ရခိုင်ကမ်းက ဓနိတန်း

လင်းသူ

 

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် သရက်ချိုကျေးရွာသို့ လွန်ခဲ့သည့် နှစ်ကရောက်ဖြစ်ခဲ့သည်။ ရောက်စဉ်အခါ ကျေးရွာအတွင်း ညစိုက်ပျိုးထားသော ဓနိခင်းများ ရှိရာသို့ သွားရောက်လေ့လာခဲ့သည်။ သိရှိခဲ့ရသည့် ဓနိပင် စိုက်ပျိုးခြင်း၊ ဓနိထွက်ကုန်ပစ္စည်းများအကြောင်းကို ပြန်လည်ရေးသား ဖော်ပြရခြင်းဖြစ်သည်။

 

ဓ-ဓနိပင်ရေမှာရှင်

 

ဓနိပင်သည် ရေကြိုက်သည့် အပင်မျိုးဖြစ် ပြီး ပင်လယ်ကမ်းနား မြစ်ချောင်းဘေးနားတွင် အများဆုံး တွေ့ရသည်။  နုန်းဆန်သောမြေကို နှစ်သက်သောကြောင့် သဲ၊ ကျောက်စရစ်၊ မြေအမာများပေါ်၌ ရှင်သန်နိုင်မှု မရှိပါ။ နုန်းအနည်အနှစ်များနှင့် ဗွက်ထပြီး ဆား အငန်ဓာတ်ကဲနေသော ရေမျိုးသည် ဓနိပင်၏ အကြိုက်ဖြစ်သည်။ ဧရာဝတီ၊ တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် အများအပြား ပေါက်ရောက်လျက် ရှိသည်။ ရန်ကုန် တိုင်းဒေသကြီးနှင့် အခြားပင်လယ်ဒီရေတိုးသော အရပ်များတွင်လည်း ဓနိပင်များ ပေါက်ရောက်လျက်ရှိ နေသည်ကို တွေ့မြင်ရသည်။

 

ဒေသအစွဲပြု

 

ဓနိပင်၏ရောက်ရှိလာရာအရပ်ကို အစွဲပြု ၍ အမည်တပ်ကြပါသည်။ ရခိုင်ပြည်မှလာလျှင် ရခိုင်ဓနိ၊ တနင်္သာရီမှဆိုလျှင် ဘိတ်၊ ထားဝယ် ဓနိ၊ ဧရာဝတီမှဆိုလျှင် လပွတ္တာဓနိ၊ ဘိုကလေးဓနိ၊ ဖျာပုံ၊ မော်ကျွန်း၊ လှိုင်းဘုံး ဓနိစသည်ဖြင့် ခေါ်ဆိုကြသည်။ အရပ်ဒေသ မျိုးစုံမှလာသဖြင့် အမည်အမျိုးမျိုး တပ်ကြသော်လည်း အနှစ်ချုပ်လိုက်လျှင် အမျိုးအစား နှစ်မျိုးသာရှိသည်။ ရေချိုပိုင်းမှလာသည့် ရေချိုဓနိနှင့် ပင်လယ်ဘက်မှလာသည့် ရေငန်ဓနိဟူ၍ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ဓနိများသည် ရေချိုရပ်တွင်ရှိနေသောကြောင့် ရေချိုဓနိဟု ခေါ်ကြသည်။ ရေငန်ကိုကြိုက်သော အမျိုးအစား ဖြစ်ခြင်းကြောင့် ရေချိုပိုင်းမှ ဓနိများသည် ကာလတာရှည် အသုံးပြု၍ မရ သည်ကိုတွေ့ရသည်။ ပင်လယ်နှင့်နီးသော ဒေသများတွင် ရေငန်ဓနိကို အသုံးပြုကြသည်။ သဘာဝနှင့် လိုက်လျောညီထွေဖြစ်အောင် သင့်တင့်သော အသုံးအဆောင်ကို သဘာဝမှ ပြန်ပေးသည့်သဘောဖြစ်သည်။ ပင်လယ် အရပ်ဒေသသည် မိုးလေကြမ်းတမ်းသောကြောင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရန်လိုအပ်သည်။ ဓနိမထွက်သည့် မြန်မာနိုင်ငံအထက်ပိုင်းတွင်မူ အင်ဖက်၊ ဝါးကပ်နှင့် သက်ငယ်များကို အသုံးပြုကြသည်ကို တွေ့ရသည်။ ချင်းတောင် ဒေသများတွင် သက်ငယ်၊ ထင်းရှူးသားနှင့် ကျောက်ပြားများကို အိမ်မိုးကြသည်ဟု သိရသည်။

