ရခိုင်ပြည်နယ်မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် မာလာကျေးရွာ သမိုင်းအကျဉ်း

မာယုလှိုင် (ကျောက်တော်)

 

မြိုလူမျိုးတို့သည် အနောက် မဇ္ဈိမဒေသ၊ ခေါမ၊ ရောမနှင့် ကောဒုမ္မရတိုင်း စသည့် တိုင်းကြီး ၁၆ တိုင်းအနက် ခေါမတိုင်းမှတစ်ဆင့် တိဘက်ကုန်းပြင်မြင့်သို့ ရောက်ရှိလာကြပြီး အာသံမဏိပူရတွင် ရပ်တန့်နေစဉ် အာသံ မဏိပူရမင်းက ခေတ္တယာယီ နေထိုင်ခွင့်ပြုခဲ့သည်။ ယင်းမှ ခွါစာပတိမင်းသားသည် ပြည်သားတစ်သောင်းခန့်ကို ဦးစီး၍ ထွက်ခွာလာခဲ့ပြန်ရာ ကစ္ဆပနဒီမြစ်လက်တက်ဖျားရှိ မြိုအခေါ် ကီမာ၊ ကျောက်ပန်းတောင်းတောင် တစ်ဝိုက်သို့ရောက်ရှိပြီး မြို့ရွာတည်ထောင်ကာ စိုးစံတော်မူခဲ့လေသည်။

 

အချိန်ကြာမြင့်လာသည့်အခါ ဦးဆွီစင်နှင့် ဦးစပတို့ ညီအစ်ကိုနှစ်ယောက်သည် မိမိတို့၏ မိသားစုများနှင့်အတူ ကျောက်ပန်းတောင်း (ခေါ်) ကီမာတောင်တန်းများမှတစ်ဆင့် မီးချောင်းမြစ်ဖျား၊ ၎င်းမှ ကစ္ဆပနဒီမြစ်ဖျားအတိုင်း ခြေဦးတည့်ရာထွက်ခွာလာခဲ့ကြရာ ကျောက်တော်မြို့နယ် ကြင်းခါးစေ့ရွာသို့ ရောက်ရှိလာခဲ့ကြသည်။ နောက်တစ်ဖန် ပြန်လှည့်လာကာ ဦးဆွီစင်မိသားစုတို့က မီးချောင်းဝတွင်လည်းကောင်း၊ ဦးစပမိသားစုတို့က မြိုအခေါ် ရှာရှိန်၊ မီးချောင်းထဲတွင်လည်းကောင်း ပြောင်းရွှေ့လာခဲ့ကြပြန်သည်။

 

၎င်းတို့သည် တောင်ယာများ လုပ်ကိုင်စားသောက်ရန် အဆင်မပြေသဖြင့် ညီအစ်ကို နှစ်ယောက်လုံး မီးချောင်းထဲတွင် အတူနေထိုင်ကြပြီး မြိုအခေါ် ဆိန်၊ တောင်နွားများကို မွေးမြူ၍ တောင်ယာလုပ်ကိုင်ကာ နေထိုင်ခဲ့ကြသည်။ ထိုသို့နေထိုင်စဉ် အစ်ကိုဆွီစင်၏ တောင်နွားက ညီတော် ဦးစပ၏ တောင်ယာရှိ စပါးနှင့်ကောက်ပဲသီးနှံများကို ဝင်ရောက် ဖျက်ဆီးသည့်အတွက်ကြောင့် ညီတော် ဦးစပ မိသားစုက အစ်ကို ဦးဆွီစင် မိသားစုပိုင်သည့် တောင်နွားကို သတ်ဖြတ်စားသောက်ကြသည်ဟု ဆိုသည်။ ယင်းပြဿနာကြောင့် ညီအစ်ကိုမိသားစုတို့ ရန်ဖြစ်ကြကာ ဦးစပ မိသားစုတို့ ကလေးမြို့ချောင်းသို့လည်းကောင်း၊ ဦးဆွီစင် မိသားစုတို့က ဆားချောင်းဝတွင်လည်းကောင်း စုန်ဆင်းလာခဲ့ကြသည်။ ယင်းမှတစ်ဆင့် ဦးစပနှင့် သားတော် သုံးယောက်ဖြစ်သော ဦးစံအောင်၊ ဦးပါဘော၊ ဦးမင်လာတို့မိသားစုတို့သည် ကျောက်တော်မြို့နယ် သားပုံထောင့်ကွေ့တွင် ခေတ္တနေထိုင် ခဲ့ကြသည်။

 

