ရမ္မာဝတီကုန်ဘောင်ရွာမှ အတုယူဖွယ်ကောင်းသော ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခု

၁၃ အောက်တိုဘာ

 

ရခိုင်ပြည်နယ် တောင်ပိုင်းရမ္မာဝတီခေါ် ရမ်းဗြဲမြို့နယ်မှ ငါးမိုင်ခန့်ဝေးကွာသည့် ကုန်ဘောင်ရွာလေးသည် လူဦးရေအားဖြင့် တစ်ထောင်ကျော်သာရှိသည့် ရွာကလေးတစ်ရွာဖြစ်သည်။ အဓိကအားဖြင့် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီးရွာတောင်ပိုင်း၊ မြောက်ပိုင်းခွဲခြားထားသော်လည်း တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်း ကွဲပြားမှုမရှိကြဘဲ ချစ်ချစ်ခင်ခင်နေလေ့ရှိကြသည်။

 

အဆိုပါရွာတွင် နှစ်စဉ် မိုးဦးရာသီမကျရောက်မီ မေလနှင့်ဇွန်လကြားတွင် မည်သည့်နေရာမှာမှမကြားဖူးသော ရပ်ဓလေ့၊ ရွာဓလေ့ “အမျိုးအဆွေရွာလည်ပွဲ” ဟူ၍ကျင်းပလေ့ရှိသည်။ အဆိုပါပွဲတော်သည် ရှေးနှစ်ပေါင်း များစွာကပင်လက်ဆင့်ကမ်းကျင်းပလာခဲ့သောပွဲတော်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်အတူ ပေါက်ဖွားလာသော ပွဲတော် တစ်ခုဖြစ်ကြောင်း ဒေသခံများကပြောသည်။

 

ရာသီဥတုကောင်းမွန်ပြီး မိုးလေကင်းလွတ်သော နှစ်တစ်နှစ်၏ မိုးကာလ မကျရောက်မီ ကာလအတွင်း ရက်ရွေးချယ် သတ်မှတ်ကျင်းပလေ့ရှိသည်။ ယခုကဲ့သို့ကျင်းပခြင်းဖြင့်ရာသီဥတုကောင်းမွန်ကာ စပါးသီးနှံများ လည်း အောင်မြင်ကြောင်း ဒေသခံများကယုံကြည်ကြသည်။ ပွဲတော်အား မည်သည့်အချိန်မှ စတင်ကျင်း ပလာသည်ကိုမူ ဒေသခံများကိုယ်တိုင် တိတိကျကျမသိရှိကြသော်လည်း ရာစုနှစ်တစ်စု ကျော်ကြာပြီ ဖြစ်ကြောင်း သက်ကြီးရွယ်အိုများပြောစကားအရသိရသည်။

 

အမျိုးအဆွေ ရွာလည်ပွဲတော်ဖြစ်ပေါ်လာပုံမှာလည်း စိတ်ဝင်စားဖွယ်၊အတုယူဖွယ်ကောင်းလှသည်။ အတိတ် ကာလတစ်ခုမှ ခါးသီးမှုများအားသင်ပုန်းချေရာမှ စတင်ဖြစ်ပေါ်ခဲ့သော ပွဲတော်တစ်ခုဆိုလျှင်ကား မှားအံ့မထင်။ ကုန်ဘောင်ရွာသည်မြောက်ဦးခေတ်ကတည်းက တည်ရှိခဲ့သော ရွာကြီးတစ်ရွာဖြစ်သည်ဟုသိရပြီး နယ်ချဲ့ ရန်များကိုလည်း အသက်ပေး ကာကွယ်ခဲ့သော ရွာတစ်ရွာဖြစ်သည်။ 

 

