ရင်ကျပ်ပန်းနာ (Asthma) နှင့် ကိုဗစ်ကပ်ရောဂါ (Covid-19)

၅  မေ

ယနေ့ မေလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ရင်ကျပ် ပန်းနာရောဂါအထိမ်းအမှတ်နေ့ (World Asthma Day)” မှာ ရင်ကျပ်ပန်းနာလို့ခေါ်တဲ့ Asthma ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတအချို့ မျှဝေပေးချင်ပါတယ်။

ယခုအချိန်ဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ဖြစ်ပေါ်နေတဲ့အတွက် အများပြည်သူအပေါင်းဟာ စိုးတထိတ်ထိတ်နဲ့ နေနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ရင်ကျပ်ပန်းနာရောဂါရှိသူများအနေနဲ့တော့ ပိုပြီးစိုးရိမ် ကြောင့်ကြရှိနေနိုင်ပါတယ်။ ကိုဗစ် - ၁၉ ဟာ ရင်ကျပ် ပန်းနာ (Asthma) ရှိသူတွေမှာ ပိုဖြစ်နိုင်၊ ပိုဆိုးနိုင်တယ်လို့ သိထားကြပါလိမ့်မယ်။ ဒါကြောင့် ခါတိုင်းနဲ့မတူဘဲ ပိုပြီးဂရုစိုက်နေထိုင်ကြရမှာပါ။ ရင်ကျပ်ပန်းနာရှိသူတွေ အနေနဲ့ ကိုယ့်ရဲ့ ရောဂါအခြေအနေအပေါ်မူတည်ပြီး သင့်တင့်အောင် နေထိုင်ခြင်းဖြင့် ယခုကျရောက်နေတဲ့ ကမ္ဘာ့ကပ်ရောဂါအချိန်ကာလကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်အောင် ဆန္ဒပြုရင်း သင့်တင့်တဲ့ အကြံပြု ချက်တချို့ကို ပြောကြားဖြန့်ဝေချင်ပါတယ်။

ပထမအမျိုးအစား

ပထမတစ်မျိုးက ရင်ကျပ်ပန်းနာရောဂါရှိ/မရှိ မသေချာသေးတဲ့ ရင်ကျပ်၊ ချောင်းဆိုး ဖြစ်လေ့ဖြစ်ထရှိသူ တွေပါ။ ရင်ကျပ်ပန်းနာရောဂါ ရှိ/မရှိကို မသေချာသေးသူ တွေမို့ သေချာအောင် မိသားစုဆရာဝန်၊ အထူးကုဆရာဝန် တွေထံ ပြကို ပြသရမယ့်သူတွေ ဖြစ်ပါတယ်။ အခွင့်သင့် တာနဲ့ အမြန်ဆုံး ပြသကြပါ။ ဆေးရုံ၊ ဆေးခန်းတွေမှာ ရင်ကျပ်လို့၊ ချောင်းဆိုးလို့ပြသရင် အရင့်အရင်တုန်းက ပြဿနာမရှိတတ်ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ ကိုဗစ်-၁၉ ကြောင့် ဆရာဝန်၊ ဆရာမတွေက သံသယ ထားပြီး လူနာကို မေးမြန်းတာ၊ စစ်ဆေးတာတွေရှိမှာပါ။ ကိုဗစ်-၁၉ မှာလည်း ချောင်းဆိုးတာ၊ မောတာ၊ ရင်ကျပ်တာစတဲ့ လက္ခဏာတွေ ရှိနေတာကိုး။

ရင်ကျပ်လူနာတွေမှာတော့ ချောင်းဆိုး၊ မော၊ ကျပ်တာတွေဟာ ဒီ ကိုဗစ်ရောဂါကြီး မရှိခင်ကတည်းက ဖြစ်နေတတ်မယ်။ မိဘမျိုးရိုးမှာပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေထဲ မှာပဲဖြစ်ဖြစ် ရှိနေတတ်မယ်။ ဒီအချက်တွေကို လူနာ ကိုယ်တိုင်က ကျကျနန ပြောပြတတ်ရင်တော့ စစ်ဆေး စမ်းသပ်မယ့် ဆရာဝန်၊ ဆရာမတွေအတွက် ရင်ကျပ် ပန်းနာရောဂါကိုပိုပြီး အလေးထားစဉ်းစားမိမှာပေါ့။ ဒါပေမဲ့လည်း ခြွင်းချက်တွေက ရှိနေသေးပါတယ်။ ကိုဗစ်- ၁၉ ရောဂါကို တစ်ထိုင်တည်း “One stop service” နဲ့ ဟုတ်၊ မဟုတ် ပြောဖို့မလွယ်သေးသလို ရင်ကျပ်ပန်းနာ ရောဂါကိုလည်း တစ်ခါတည်း စမ်းသပ်ရုံနဲ့ တပ်အပ်ပြောဖို့ ခက်ပါတယ်။ အထူးသဖြင့် စမ်းသပ်နေတဲ့အချိန်တွေမှာ ဘာရောဂါလက္ခဏာမှ မပြခဲ့ရင်ပေါ့။ ဒါကြောင့် ကိုဗစ်- ၁၉ ရောဂါရှိနေချိန်မှာရော ရောဂါကပ်ကြီး ပြီးသွားချိန် ကျရင်ပါ ရင်ကျပ်ပန်းနာ ရောဂါအခံ ရှိ/ မရှိ သိထား ရအောင်ပါ။ ရှိရင်လည်း ကုထားလို့ရအောင်ပါ။

