ရေတာရှည်မြို့နယ် ဆွာချောင်းဘေး၊ သဲဖုံး၊ ချောင်းစား၍ ထိခိုက်ပျက်စီး ဆုံးရှုံးမှုအပေါ် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ဆွာ ၂ ဇန်နဝါရီ

 

ရေတာရှည်မြို့နယ် ဆွာမြို့အုပ်ချုပ်ရေးမှုးရုံး၌ ယနေ့နံနက် ၁၀ နာရီက ဆွာချောင်းဘေး၊ သဲဖုံး၊ ချောင်းစား၍ ထိခိုက်ပျက်စီး ဆုံးရှုံးအမှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ မျိုးစေ့ဖိုးထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အရေးပေါ် တုန့်ပြန်မှုစီမံကိန်း (Immediate Response Mechanism-IRM) အစီအစဉ်မှ ဓာတ်မြေသြဇာ ထောက်ပံ့ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးလှမြင့်က ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်ထံသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဦးသိန်းဌေးအောင်က မျိုးစေ့ဖိုးထောက်ပံ့ငွေကျပ် (၅၉.၉၃၆၇၉)သန်း အား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုးဦးလှမြင့် က ဓာတ်မြေသြဇာအိတ်များကိုလည်းကောင်း လွှဲပြောင်းပေးအပ်ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့နှင့် သဘာဝဘေးသင့်တောင်သူများထံသို့ ထောက်ပံ့ငွေများနှင့် ဓာတ်မြေသြဇာများအား ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း သီးနှံမျိုးစုံ စိုက်ဧက ခုနှစ်သိန်းခုနှစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံဧက အများအပြား ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

 

ရေတာရှည်မြို့နယ် ဆွာချောင်းဘေး၊ သဲဖုံး၊ ချောင်းစား၍ ထိခိုက်ပျက်စီးဆုံးရှုံးသွားသော မြေဧရိယာ ၁၄၆၁ ဧကအပေါ် တစ်ဧကလျှင် ငါးအိတ်နှုန်းဖြင့် စုစုပေါင်းဓာတ်မြေသြဇာ အိတ် ၂၉၂ အိတ်နှင့် မျိုးစပါးတစ်တင်းလျှင် ငွေကျပ် ၉၀၀၀ နှုန်းဖြင့် ၁၅၃.၃တင်းအတွက် တန်ဖိုးငွေ ၁.၃၇၉၇)ကျပ်သန်း၊ အခြားသီးနှံ ရှစ်မျိုးအတွက် တန်ဖိုးငွေကျပ်(၅၈.၅၅၇၀၉) သန်း၊ စုစုပေါင်း မျိုးစေ့ဖိုးထောက်ပံ့ငွေကျပ်(၅၉.၉၃၆၇၉)သန်းတို့အား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ မျိုးစေ့ဖိုးထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် အရေးပေါ်တုန့်ပြန်မှုစီမံကိန်း (Immediate Response Mechanism-IRM) အစီအစဉ်မှရသော ကွန်ပေါင်းဓာတ်မြေသြဇာများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)