ဒေသမတည်ငြိမ်မှုများကြောင့် ဒေသခံတချို့သည် မိမိနေထိုင်ရာမှ နေရပ်စွန့်ခွာခဲ့ပြီး ဒေသတည်ငြိမ်သည့်အခါ မိမိနေရပ်သို့ ပြန်လာကာအခြေချနေထိုင်ကြသော်လည်း ကျန်ရစ်သောဒေသခံများနှင့် နှစ်ပေါင်းသုံးဆယ်ခန့် ဝေးကွာသွားမှုကြောင့် သူစိမ်းဆန်ဆန်ဖြစ်ခဲ့ကြရသည်။ အထူးသဖြင့် လယ်မြေလုပ်ချိန်ကာလများတွင် လယ်ယာမြေအငြင်းပွားမှုများ၊ သီးနှံအထွက်တိုးပြိုင်ဆိုင်မှုများ ကြောင့် တစ်ဦးနှင့်တစ်ဦး မကြာခဏ စကားများရာမှ တစ်ဦးမှတစ်စုသို့ကွဲကာ ပဋိပက္ခများဖြစ်ပွားခဲ့ကြသည်။ ခါးသီးမှုသမိုင်းကို အကျယ်ချဲ့မရေးလိုပါ။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်သီးတည်းစား သောညီ အစ်ကိုမောင်နှမ သွေးရင်းများ၏ခိုက်ရန်ဖြစ်ပွားမှု အကျိုးဆက်များကား ကောင်းသောရ လဒ်များမ ဟုတ်ပေ။ ရေရှည်အတွက် အကျိုးပျက်စီးစေသည်ကိုသိသော ရွာရှိဆရာတော်နှင့် သက်ကြီးရွယ်အိုများ ဆုံးမပြောဆိုမှုကြောင့် မိမိတို့အသိစိတ်ဖြင့် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

 

ယင်းမှအစပြုကာ နှစ်စဉ်နှစ်တိုင်းမိုးမကျ လယ်ယာလုပ်ငန်းခွင်မဝင်မီကာလရောက်တိုင်း အချင်းများခဲ့ရာ အိမ်များသို့ သွားရောက်လည်ပတ်စေကာ အစားအသောက်များ ယူဆောင်ပြီး တူချက်ပြုတ်စားသောက်ခြင်းများ၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ ဆွေးနွေးပြောဆိုအသိပညာ ဖလှယ်ခြင်းများ၊ မျိုးစပါးများလဲလှယ်ခြင်းများ ပြုလုပ်စေခဲ့သည်။တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်ရာမှ ဓလေ့တစ်ခုကဲ့သို့ဖြစ်လာကာ “အမျိုးအဆွေရွာလည်ပွဲ” ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာသည်မှာယနေ့ကာလအထိပင်ဖြစ်ကြောင်းဒေသခံများ၏ပြောပြချက်အရ သိရသည်။ မကျင်းပဖြစ်ခဲ့သောနှစ်တချို့လည်းရှိခဲ့သည်ဟု သိရသည်။ လူသိများလာသည်မှာ သုံးနှစ်ပင်မရှိသေး။ ပွဲတော်ကို နှစ်ရက်တိုင်တိုင်ကျင်းပလေ့ရှိပြီး ကျင်ပမည့်အချိန်တွင်ရွာတောင်ပိုင်း၊ မြောက်ပိုင်းဟု ခွဲလိုက်ကာ ပထမနေ့တွင် တောင်ပိုင်းနေသူများမှ မြောက်ပိုင်းနေသူများထံသို့အစားအသောက်များယူဆောင်ပြီးအတူတကွ ပျော်ပျော်ပါးပါးစားသောက်ကြသည်။ နောက်တစ်နေ့တွင်မြောက်ပိုင်းနေသူများက တောင်ပိုင်းနေသူများထံ သွားရောက်ကာ အလားတူ ပျော်ပျော်ပါးပါး စားသောက်ကြသည်။

 

