင်က နိုင်ငံသားဖြစ်ပြီးသားသူများ အိမ်မီးလောင်သွားပါက ၎င်းတို့အတွက် မိမိတို့ထံတွင် မှတ်တမ်းများရှိပါကြောင်း၊ နိုင်ငံသားဖြစ်ပြီးသူများ နိုင်ငံသားဆုံးရှုံးသည်မှာ မရှိပါကြောင်း၊ နိုင်ငံသားဖြစ်ပြီးကြောင်း မှတ်တမ်းအထောက်အထားများ ခိုင်လုံသူကို နိုင်ငံသား ဆက်လက်ပေး သွားမည် ဖြစ်ပါကြောင်း၊NVC ကတ်ကိုင်ဆောင်သည့် အပိုင်းတွင် NVC  ကတ်မှာ မြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိပါကြောင်း၊ မြို့နယ်ကျော်၊ ခရိုင်ကျော်၊ ပြည်နယ်ကျော် သွားမည်ဆိုပါက သတ်မှတ်ပုံစံ လျှောက်ထားပြီး သွားရမည်ဖြစ်ပါကြောင်း၊ NVC  ကတ်တွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းမပါပါကြောင်း၊ ထည့်သွင်း ဖော်ပြရန်လည်း မလိုအပ်ပါကြောင်း ဖြေကြားသည်။

 

တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် သူများအား နိုင်ငံသားပေးနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မိမိတို့ အနေဖြင့် နိုင်ငံသားဥပဒေနှင့်အညီ ပေးမည်ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေနှင့်အညီ ပေးမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မူလက ကြာမြင့်သော်လည်း ယခုမြန်ဆန်အောင် စီမံဆောင်ရွက်ထားပါကြောင်း၊ ဥပမာအားဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ကော်မတီများမှ ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့်တွင် ဝန်ကြီးများ  Board ထိုင်ရပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အဆင့်ဆင့် မြန်ဆန်အောင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊NVC ကတ် ရရှိသူများကိုလည်း NVC အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

 

 

သတင်းရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်သည်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ စီမံပြီး မီဒီယာများအား သတင်းပေးမည်ဖြစ်ပါကြောင်း၊ မည်သို့စိစစ်၍ မည်သို့ လက်ခံသည်ဆိုသည့် လုပ်ငန်းစဉ်ကို ရရှိနိုင်ရေး အတွက် မိမိတို့ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

 

ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုကို မည်သို့ ညှိနှိုင်းဆောင်ရွက်မလဲ ဆိုသည့်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး လည်း လွှတ်တော်တွင် သုံးကြိမ် ရှင်းလင်းပြီးဖြစ်ပါကြောင်း၊ သွားရောက်သည့် အခါတိုင်းတွင်လည်း လူမှုအဖွဲ့ အစည်းများနှင့် တွေ့ပါကြောင်း၊ ထို့အပြင် နေပြည်တော်တွင်လည်း အောက်ခြေမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပါကြောင်း၊ CSO အဖွဲ့ ခေါင်းဆောင်များကိုလည်း ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့သည်များ ရှိပါကြောင်း၊ ထို့ပြင် ပါတီခေါင်းဆောင်များကိုလည်း မကြာခဏ တွေ့ဆုံ၍ ရှင်းလင်းပြောကြားသည့်အပြင် ဆရာတော်ကြီးများကိုလည်း လျှောက်ထားခြင်းများ ရှိခဲ့ပါကြောင်း၊ နိုင်ငံရေးအင်အားစုများကိုလည်း အလွတ်သဘောနှင့် တရားဝင်တွေ့ဆုံပြီး ရှင်းလင်း ပြောကြားခြင်းများ ရှိပါကြောင်း။

 

 

အထူးသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် Diversity Management တွင် နှစ်ဖက်အဖွဲ့အစည်းများ ပါဝင်ပါကြောင်း၊ လုပ်ဆောင်နေသည့် ကိစ္စရပ်များစွာ ရှိပါကြောင်း၊ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများနှင့် မြို၊ သက်၊ခမီ စသည့် အဖွဲ့ခေါင်းဆောင်များကိုလည်း အလွတ်သဘော တွေ့ဆုံပါကြောင်း၊ နေရာချထားခြင်းနှင့် ပတ်သက်၍ ၎င်းတို့အား ဆွေးနွေးပြီး ပွင့်ပွင့်လင်းလင်း ပြောထားပါကြောင်း၊ အထူးသဖြင့် အဆိုပါ ကိစ္စရပ်များအား အဆင်ပြေပြေ ကိုင်တွယ်နိုင်ခြင်းမရှိပါက မည်သို့ဖြစ်နိုင်သည်ကို ရှင်းပြထားပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ညှိနှိုင်းဖြေရှင်းသွားမည်

 