ဒုတိယအမျိုးအစား

ဒုတိယအမျိုးအစားကတော့ ရင်ကျပ်ပန်းနာရောဂါ ရှိတာ သေချာပြီးသား လူနာတွေပါ။ ဆေးမမှန်၍သော် လည်းကောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့်သော် လည်းကောင်း ရင်ကျပ်ရောဂါထကြွနေသူတွေပါ။ ဒီလူနာတွေလည်း ဆေးရုံ၊ ဆေးခန်းကို အခွင့်သာတာနဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ လက်ရှိသောက်နေ ရှူနေတဲ့ နေ့စဉ်မှီဝဲဖို့ ညွှန်ကြားထားတဲ့ဆေးတွေကို နေ့စဉ်မှန်မှန် ဆက်လက်သောက်ပါ။ ရှူပါ။ အကယ်၍များ ရောဂါ ပိုဆိုးလာလို့ အသက်ရှူပိုကျပ်လာတယ်၊ တရွှီးရွှီးမြည်လာမယ်၊ ချောင်းဆိုးမယ်၊ မောလာမယ်၊ စကားပြောရခက်လာမယ်၊ အသားအရေ ပြာနှမ်းလာပြီဆိုရင်တော့ “Acute Severe Asthma” လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်လာ ပါမယ်။ အရေးပေါ်ဌာနကို အမြန်ဆုံးသွားရပါမယ်။

အရေးပေါ် သုံးမယ်ဆိုတဲ့ အကြံအစည်

ဆေးရုံ၊ ဆေးခန်းနဲ့ အရေးပေါ်ဌာနကိုရောက်တဲ့အခါ ရင်ကျပ်နေတာကို ချက်ချင်းသက်သာရာရဖို့အတွက် Nebulizer လို့ခေါ်တဲ့ အငွေ့ရှူစက်နဲ့ ရင်ချောင်စေတဲ့ ဆေးတွေ ပေးလေ့ရှိပါတယ်။ အဲဒီဆေးငွေ့တွေ ရှူရှိုက် လိုက်ရပြီဆိုရင် ရင်ကျပ်တာတွေ အတော်အသင့် သက်သာ သွားတတ်ပါတယ်။ ချောင်းနည်းနည်းဆိုးပြီး ကျပ်နေတဲ့ ချွဲတွေ ထွက်လာတတ်ပါတယ်။ အသက်ရှူချောင်သွားတတ် ပါတယ်။ အဲဒီတော့ ရင်ကျပ်ပန်းနာ လူနာတချို့က စက်နဲ့ ဆေးကိုမေးမြန်းပြီး ဝယ်ဆောင်ထားတတ်ပါတယ်။ နောင်ဖြစ်ရင် အရေးပေါ် သုံးမယ်ဆိုတဲ့ အကြံအစည်ပေါ့။