 

 

ဓနိလုပ်ငန်း

 

ယဉ်ကျေးလာသော လူမှုဝန်းကျင်တွင် လူသားများသည် မိသားစုအသိုက်အမြုံနှင့် စုဝေးနေထိုင်ရာ အဆောက်အအုံကို လိုအပ်လာခဲ့သည်။ ယနေ့ခေတ်ကဲ့သို့ သွပ်၊ ဘိလပ်မြေ စသည့် အိမ်ဆောက်ပစ္စည်းများ မရှိခင် မသုံးတတ်ခင် ကာလများတွင် ဖက်များ၊ အရွက်များ၊ သစ်များ၊ ဝါးများကို အမိုးအကာ အခင်းအဖြစ် ရှာဖွေအသုံးပြုလာကြသည်။ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး နောက် ကုန်ပစ္စည်းများ ဖလှယ်အသုံးပြုရာမှ တစ်ဆင့်တက်၍ အရောင်းအဝယ်ဆိုသောအရာ ဖြစ်ပေါ်လာသည်။ အိမ်အမိုး မိုးရန်နှင့် အကာအကွယ်အတွက် ဓနိကို အသုံးများလာသောအခါ ဓနိသည် ဈေးကွက်ဝင်မရှိမဖြစ် ကုန်ပစ္စည်း ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ဓနိ လုပ်ငန်းများ အပြိုင်အဆိုင် ပေါ်ပေါက်လာတော့သည်။ ဓနိကို မူရင်းအတိုင်း ရောင်းဝယ်မှု ရှိသကဲ့သို့ အိမ်အမိုးအဖြစ် ပြုပြင်လုပ်ကိုင်ပြီး ရောင်းဝယ်ခြင်းလည်းရှိပါသည်။ ဓနိသမား အချင်းချင်း ရောင်းဝယ်လုပ်ကိုင်ခြင်းသည် မူရင်းရောင်းဝယ်မှုဖြစ်ပြီး ဈေးကွက်သို့တင်ပို့ ခြင်းမှာ အိမ်အမိုး(ဓနိပျစ်)လုပ်၍ ရောင်းခြင်း ဖြစ်သည်။ ဓနိလုပ်ငန်းကို မြန်မာလို  တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူး၊ ကဆုန် ခုနစ်လအတွင်း လုပ်ကိုင်ကြသည်။ ကျန်ငါးလဖြစ်သော နယုန်လမှ သီတင်းကျွတ်အထိ ရပ်နားထားရသည်။ မိုးတွင်းကာလဖြစ်ခြင်းနှင့် ဓနိပင်များ ကို အနားပေးပြီး အခက်အလက်စုံအောင် ထားခြင်းဖြစ်သည်။ လုပ်ငန်းသမားများက ဈေးကွက်လိုအပ်ချက် များစွာရှိသောကြောင့် ဓနိပင်ကို နှစ်ပေါက်အောင် အနားမပေးဘဲ ခုတ်ယူရောင်းချကြခြင်းဖြစ်သည်။

 