ပြန်လည်ဝင်ရောက်လာမည့်သူများ၏ အရေအတွက်၊ ပြန်လည်နေရာချထားရေးနှင စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မိမိတို့ နှစ်နိုင်ငံအကြား တွေ့ ကြုံရသမျှ ပြဿနာတိုင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူများအကြား ပုံမှန်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းသွားကြမည်သာ ဖြစ်ကြောင်း၊ ပူးတွဲလုပ်ငန်းအဖွဲ့ဟု ခေါ်ဆိုသောအဖွဲ့က ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အောက်ခြေအဆင့်တွင် မိမိတို့ နှစ်နိုင်ငံအကြား လုပ်ငန်းအဆင့်တိုင်းအတွက် ညှိနှိုင်း ဆွေးနွေးမှုများ ရှိကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ များမှာလည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုများ ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ပြဿနာများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းလျက်ရှိကြကြောင်း။

 

နိုင်ငံခြားရေးအတွင်းဝန်အဆင့်တွင် မိမိတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနေပြန်ပို့ရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသမျှ ပြဿနာတိုင်းကို ဌာနနှစ်ခုအကြား သံတမန်ရေးနည်းလမ်းမှတစ်ဆင့် ဖြေရှင်း သွားမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံသို့ ပြန်လာမည့်ဦးရေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တည်မှီနေကြောင်း၊ ကနဦး စာရင်းအရ လူပေါင်း ၈၀၃၂ ဦး ပြန်လာမည်ဟု သိရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၂၂၆၀ ဦးမှာ ပထမအသုတ်အဖြစ် ပြန်လာမည့်သူများ ဖြစ်ကြကြောင်း။ လောလောဆယ်တွင် ပြန်လာသူများအား ကျေးရွာအုပ်စု ၄၂ ခုတွင် ပြန်လည်နေရာ ချထားပေးရန် စီစဉ်ထားကြောင်း။

 

စာချွန်လွှာ လက်မှတ်ရေးထိုး မိမိဆန္ဒနှင့်အညီ ပြန်လိုလျှင်ပြန်နိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်နှင့် မိမိအနေဖြင့် စခန်းအထိ သွားရောက်၍ ရှင်းလင်းပြောဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် UNDP UNHCR နှင့်ပါ ပူးပေါင်းလက်တွဲ လုပ်ကိုင်နေပြီး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကြောင်း ဖြေကြားသည်။

 

 

 

ပန်လည်ဝင်ရောက်လာမည့်သူများ၏ အရေအတွက် စာရင်းကွဲလွဲမှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က စာရင်းကွဲလွဲမှုတွင် တစ်ဖက်နိုင်ငံမှ ပေးလာသည့် စာရင်းထဲ၌ အမည်ထပ်နေသည်များ ပါဝင်ပါကြောင်း၊ အမည်ထပ်နေသည်များကို ပြန်လည်စစ်ဆေးရာတွင် ပြည်နယ်အစိုးရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ စိစစ်လိုက်သည့်အတွက် လျော့သွားခြင်း ဖြစ်ပါကြောင်း၊ စုစုပေါင်း ၂၂၅၁ ဦးဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အကြမ်းဖက်သမားများ၏ အမည် စာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးထားပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ အကြမ်းဖက်သမားများကို ဥပဒေအရ လွှဲပြောင်းပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသည် လုပ်ထုံးလုပ်နည်းအသစ် ဖြစ်ပါကြောင်း၊ အကယ်၍ ပြန်လည်ဝင်ရောက်လာသည့် အုပ်စုများတွင် ပါဝင်လာပါက လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဥပဒေအတိုင်း ခွင့်ပြုပေးမည်

 

NVC ကတ်တွင် လူမျိုးအမည်အား မည်ကဲ့သို့ ဖော်ပြမည်ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က NVC ကတ်တွင် ရိုဟင်ဂျာ၊ ဘဂါၤလီဟု ဖော်ပြမည် မဟုတ်ပါကြောင်း၊ နိုင်ငံသား ဆက်လက် လျှောက်ထားရာတွင်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဆိုပြီး သုံးမျိုးရှိပါကြောင်း၊ ယင်းအမျိုးအစားအလိုက် ကိုက်ညီသည့် အထောက်အထားရှိသူကို ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအားလုံးကို စမတ်ကတ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတစ်ဦးကို နံပါတ်တစ်ခုပေးပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းနံပါတ်သည် လူတစ်ဦး၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံအတွက်နှင့် e-government ကို အထောက် အကူပြုသည့် နံပါတ်တစ်ခု ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ကို e-government  အထောက်အကူပြုသည့် စမတ်ကတ်ကို အသုံးပြုပြီး နိုင်ငံသားစနစ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

လူမျိုးအငြင်းပွားစရာမရှိ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းကို၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လူတစ်ယောက်လျှင် One Identity ဖြစ်ပြီး စမတ်ကတ် ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ခေါက်ချိုးမဟုတ်တော့ဘဲ ယင်းတွင် နိုင်ငံသား၊ အမည်၊ မွေးသက္ကရာဇ်နှင့် ၎င်း၏ ID  နံပါတ်ပါမည် ဖြစ်ပါကြောင်း၊ အသေးစိတ်အချက်အလက်များ မပါဝင် တော့သည့်အတွက် လူမျိုးအငြင်းပွားစရာမရှိတော့ ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

 

သတင်းစဉ်