ဒီနေရာမှာ အချက် သုံးခုကို တင်ပြပါမယ်-

တစ်အချက်က မိမိရဲ့ရောဂါအတွက် မိမိရဲ့ဆုံးဖြတ် ချက်နဲ့ ဒီစက်နဲ့ ဆေးကိုသုံးမှာပါ။ စဉ်းစားကြည့်ရအောင်ပါ။ ရင်ကျပ်ပန်းနာသည်ဟာ နောက်တစ်ချိန် ရင်ကျပ်တာ၊ မောတာဖြစ်ရင် ရင်ကျပ်ပန်းနာကြောင့် ပြန်ကျပ်တာဖြစ်ဖို့ သေချာပါသလား။ အခြားရောဂါတွေ (ဥပမာ နှလုံး၊ အဆုတ်လေအိတ်ပေါက်၊ နမိုးနီးယား စသည်ဖြင့်) ကြောင့် ရော မဖြစ်နိုင်တော့ဘူးလား။ အဲဒီလို အခြားရောဂါတွေ ကြောင့်ဆိုရင် အနာနဲ့ဆေးလွဲပြီပေါ့။ ရင်ကျပ်ရောဂါ ထကြွလို့ပဲဆိုရင်လည်း ဆေးချိန်ပမာဏ၊ ဆေးရှူရမယ့် အကြိမ် အရေအတွက် စသည်တို့က အရေးကြီးနေပြန်ပြီလေ။ တန်ဆေး လွန်ဘေးမဟုတ်ပါလား။ နောက်တစ်ခုက ရင်ကျပ်ရောဂါဆိုးလာရင် ဘာကြောင့်ဆိုးရသလဲဆိုတာကို ရှာကြည့်ရပါသေးတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ မေးရ၊ စမ်းရ၊ စစ်ရ လုပ်ရတဲ့အကြောင်းပေါ့။ ရောဂါထကြွစေတဲ့ အကြောင်းသိမှ၊ အဲဒီအကြောင်းရင်းကိုပါ အချိန်မီကုနိုင်ပါမှ ရင်ကျပ်ရောဂါက သက်သာမှာလေ။ ကိုယ့်သဘောနဲ့ကိုယ် ကြိတ်ကုနေရင် ဆေးရုံ၊ ဆေးခန်းအရောက်နောက်ကျပြီး အသက်အန္တရာယ်ရှိတတ်ပါတယ်။

လမ်းညွှန်ချက်တွေ လိုက်နာရ

နှစ်အချက်က Nebulizer စက်နဲ့ ပတ်သက်ပါတယ်။ ဒီစက်က ဆေးအရည်ကို အငွေ့အမှုန်လေးတွေဖြစ်အောင် လုပ်ပေးတာပါ။ လူနာက ရှူလိုက်တာနဲ့ လူနာရဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထဲကို တိုက်ရိုက်ရောက်သွားပြီး မိနစ်ပိုင်းအတွင်းမှာ ဆေးအာနိသင်ပြပါတယ်။ အကယ်၍ များ ဒီစက်ရဲ့ဆေးရည်ထည့်တဲ့ခွက်ထဲမှာ မသန့်ရှင်းလို့၊ အမှုန်အမွှားတွေ၊ ပိုးတွေရှိနေခဲ့ရင် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းထဲ တိုက်ရိုက်ရောက်သွားပြီး ရောဂါဖြစ်စေ ပါလိမ့်မယ်။ ဒါကြောင့် ဒီစက်ပစ္စည်းတွေ ကိုင်တွယ်အသုံးပြု ရာမှာ စနစ်တကျရှိဖို့ လမ်းညွှန်ချက်တွေ လိုက်နာရမှာပါ။

ရင်ကျပ်ပန်းနာမထကြွအောင် မှန်မှန်ဆေးမှီဝဲ

သုံးအချက်က ယခု ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ သက်ဆိုင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါရှိနေတဲ့လူနာကို ပေးရှူ ထားတဲ့စက်နဲ့ တခြားရင်ကျပ်ပန်းနာလူတွေ ရောနှော အသုံးပြုခဲ့ရင် ကိုဗစ်-၁၉ ရောဂါတွေ ကူးစက်ပျံ့နှံ့သွားမှာ ပါ။ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ ဆရာမတွေအနေ နဲ့ ဒီအချက်ကို ကောင်းစွာသဘောပေါက်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ် - ၁၉ ရောဂါရှိ လူနာကို Nebulizer စက်နဲ့ ဆေးငွေ့ ပေးရှူတာကို အလွယ်တကူ ညွှန်ကြားပေးလေ့ မရှိပါဘူး။ အကြောင်းကတော့ ဆေးရှူချိန်နှင့် ရှူပြီးချိန်မှာ ကိုဗစ်-၁၉ လူနာက ချောင်းဆိုးရင် လေထဲမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်စေတဲ့ ပိုးတွေအများကြီးပါလာပြီး ပတ်ဝန်းကျင် မှာရှိနေတဲ့ လူနာတွေနဲ့ဆရာဝန်၊ ဆရာမတွေပါ ကူးစက် ကုန်မှာပါ။ လိုအပ်လို့ ပေးရှူရတော့မယ်ဆို ရင် “Aerosol Precaution” လို့ခေါ်တဲ့ လေမှ ကူးစက်မှုကို ကာကွယ်ခြင်းကို အရင်ပြင်ဆင်ပြီးမှ စက်ပေးရှူစေရပါ တယ်။ ဒီမျှလောက်ဆိုရင် Nebulizer စက်ရဲ့ကောင်းချက် နဲ့ ဆိုးချက်တွေကို သုံးသပ်နိုင်ပြီလို့ ထင်ပါတယ်။ဒါကြောင့် အကောင်းဆုံးကတော့ ရပ်ကျပ်ပန်းနာမထကြွအောင် မှန်မှန်ဆေးမှီဝဲပြီး ဘေးကင်းအောင်နေကြဖို့ပါပဲ။