 ရခိုင်ပြည်နယ်ဘက်တွင် ခုတ်ပြီးသား ဓနိခင်းကို နောက်တစ်နှစ်ကြာမှ ပြန်လည် ခုတ်ယူ အသုံးပြုလေ့ ရှိသည်။ ရခိုင်ဓနိသည် အရွက်အလက်ကြီးပြီး အရည်အသွေးကောင်း သောကြောင့် အိမ်အမိုး မိုးရာတွင် ခိုင်ခံ့လုံခြုံ၍ ငါးနှစ်ကျော်သည်အထိ ပိုးမစားဟုသိရသည်။ ယခုရန်ကုန်ဈေးကွက်တွင် ရောက်ရှိနေသော ဓနိပျစ်များသည် အလွန်ဆုံးခံမှ နှစ်နှစ်ဟု အသုံးပြုသူများက ပြောကြသည်။ ရခိုင်ဓနိသည် ဒေသတွင်း အသုံးပြုမှုများသောကြောင့် ရန်ကုန်နှင့် အခြားဒေသများသို့ ရောက်ရှိမလာပါ။ ရခိုင်ဓနိ လုပ်ငန်းနှင့် ဧရာဝတီဓနိ လုပ်ငန်းသည် အမျိုးအစားခြင်း တူသော်လည်း လုပ်ကိုင်ဆောင်ရွက်ပုံများစွာ ကွဲပြားသည်။ ဧရာဝတီဓနိသည် ရောင်းအားကောင်းသောကြောင့် အရေအတွက်များစွာရရန် လုပ်ကိုင်ရသည်။ ရခိုင်ဓနိမှာ ရာသီဥတုဒဏ်ခံနိုင်ရန် ဦးစားပေး၍ ရိုးရာလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။

 

ရခိုင်ဓနိ

 

ရခိုင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် တွင် ဓနိပင်များ များစွာဖြစ်ထွန်းသည်။ ရခိုင်မှထွက်သောကြောင့် ရခိုင်ဓနိဟု ခေါ်ကြ ခြင်းဖြစ်သည်။ ဓနိပင်များကို စုစည်းထားသော ဓနိပေါများကို ရေငန်ရောက်သော ချောင်းစပ်ရှိ နုန်းထဲတွင် အနည်းဆုံးတစ်လမှ အများဆုံး နှစ်လကျော်အထိ မြှုပ်ထားပြီးမှ ပြန်ဖော်ကာ နေလှန်း၍ ဓနိပျစ်ထိုးခြင်းဖြစ်သည်။ ရမ်းဗြဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ဓနိလုပ်ငန်းကြီးများရှိသည်။

 

ဓနိတံ

 

ဓနိတံ ဓနိရွက်ကို အိမ်အမိုးလုပ်ရာတွင် ဓနိတံသည် အရေးအကြီးဆုံး မပါမဖြစ် ကုန်ကြမ်းဖြစ်သည်။ ဓနိတံကို ဝါးဖြင့် ပြုလုပ်ရသည်။ ဝါးပိုးဝါး၊ ကြသောင်းဝါး၊ ဝါးယား၊ ဝါးနက်၊ ကြခတ်ဝါး စသည့် ဝါးအမျိုးအစားပေါင်း များစွာရှိသည့်အနက်မှ ဝါးယား ကိုသာ ဓနိတံအဖြစ်အသုံးပြုကြသည်။ အခြား ဝါးများကို လုပ်ကိုင်၍ရသော်လည်း ဝါးယားသည် ဓနိတံလုပ်ရန် အသင့်တော်ဆုံးဖြစ် သောကြောင့် သီးသန့် အသုံးပြုရခြင်းဖြစ် သည်။ ရခိုင်ဓနိပျစ်တွင် ဓနိတံသည် လေးတောင် (ခြောက်ပေ) နီးပါး အရှည်ရှိသော်လည်း ရောင်းတမ်း အသုံးပြုနေသော ဓနိပျစ်များသည် နှစ်တောင်ကျော်သာ ရှိသည် ကိုတွေ့ရသည်။ ဓနိပျစ်အရည်အသွေး ကောင်းရန်အတွက် ဓနိတံလုပ်သောဝါးကို လည်း အထူးဂရုစိုက်ရသည်။ ဝါး၏သက်တမ်း မှာ အနည်းဆုံး သုံးနှစ်ရှိရန်လိုသည်။ သက်နုပါက ပိုးကျသောကြောင့် ဓနိပျစ် ပျက်စီးရသည်။ ဝါးသည် တစ်ဖြောင့်တည်းဖြစ်ရန်မလိုဘဲ တော်သင့်ရုံအနေအထားရှိလျှင် အဆင်ပြေသည်။

