ရှမ်းတို့ရိုးရာ သီတင်းကျွတ်ပူဇော်ပွဲတော်သာ

နေပြည်တော် ၂၀ အောက်တိုဘာ

 

ဗုဒ္ဓမြတ်စွာဘုရားရှင် နတ်ပြည်မှ ပြန်လည်ကြွမြန်းတော်မူသည့် သီတင်းကျွတ်လပြည့်နေ့တွင် ကြိုဆိုပူဇော် လှူဒါန်းခန်းအတွက် ရှမ်းလူမျိုးတို့သည် သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် ဟိန်းဟိန်ပွဲတော်ကျင်းပရန်သမ္ဗုဒ်စင် (မီးထွန်းပွဲအတွက် ဘုရားကျောင်းဆောင်ကိုသီးသန့်ပြုလုပ်၍ ပူဇော်သည့်စင်)ကို ဘုံအဆင့် ဝါးနှီးဖြင့်ရက်လုပ်ပြီး မိမိတို့အိမ်ခြံဝတွင် လူသွားလမ်းကလေးကို ပြောင်စင်သန့်ရှင်းအောင် ရှင်းလင်းကာ သဲဖြူများခင်းလျက်သမ္ဗုဒ်စင်စိုက်ထူကြိုဆိုပူဇော်ရန် ပြင်ဆင်ကြသည်။ ထိုနေ့တွင် တောင်ယာထွက် ကန်စွန်းဥ၊ သခွားသီး၊ ဖရုံသီးများ၊ကြံများဖြင့် လူကြီးသူမဘိုးဘွားတို့အား လိုက်လံကန်တောကြသည်။ ဘိုးဘွားတို့မှ ရှောက်ချိုသီး၊ ငှက်ပျောသီး၊ရောင်စုံမုန့်များဖြင့် ပြန်၍လက်ဆောင်ပေးကြသည်။ဘုရားရှင်အား ကြိုဆိုလှူဒါန်းမည့် သမ္ဗုဒ်စင်တွင် ကြက်လျှာ၊တံခွန်၊ ကုက္ကားတိုင်များ၊ တောင်ယာထွက်စပါးပင်၊ ကြံပင်၊ငှက်ပျောပင်များ မြိုင်နေအောင် ချည်နှောင်စိုက်ထားကြပြီး သမ္ဗုဒ်စင်အောက်တွင် ငှက်ပျောသီး၊ ရှောက်ချိုသီး၊ သခွားသီး၊ ကန်စွန်းဥများ၊ ပန်းများ လှပစွာချိတ်ဆွဲပြင်ဆင်ထားသည်။ လပြည့်နေ့ နံနက် ၃ နာရီခန့်တွင် စင်ပေါ်ရှိဘုရားကျောင်းဆောင်ရှေ့၌ အုန်းသီး၊ ငှက်ပျောသီး၊ ကွမ်းဆေး၊ လက်ဖက်တို့ပါဝင်သော ကန်တော့ပွဲတစ်ခုနှင့် ဆွမ်း၊မုန့်မျိုးစုံ၊ ယိုမျိုးစုံနှင့် ပန်းဆီမီးများ ကပ်လှူပူဇော်ကြသည်။

 

သီတင်းကျွတ်လပြည့်ည၌ နေဝင်လထွက်သည်မို့ရွာလယ်ဓမ္မာရုံရှေ့တွင် ရှမ်းအိုးစည်သံ၊ လင်းကွင်းသံ၊ မောင်းဆိုင်းသံများဖြင့် တီးခတ်ပြီး ဓားသိုင်းအက၊တိုးနရားအကများဖြင့် လူစုကြသည်။ တစ်ယောက်နှင့် တစ်ယောက် အော်ဟစ်ခေါ်သံများဖြင့် ဆူညံနေသည်။မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ပစ်ဖောက်ကြသည်။ ဓမ္မာရုံရှေ့ မြေကွက်လပ်တွင် လူများပြည့်နေပြီး ဓားသိုင်းအက၊ တိုးနရားအကနှင့် ရှမ်းအိုးစည်ဝိုင်းတို့ကို ကြည့်ရှုကြသည်။ ရပ်ရွာလူကြီးများက ဟိန်းဟိန်ပွဲလှည့်တော့မည်ဖြစ်၍ တန်းစီကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်လျှင်ပရိသတ်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး တံခွန်ကုက္ကားတိုင်ကိုင်သူများ၊ ကန်တော့ပွဲရွက်သူများ၊ မီးကြာကိုင်အပျိုများ အဆင့်ဆင့်တန်းစီကြရန် အိုးစည်အဖွဲ့နောက်မှတိုး နရားအဖွဲ့ နေရာယူရန်နှင့် ကနတော့ပွဲရွက်သူများ၊ရောင်စုံမီးပုံးကိုင်သူများ အစဉ်အတိုင်းလိုက်ပါကြရန် နှိုးဆော်ပေးသည်။ သို့ဖြင့် ဟိန်းဟိန်ခေါ် ဆီမီးတစ်ထောင်ပူဇော်ပွဲကြီးမှာလရောင်အောက်တွင် ဝင်းလက်တောက်ပနေကြသည်။လူတန်းကြီးသည် တရွေ့ရွေ့နှင့် ရွာဦးဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြသည်နှင့် ဆုတောင်းပြည့်စေတီတွင်မီးကြာပဒေသာ ရောင်စုံမီးပုံးကလေးများ၊ ဆီမီးခွက်များဖြင့် ပူဇော်ကြသည်။ မီးရှူးမီးပန်းများသည် ဝင်းခနဲ လက်ခနဲဖြင့် လှပနေကြပြီး မီးပုံးပျံများ လွှတ်တင်ကြသည်။ ရှမ်းပြည်တောင်ပိုင်း၏ ပူဇော်နည်းများဖြစ်ပေသည်။

