ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်

စစ်တွေ  ၂၂  သြဂုတ် 


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင် ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၆၅ ဒသမ ၈၂) သိန်းအား ထောက်ပံပေးအပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လက်ခံသည်။
 

ထောက်ပံ့မှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ တတိယပတ်မှစတင်၍ ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအကြိမ်သည် (၆) ကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ကာ တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း (၇၆၀၃၉) ဦးစာ ဆန်ရိက္ခာဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအတွက် စုစုပေါင်းငွေကျပ် (၁ ဒသမ ၄၁၄) ဘီလီယံထောက်ပံ့ ပေးအပ်ခဲ့သည်။ 


တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံများအတွက် ယာယီနေရာချထားပေးနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသောတိုက်ပွဲရှောင်စခန်းများသည်လည်း (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မကြာမီနေထိုင်နိုင်တော့မည်သည်။


တိုက်ပွဲရှောင် ပြည်သူများအတွက် လိုအပ်ချက်များရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီဝန်ဆောင်မှုရှိသော ဖုန်း ဝ၆၇-၃၄၀၄၆၆၆ ၊ ဝ၆၇ - ၃၄၀၄၇၇၇ များသို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရသည်။


(သတင်းစဉ်)