ယခုနောက်ပိုင်းကာလများတွင်အဝတ်အစားများကို ပျော်ရွှင်၊ရယ်ရွှင်ဖွယ်ရာဖြစ်အောင် ဝတ်ဆင်ဖန်တီးခြင်း၊ မျက်နှာအား အိုးမည်း၊မိတ်ကပ်များဖြင့် အမျိုးမျိုးလိမ်းခြယ်ခြင်းများပြုလုပ်လာကြပြီး အတီးအမှုတ်များဖြင့် တစ်လှည့်စီသွားရောက်လည်ပတ်လာကြသည့်အပြင် ယခင်နှစ်များထက် စည်ကားလာသည်ဟုဆိုသည်။ လယ်ယာလုပ်ငန်းခွင် မဝင်မီဆွေးမျိုးသားချင်းများ တစုတဝေးတည်းတွေ့ဆုံခြင်းဆိုပါကလည်း မှားအံ့မထင် ပေ။ လယ်ယာလုပ်ငန်းခွင်ဝင်ရောက်သည့်အခါ သူ့တာဝန်ကိုယ်တာဝန်များရှိနေတာကြောင့် ယခုကဲ့သို့  တစုတဝေးတည်း တွေ့ဆုံရန် ခဲယဉ်းလှသည်။

 

ယခုပွဲကိုကျင်းပခြင်းဖြင့် မိုးလေဝသကောင်းမွန်ကာ သီးနှံများအထွက်တိုးသည်ဟု ယုံကြည်မှုရသည်မှာ သင့်တော်လှသည်။ တစ်အိမ်နှင့်တစ်အိမ်သွားရောက်လည်ပတ်ရင်းယခင်နှစ် စပါးထွက်ရှိမှု အခြေအနေများ၊ လက်ယာလုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများပြောဆိုဆွေးနွေးရင်း တစ်ဦးနှင့်တစ်ဦး အကြံ ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အကူအညီပေးခြင်းများကြောင့်အဘယ်မှာ သီးနှံအထွက် မကောင်းဘဲနေ ပါမည်နည်း၊ ချစ်ကြည်ရင်းနှီးမှုသည်လည်း ပိုမိုခိုင်မြဲစေပြီး ငြိမ်းချမ်းရေး၏ အကျိုးဆက်များစွာကို ခံစားရ မည်မလွဲ။

 

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှကုန်ဘောင်ရွာကလေးတွင် ကျင်းပသော ပွဲတော်ကဲ့သို့ မည်သည့်နေရာမှာမျှ မကြားဖူး၊ အမျိုးအဆွေရွာလည်ပွဲကဲ့သို့ ပွဲတော်များလည်း နေရာတိုင်းတွင် ပေါ်ပေါက်လာစေလိုသည်။အတုယူဖွယ်ကောင်းသော စံပြကျေးရွာပင်ဖြစ်သည်။ တစ်ဦးနှင်တစ်ဦး၊တစ်အိမ်နှင့်တစ်အိမ်၊ တစ်ရွာနှင့်တစ်ရွာ မိမိတို့အချင်းချင်း စိတ်ဝမ်းကွဲနေမှုများကြောင့် ဒေသတစ်ခုတွင်းဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများတွင် အစစအရာရာနောက်ကျကျန်ခြင်း၊ ရလဒ်များကိုလည်း ယနေ့အချိန်တွင် လက်တွေ့ခံစားနေကြရသည်ကို ငြင်းနိုင်မည်မဟုတ်၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အား တစ်ဦးတစ်ယောက်၊တစ်ဖွဲ့တည်းဖြင့် စွမ်းဆောင်နိုင်မည်မဟုတ်၊အားလုံးတန်းတူ တက်ညီလက်ညီ စွမ်းဆောင် မှသာ အနာဂတ်အတွက်လှပသော ပြည်နယ်၊ နိုင်ငံ၊ ကမ္ဘာတစ်ခုကို သားသမီးများအတွက် လှပသောသမိုင်း တစ်ခုကို အမွေပေးနိုင်ကြအောင် စွမ်းဆောင်ရမည်မှာ မိမိတို့တာဝန်ဖြစ်သောကြောင့် ကုန်ဘောင်နယ်မှ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုကို စံပြအနေဖြင့် တင်ပြရပေသည်။

 

မြတ်ဝေ