 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းဒေသတွင်ရှိသောမောဝ်ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်များသည် ဘုန်းကြီးကျောင်းရှေ့တွင် ဝါးပိုးအရင်းမှ အဖျားအထိ ရှည်လျားသော ဝါးလုံးဖြင့် တံခွန်တိုင်ပြုလုပ်ကြသည်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညတွင် ရှမ်းအိုးစည်၊ လင်းကွင်း၊ မောင်း၊ ဆိုင်းတို့ဖြင့် တီးခတ်လူစုကြပြီး ရွာလုံးကျွတ် ပရိသတ်အားလုံးစေတီပုထိုးနှင့် ကျောင်းပတ်ပတ်လည်တွင် ဆီမီးများထွန်းညှိပူဇော်ကြသည်။ တံခွန်တိုင်ခြေမှ အဖျားနားအထိ ပန်းများကို တိုင်မထောင်မီညဦးတွင် လာရောက်ချည်နှောင်ပူဇော်ကြသည်။ တံခွန်တိုင်ကို ဝါးနှီးဖြင့်ရက်လုပ်ပြီး ရွှေစက္ကူ၊ ငွေစက္ကူများကပ်ထားသည့် အဆင့်ဆင့်သောထီးတော် တပ်ဆင်ကြသည်။ မှန်ဝိုင်းများစာလုံးနှင့် ဗုဒ္ဓပုံတော်များပါသော ရွက်ထည်ရှည်တံခွန်ကုက္ကားများကို တိုင်ထိပ်တွင်ချည်နှောင်ပြီးသည်နှင့် တိုင်အဖျားမှ ကြိုးဖြင့်ဆိုင်းကာအမျိုးသား အမျိုးသမီးများအားလုံး တစ်ပြိုင်နက်အော်ဟစ်အသံပြု တံခွန်တိုင်ထောင်ကြလေသည်။ တိုင်ခြေရင်းတွင်ကြံပင်၊ ငှက်ပျောပင်များနှင့်အတူ ဝါးနှီးဖြင့် ရက်လုပ်ထားသည့် ဆွမ်းတော်ခွက်အကြီးကြီးတစ်ခု ပူးတွဲချည်နှောင်ထား ကြသည်။ တံခွန်စိုက်ထူစဉ်တွင် ရှမ်းအိုးစည်၊ လင်းကွင်း၊မောင်း၊ ဆိုင်းများ တီးခတ်ကြပြီး တိုင်ထောင်မတ်ပြီးသည်နှင့် မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ပစ်ဖောက်ကြသည်။ ရွာမှလူများသည် တစ်ညလုံး ဘုန်းကြီးကျောင်းတွင် နေကြပြီးဆွမ်းချက်သူ၊ အိမ်ပြန်ဆွမ်းချက်သူများဖြင့် ညဉ့်နက်သည်အထိ မအိပ်ကြဘဲ တံခွန်တိုင်ကိုစောင့်ကြရသည်။ နံနက် ၃ နာရီခန့်တွင် ဆွမ်းတော်တင်ရန် ပြင်ဆင်ကြခြင်းဖြစ်သည်။ အချို့ရွာများသည် ဒီဘက်ရွာမှ တံခွန်တိုင်ဆွမ်းတော်နှီးခြင်းတောင်းကြီးတွင် ဟိုဘက်ရွာမှ နံနက် ၂ နာရီ၊ ၃ နာရီခန့် လာရောက်ကြပြီး ဦးအောင်ဆွမ်းတော်တင်ကြသဖြင့် မိမိတို့ရွာမှ ဦးအောင်တင်နိုင်ရေး တစ်ညလုံး မအိပ်ဘဲ စောင့်ကြရပြီး ချက်ကြရခြင်းဖြစ်ပေသည်။

 

ဤသို့ဖြင့် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းမောဝ်ရှမ်းတို့၏ ဟိန်းဟိန်ပွဲတော်သည် ရှေးရှေးဘိုးဘွားများ လက်ထက်မှစပြီး ယနေ့ထက်တိုင် ကျင်းပပူဇော်မြဲဖြစ်သော ရှမ်းတို့ရိုးရာ သီတင်းကျွတ်ပူဇော်ပွဲတော်သာ ဆောင်းပါးအား လေ့လာမှတ်တမ်းပြုရေးသားလိုက်ရပေသည်။

 

သန်းတင်(၁၀၅)မြေ

 

ကိုးကား
- ရွှေရင်နှစ်၏ ရင်သွေးရတနာရိုးရာပွဲတော်များ
- ကိုယ်တွေ့ မူဆယ်၊ နမ့်ခမ်းဒေသမောဝ်ရှမ်းတို့၏
သီတင်းကျွတ်လပြည့်ပူဇော်ပွဲများ

 

 

ကြေးမုံ