ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၁ ဇန်နဝါရီ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင် - ဘူးသီးတောင်သွား ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲ (၁)ခွဲသည် ကားလမ်းပေါ်ရှိ စေတောင်ရွာအတွင်း ဘုန်းကြီးကျောင်း၌ ခေတ္တအခြေပြုနေစဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အင်အား(၃၀)ခန့်ရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး (၁၀) မိနစ်ခန့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ချိန်တွင် ကျေးရွာအတွင်း၌လည်း ရွာသူ/ရွာသားများရှိနေပြီး ရဲတပ်ဖွဲ့၏ စနစ်တကျ ထိန်းသိမ်းကြပ်မတ်မှုကြောင့် ရွာသူ/ရွာသားများ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။  

(ရဲပြန်ကြား)