 

 

ဓနိတစ်ပင်အသုံးဝင်

 

ဓနိပင်သည် အိမ်အမိုးမိုးရန် အရွက်သာမက စားသုံးရန် အသီးကိုပါပေးသည်။ ဓနိသီးသည် ထန်းသီးကဲ့သို့ ချိုဆိမ့်သည့် အရသာရှိသည်။ ဓနိပင်မှ သောက်သုံးရန် အရည်ကိုလည်း ခံယူရရှိနိုင်သည်။ ဓနိရည် ရရှိနိုင်ရန်အတွက် ဓနိဖူးကို နေ့စဉ်ပုံမှန်ခြေဖြင့် နင်းပေးကန်ပေးရသည်။ ဓနိသီး ရင့်မလာခင် ဓနိဖူးထိပ်ကို ဓားဖြင့်လှီးပြီး ဝါးကျည်တောက်နှင့် ခံထားပေးရသည်။ တဖြည်းဖြည်းချင်း ဓနိအရည်များသည် ကျည်တောက်အတွင်းသို့ စီးဆင်းလာသည်။ မိုးလင်းပိုင်း နေမမြင့်ခင် သောက်ရသော ဓနိရည်၏ အရသာသည် လွန်စွာချိုမြိန်သည်။ ဝါးကျည်တောက်ဟောင်း နှင့် အရည်ခံလျှင်ဖြစ်စေ၊ နေမြင့်သွားလျှင် ဖြစ်စေ ဓနိရည်သည် ခါးသက်သွားသည်။ သောက်သုံးပါက အစာကိုကြေညက်လွယ်စေပြီး ဝမ်းကိုမှန်စေသည်ဟု သိရသည်။ နေကျော်၍ ခါးသွားသောဓနိရည်ကို တာရှည်ခံရန်နှင့် ဆေးအဖြစ်မှီဝဲနိုင်ရန် ပေါင်းအိုးကြီးထဲသို့ထည့်၍ ပေါင်းရည်ခံ ချက်လုပ်ကြသည်။ ဒေသခံများက ပေါင်းရည်ဟု ခေါ်ကြပြီး မြို့မှလူများက ဓနိအရက်ဟု အလွယ်ခေါ်ကြသည်။

 

ပေါင်းရည်သည် အနံ့မွှေးပေး၍ ချိုခါးအရသာရှိသည်။ သောက်သုံးပါက အစာကြေလွယ်၍ ထမင်းစားကောင်းသည်။ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက် ပျောက်ကင်းသည်။ အမျိုးသားများအဖြစ်များသော ဆီးပူ ညောင်းကျရောဂါ၊ ဆီးကျင်၊ ဆီးနည်းရောဂါများကို ပျောက်ကင်းကြောင်း သိရသည်။ နေ့စဉ် ပုံမှန် သောက်သုံးသင့်ကြောင်း၊ တန်ဆေး လွန်လျှင်ဘေးဆိုသည့်အတိုင်း လိုအပ်သည်ထက် ပိုမသောက်သုံးသင့်ကြောင်းလည်း တိုင်းရင်းဆေးအကြောင်း နားလည်သည့် ဒေသခံများ၏ ပြောစကားအရ သိရသည်။ ဓနိပင်တစ်ပင်တွင် စွန့်ပစ်စရာ နေရာဟူ၍ တစ်နေရာမှမရှိပါ။ ဆေးအဖြစ်သုံးမည်ဆိုလည်း သုံး၍ရသလို လူ့အသုံးအဆောင်အဖြစ် အသုံးပြုလျှင်လည်း အဆင်ပြေသည်။

