ရင်ခွင့်မဲ့ကလေးများကို စောင့်ရှောက်

၂၃ မတ်

 

မျက်မှောက်ကာလသည် နည်းပညာတိုးတက်ထွန်းကားလာသည့် ခေတ်မီတိုးတက်သောအချိန်အခါဖြစ်သည်။ ခေတ်ကာလ တိုးတက်လာမှုနှင့်အတူလူမှုဘဝနေထိုင်မှုစနစ်ပါ လိုက်ပါပြောင်းလဲလာသည်။ ထိုသို့တိုးတက်ပြောင်းလဲလာရာ၌ အကောင်း၊ အဆိုးတို့လည်း အတူတွဲဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော၊ ကိုယ်ကျင့်တရားစောင့်ထိန်းသော လူ့အဖွဲ့အစည်းအဖြစ်မှ လူ့ကျင့်ဝတ်များ ဖောက်ဖျက်မှုရှိလာသည်ကို တွေ့ရသည်။

 

အထူးသဖြင့် ကလေးသူငယ်များနှင့်ပတ်သက်သည့် ကျင့်ဝတ်ဖောက်ဖျက်မှုများမှာ လူ့ဘောင်လောကအတွက် အကျည်းတန် အရုပ်ဆိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုပင်ဖြစ်သည်။ ကလေးသူငယ်များအပေါ်တွင်သာမက အရွယ်မရွေးချိုးဖောက်မှုများကို အလွယ်တကူကျူးလွန်လာကြသည်။ ချိုးဖောက်မှုများတွင် ကလေးသူငယ်များအရေးမှာ အလွန်အရေးကြီးသည်။ မွေးကင်းစကလေးငယ်များမှာ လူ့လောက၊ လူ့ဘဝသို့ရောက်စကာလ မိခင်ရင်ငွေ့ ခိုလှုံမှေးစက်အားယူရမည့် အချိန်ကာလဖြစ်သည်။ ပန်းကောင်းတစ်ပွင့်၊ အပင်ကောင်းတစ်ပင် ဖြစ်စေရန်အတွက် အညှောင့်ထွက်စ ပျိုးပင်ပေါက်ကဲ့သို့ အထူးဂရုစိုက် ပျိုးထောင်ရမည့်အချိန်ဖြစ်သည်။

 

သို့သော် မျက်မှောက်ကာလ၌ ရင်ခွင်ပိုက်ကလေးငယ်များ၏ဘဝအတွက် ကြေကွဲဖွယ်ရာများကို မြင်တွေ့လာရသည်။ ရင်ခွင်ပိုက်ကလေးငယ်များကို ၄င်းတို့၏မိခင်များက စွန့်ပစ်လာကြသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ရန်ကုန်မြို့တွင် လှုပ်ရှားမှု အခမ်းအနားကျင်းပခဲ့သည်။ ရင်ခွင်မဲ့ ကလေးငယ်များ၏ဘဝအတွက်ဝမ်းမြောက်မိသည်။

 

ရင်ခွင်မဲ့ကလေးငယ်များအရေးဆိုသည်နှင့် မိခင်လောင်း အမျိုးသမီးများ၏ အရေးကိုလည်း ထည့်သွင်း စဉ်းစားကြရမည်ဖြစ်သည်။ ကလေးငယ်များ စွန့်ပစ်ခံရသည့် အကြောင်းအရင်းဇာစ်မြစ်ကို ရှာဖွေဖော်ထုတ် အဖြေရှာကြရမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသီးများ၏အခန်းကဏ္ဍမှာ အရေးကြီးလာသည်။ ကိုယ်ကျင့်တရားများ ထိန်းသိမ်းစောင့်ရှောက်ရေး၊မပြည့်စုံသည့်ဘဝကြောင့် တာဝန်မယူနိုင်သည့်စိတ်ဓာတ်များ လျော့ပါးရေးတို့အတွက် အသိပညာပေးရေး၊ အကူအညီပေးရေးပြုလုပ်ကြရမည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆက်စပ်ဝန်ကြီးဌာနများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ INGOs၊ NGOs အဖွဲ့များနှင့်ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေး၊ အမျိုးသမီးများ ၄င်းတို့၏အခွင့်အရေးများ သိရှိရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်းနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်သည့် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် အသိအမြင်တိုးပွားရေးကို နိုင်ငံတကာနှင့်လက်တွဲ၍ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

ယခုအခါ မြန်မာနိုင်ငံတွင် ဆေးရုံများ၊ လမ်းဘေးများတွင် စွန့်ပစ်ခံကလေးများ များပြားလာသည်ကို တွေ့ရသည်။ ပရဟိတဂေဟာများတွင်လည်း မွေးကင်းစစွန့်ပစ်ခံကလေးများအား စောင့်ရှောက်ထားသည်ကိုတွေ့ရသည်။ ထိုအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်လှုပ်ရှားလာခြင်းကို ကြိုဆိုရမည်ဖြစ်သလို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ စွန့်ပစ်ခံရသော ရင်ခွင်ပိုက်ကလေးငယ်များအား မိဘရင်ခွင်တွင် စောင့်ရှောက်သကဲ့သို့ နွေးထွေးသောမေတ္တာရရှိရေးနှင့် ရင်ခွင်မဲ့စွန့်ပစ်ခံကလေးငယ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ် တားဆီးရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း။

 

(ကြေးမုံ)