တတိယအမျိုးအစားက ရင်ကျပ်ပန်းနာရောဂါရှိ ပြီး ဆေးမှန်မှန်မှီဝဲနေလို့ ရောဂါငြိမ်နေတယ်။ ဒါပေမဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ ဆရာမတွေဆီမှာ ပြန်ပြဖို့ ရက်ချိန်း စေ့နေတဲ့သူတွေပေါ့။ ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်ထားတာတွေ၊ သွားရေးလာရေး ခက်နေတာ တွေ၊ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေနဲ့တွေ့ဖို့ အဆင်မပြေတာတွေ ရှိနေတဲ့သူတွေပေါ့။ အဲဒီလူနာ တွေကို အကြံပြုချင်တာက လက်ရှိညွှန်ကြားထားတဲ့ ဆေးတွေမှာ နေ့စဉ်ရှူရန်၊ နေ့စဉ်သောက်ရန်ဆိုတဲ့ ဆေးတွေကို နေ့စဉ် မှန်မှန်ရှူပါ။ သောက်ပါ။ ဆေးမပြတ် ပါစေနဲ့။ ဆေးဆိုင်၊ ဆေးခန်းတွေမှာ ဆေးညွှန်းပြဝယ်ပြီး ဆေးမပြတ်ဖို့ ဆောင်ရွက်ကြပါ။ ကမ္ဘာ့ကပ်ရောဂါဟာ အမြဲရှိနေမှာ မဟုတ်တဲ့အတွက် သွားလာရေးအဆင်ပြေ ရင် ဆေးရုံ၊ ဆေးခန်းတွေဆီ ပြန်ပြကြပါ။

ရင်ကျပ်ပန်းနာလို ရောဂါရှိသူတွေမှာ ပိုပြင်းထန်

စတုတ္ထအမျိုးအစားကတော့ ရင်ကျပ်ပန်းနာရောဂါ ရှိသော်လည်း ရောဂါငြိမ်နေတဲ့သူတွေ၊ မှီဝဲနေတဲ့ရှူဆေး၊ သောက်ဆေးတွေနဲ့ ရောဂါသက်သာပြီး ဆေးရုံ၊ ဆေးခန်း ရက်ချိန်းဝေးနေသေးတဲ့ သူတွေအတွက်ပါ။ သာမန်လူ ကောင်းတွေလို နေထိုင်နိုင်တဲ့ကံကောင်းတဲ့ ရင်ကျပ် ပန်းနာလူတွေပေါ့။ ဒါပေမဲ့ သာမန်လူကောင်းတွေထက် ပိုဂရုစိုက်ပြီး နေထိုင်ကြရပါမယ်။ အထူးသဖြင့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ ကိုပေါ့။ ဒီကပ်ရောဂါဟာ ရင်ကျပ် ပန်းနာလို ရောဂါရှိသူတွေမှာ ပိုပြင်းထန်ပါတယ်။ အသက်အန္တရာယ်လည်း ပိုရှိပါတယ်။ ဒါကြောင့် ပိုဂရုစိုက်ရပါမယ်။ အိမ်ထဲမှာပဲ ကြိုးစားနေထိုင်ပါ။ လူလူချင်းခပ်ခွာခွာနေပါ။ နှာခေါင်းစည်းကို လိုအပ်တိုင်း သုံးပါ။ အထူးသဖြင့် အပြင် ထွက်ရင်ပေါ့။ လက်ခဏခဏ ဆေးပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ စားချိန်၊ အိပ်ချိန်မှန်ပါစေ။ ရင်ကျပ်ပန်းနာနဲ့ပတ်သက်တဲ့ဆေးတွေလည်း နေ့စဉ်မှန်မှန် သုံးစွဲပေးပါလို့ ပြောချင်ပါတယ်။

ကျန်းမာရေးအသိရှိရှိနဲ့ နေ့စဉ်နေထိုင်မှုကို သတိထားပြီး ဤကမ္ဘာ့ကပ်ရောဂါကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ။

ပါမောက္ခ ဒေါက်တာဝင်းနိုင်(အဆုတ်နှင့် ရင်ခေါင်း အထူးကုဆရာဝန်ကြီး)