ယင်းမှတစ်ဆင့် မင်လာဒေသသို့ ရောက်ရခဲ့ကြသည်။ ထိုအချိန်တွင် ဦးဝန်လက် (ခတက် နွယ်စု)နှင့် ဇနီး ဒေါ်မနဲတို့မိသားစုတို့သည် ၎င်းဒေသအနီးတွင် ရှေးဦးစွာရောက်ရှိနှင့်နေ ခဲ့ပြီးဖြစ်သည်ဟု ဆိုလေသည်။ ယင်းအချိန်တွင် ဦးမင်လာ(စင်မာ နွယ်စု)က ဦးဝန်လက် (ခတက်နွယ်စု)နှင့်ဇနီးဒေါ်မနဲ မိသားစုများအား စည်းရုံး၍ ရွာနှစ်ရွာကို ပေါင်းစည်းကာ မင်လာရွာဟု အမည်နာမပေးပြီး ရွာတည်ထောင် အခြေချနေထိုင်ခဲ့ ကြသည်။ ဦးဆောင် တည်ထောင်သူ ဦးမင်လာ၏အမည်ဖြင့်ပင် မင်လာရွာဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် မင်လာရွာ၊ မာလာရွာဟူ၍ ယနေ့ထိတိုင် ခေါ်ဝေါ်လျက်ရှိသည်။

 

မြောက်ဘက်သို့ ၁၂ မိုင်ခန့်ကွာဝေးပြီး မာလာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ဘုရား စေတီပုထိုးတော်များ၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်း တစ်ကျောင်း၊ အခြေခံအထက်တန်း ကျောင်း တစ်ကျောင်း ရှိသည်။ ယင်းအခြေခံ အထက်တန်းကျောင်းသည် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)မှ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ထောက်ပံ့ပေးမှုများဖြင့် ပညာရေးဝန်ကြီးဌာနက အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးသည့် စာသင်ကျောင်းလည်း ဖြစ်သည်။

 

မာလာကျေးရွာတွင် ရခိုင်ပြည်နယ် ဖက်ဆစ်ဂျပန်တော်လှန်ရေးခေါင်းဆောင်၊ ရခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲ ညီညွတ်ရေး တပ်ပေါင်းစု၊ ဩဝါဒါစရိယဆရာတော် အာရှကွန်မြူနစ်လူငယ် အစည်းအရုံးအတွင်း ရေးမှူးဆရာတော်ဦးပညာဝံသ၏ ရုပ်တုကို ဂုဏ်ပြုပူဇော် ကိုးကွယ်ထားသည်။

 

မာလာကျေးရွာအုပ်စုတွင် မာလာရွာ၊ မာလာသစ်ရွာ၊ သံပုရာဒေါင်းရွာ၊ ခပေါ်ရွာတို့ ရှိသည်။ မာလာရွာ၊ သံပုရာဒေါင်းရွာ၊ ခပေါ်ရွာတို့မှာ မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများဖြစ်ပြီး မာလာသစ်ကျေးရွာမှာ ရခိုင်တိုင်းရင်းသားများ နေထိုင်ကြသည်။

 

မာလာကျေးရွာတွင် အိမ်ထောင်စုပေါင်း ၂၂၃ စု၊ အိမ်ခြေ ၂၂၀ ရှိပြီး လူဦးရေ ၉၆၈ ဦးနေထိုင်လျက်ရှိသည်။ မာလာကျေးရွာတွင် နေထိုင်သူအများစုမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်ကြသည်။ တပ်မတော်၊ ဌာနဆိုင်ရာအသီးသီးတွင် နိုင်ငံတော်အတွက် အကျိုးပြု တာဝန်ထမ်းဆောင်နေသူများနှင့် အခြားနေရာဒေသ များသို့ သွားရောက် အခြေချနေထိုင်သူများလည်း ရှိသည်။ ဤကျေးရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ဝ ခန့်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းကို ရှေးလူကြီး ဘိုးဘွားများ၏ နှုတ်ရာဇဝင် ပြောကြားချက်များအရ သိရှိရခြင်းဖြစ်သည်။

 

ကျမ်းကိုး - ၁၉၉၉ ခုနှစ် မုနိမြေမဂ္ဂဇင်း

ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်၊ 

- ၁၉၉၆ ခုနှစ် ဘစံ ရခိုင်တိုင်းရင်းသားများ

နှင့်မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု

- ၂၀ဝ၅ ခုနှစ် အမှတ်(၇၄)နိုင်ငံ့ဂုဏ်ရည်

မဂ္ဂဇင်း၊

- ၂၀၁၄ ခုနှစ် ဩဂုတ်လ ဘဝပုံရိပ်များ 

ထင်းအောင်(ကျောက်တော်) 

- ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကျရောက်မည့် 

မြို(ခေါ်)ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ 

ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌမှ 

ပေးပို့သည့် သဝဏ်လွှာ 

- ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အေးသိန်း 

(သမိုင်းသုတေသီ) ရခိုင်မျိုးနွယ်စု ညီအစ်ကို 

မောင်နှမများနှင့် ရခိုင်သမိုင်း 

-၂၀၁၈/၂၀၁၉ ပညာသင်နှစ် အထက်တန်း 

ကျောင်းအဆင့်တိုးမြှင့်ပြီးစီးကြောင်း 

အစီရင်ခံစာ