 

ဓနိရွက်သည်ဆေးဖက်ဝင်သည်။ အရွက် အနုများကို အထုံးထုံးပြီး ရေဖြင့်သုံးခွက် တစ်ခွက် ကျိုသောက်ပါက ပင်လယ်အူနာ ပျောက်သည်။ ဓနိရွက်အရင့်ကို မီးဖုတ်ပြာချပြီး ပြာအမှုန့်ကို အုန်းဆီဖြင့် လိမ်းလျှင် ပွေး၊ ဝဲ၊ ယားနာ ပျောက်သည်။ ဓနိပင်ကို ခုတ်ပြီး ရရှိသောအလက်အတံများကို ခြံခတ်ရာတွင် သုံးနိုင်သေးသည်။ သုံးမရသော အလက်များကို နေပူလှန်းပြီး ထင်းဆိုက်၍ရသည်။

 

ဒီရေတောနှင့် ဓနိပင်

 

ဒီရေတက်ရောက်မှုကြောင့် ကမ်းပါးများ ပျက်စီးသွားခြင်း၊ လူနေအိမ်ခြေများ ထိခိုက် နစ်နာခြင်းနှင့် စိုက်ပျိုးမြေ၊ စိုက်ပျိုးခင်းများ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ရန် ဒီရေတောများကို စောင့်ရှောက် ထိန်းသိမ်းကြရသည်။ မဒမ ပင်၊ ခရာပင်၊ လမုပင် စသည့် ဒီရေကာကွယ်ပင်များတွင် ဓနိပင်သည်လည်း အပါအဝင်ဖြစ်သည်။ ဓနိပင်များကို တိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် စီးပွားရေးအရ တွက်ခြေကိုက်သလို သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ပြီးသားလည်း ဖြစ်သည်။

 

မြန်မာ့ယဉ်ကျေးမှုနှင့်ဓနိ

 

ဓနိရွက်နှင့် မိုးထားသော အိမ်ခေါင်မိုးသည် သွပ်ဖြင့်မိုးသည့်အမိုးကဲ့သို့ အမြင်မှာ မလှသော်လည်း ယဉ်ကျေးမှုကို ကိုယ်စားပြုသော ကိုယ်ပိုင်အမွေအနှစ်ဖြစ်သည်။ သွပ်နှင့် အုတ်ကြွပ်မပေါ်ခင် လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ရသည့် မြန်မာ့အိမ်ခေါင်မိုးဖြစ်သည်။ ယနေ့အချိန်တွင်လည်း စီးပွားရေးလုပ်ငန်းတွင် မရှိမဖြစ် လူသုံးကုန်အဖြစ် နေရာယူထားဆဲဖြစ်သည်။ နွားတင်းကုပ်ကို သွပ်ဖြင့်မိုး၍ အဆင်မပြေသော ကျေးလက်ဒေသ၏ အစားထိုးမရသည့် ကုန်ပစ္စည်းဖြစ်သည်။

 

ဓ-ဓနိတန်းပင်လယ်ကမ်း

 

ပင်လယ်ကမ်းပါး မြစ်ချောင်းနားမှ ပေါက်ရောက် ရှင်သန်ကြသော ဓနိပင်များသည် မြန်မာ့လူမှုဘဝကို ကူညီအားဖြည့် ပေးသကဲ့သို့ သဘာဝဘေးဒဏ်ကိုလည်း တတ်စွမ်းနိုင်သမျှ ကာကွယ်ထိန်းသိမ်းလျက် တည်ရှိနေကြောင်း ရေးသားလိုက်ပါသည်။

 

ကြေးမုံ