ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်

၂၈ ဇန်နဝါရီ

 

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်ပြီး Invest Myanmar Summit 2019 ကို နေပြည်တော်တွင် ကျင်းပလျက်ရှိသည်။

 

Invest Myanmar Summit 2019  တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တစ်နေရာတည်းတွင် တစ်နိုင်ငံလုံးနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများကို မြင်တွေ့ခွင့်၊ လေ့လာခွင့် ရရှိကြပြီး ဝယ်သူနှင့် ရောင်းသူတို့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခွင့်ရရှိနေပြီဖြစ်သည်။

 

Invest Myanmar Summit 2019  သို့ တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

 

ဒေါက်တာမောင်မောင်လေး

 

(မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ)

 

အရင်လို ဝယ်သူနဲ့ရောင်းသူ ဟောပြောပို့ချသွားတဲ့ ပုံစံမဟုတ်ဘဲနဲ့ အခုဟာက ဝယ်သူနဲ့ ရောင်းသူ လက်တွေ့ တွေ့ဆုံဆွေးနွေးတဲ့ပွဲဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တချို့က မြန်မာနိုင်ငံရဲ့အရွေ့နဲ့ ငြိမ်းချမ်းရေးကို စောင့်ကြည့်နေတာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ဆိုရှယ်လစ်စနစ်စီးပွားရေးစနစ်ကနေ ပြောင်းလာ ခဲ့တာ။ အပြောင်းအလဲမှာ တော်တော်များများက စောင့်ကြည့်လေ့ရှိပါတယ်။ နိုင်ငံရေး တည်ငြိမ်ဖို့တော့လိုပါတယ်။ နိုင်ငံရေးတည်ငြိမ်အောင် နိုင်ငံတော်ကလည်း လုပ်ဆောင်နေပါတယ်။ တည်ငြိမ်မှုကို အဓိကကြည့်ပြီး သွားကြတာတွေလည်းရှိပါတယ်။

 

အခုပွဲက ရောင်းမယ့်သူနဲ့ ဝယ်မယ့်သူကို တစ်နေရာတည်းမှာ တွေ့ပေးတယ်။ တွေ့ပေးပြီးတော့ ရောင်းမယ့်သူက သူ့ Project တွေကို အများကြီးတင်တယ်။ Project ၂၀ဝ လောက်ကို တင်တယ်။ ပြည်ထောင်စုရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေကရော Project တွေတင်တယ်။ ပြည်တွင်း ပြည်ပက လုပ်ငန်းရှင်တွေက သူတို့အဖွဲ့တွေ ခေါ်လာပြီး ဘယ် Project တော့ ကောင်းတယ်။ လုပ်ချင်တယ်ဆိုရင် တစ်ထိုင်တည်းမှာ သက်ဆိုင်ရာဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးလို့ရပါတယ်။ ဒီအချိန်မှာပဲ အကောက်ခွန်တို့၊ မြေစာရင်းတို့နဲ့ ဆွေးနွေးလို့ရပါတယ်။ တစ်နေရာတည်းမှာ အလုပ်ဖြစ်သွားနိုင်ပါတယ်။ အရင်လို စကားပြောပြီး ဖိတ်ခေါ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ လက်တွေ့ကျကျ အလုပ်လုပ်တဲ့ ပုံစံဖြစ်ပါတယ်။

 

၂၀၁၉ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြန်တက်လာဖို့ ရှိနိုင်ပါတယ်။ ဒီ Project တွေ ပေါ်လာပြီဆိုတော့ Project တွေကို အသိပေးလာပြီ။ အရင်တုန်းက ပွင့်လင်းမြင် သာမှု မရှိပါဘူး။ အခုက ထင်သာမြင်သာနဲ့ လုပ်ကိုင်သွားတော့ တော်တော်များများက ယုံကြည်မှုတွေ ရလာပါတယ်။

 

11

 

ဒေါက်တာအောင်ထွန်းသက် (စီးပွားရေးပညာရှင်)

 

စီးပွားရေးလုပ်တဲ့အခါမှာ အမြတ်ရဖို့၊ လူတွေကိုစောင့်ရှောက်ဖို့၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လိုပါတယ်။ သိက္ခာသမာဓိရှိဖို့လည်းလိုပါတယ်။ နိုင်ငံတစ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုတဲ့အခါမှာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေခံ တွေကအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံ စီးပွားရေးတိုးတက်ဖို့ဆိုရင် ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး ကလည်း အခြေအနေကောင်းမှ ရမှာပါ။ တရားဥပဒေစိုးမိုးတာကလည်း အရေးပါတဲ့ ကိစ္စဖြစ်တဲ့အတွက် ဟန်ချက်ညီညီလုပ်မှရပါမယ်။ စီးပွားရေးတစ်ခုတည်း အာရုံစိုက်နေ လို့မဖြစ်ပါဘူး။ နိုင်ငံရေးကို အာရုံစိုက်ဖို့လိုပါတယ်။ လူမှုရေးကိုလည်း အာရုံစိုက်ဖို့လိုပါ တယ်။ အဲဒီလိုသာ လုပ်နိုင်ရင် လိုချင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလိမ့်မယ်လို့ ထင်ပါ တယ်။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံဟာ ပြည်သူတွေအတွက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးလုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ အဂတိလိုက်စားမှု လျော့ပါးဖို့လည်းလိုပါတယ်။ အဂတိလိုက်စားမှုရှိ သရွေ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ခက်နေပါမယ်။ အစိုးရဝန်ကြီးဌာနတွေအားလုံး အလုပ် လုပ်တဲ့အခါမှာ သွက်လက်ဖို့၊ မြန်ဆန်ဖို့ လိုပါတယ်။ အဲဒါတွေရှိမှ လိုချင်တဲ့ ရင်းနှီးမြှုပ်နှံမှု ရနိုင်မယ်လို့ ထင်ပါတယ်။

 

ဒီလိုပွဲတွေလုပ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သိလာမယ်။ ချိတ်ဆက် မှုတွေ ရလာပါမယ်။ နိုင်ငံသားခြားသားတွေလာကြတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေ လာကြတယ်။ ဒီနေ့ ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် ဆိုကြ၊ ပြောကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးရအောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

22

 

ဦးရဲအောင်မိုး

 

(ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်တာဝန်ခံ၊ ညွှန်ကြားရေးမှူး)

 

ရခိုင်ပြည်နယ်မှာ အဓိက ခရီးစဉ်ဒေသနှစ်ခုဖြစ်တဲ့ ငပလီကမ်းခြေဒေသနဲ့ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ရှိပါတယ်။ အလားတူ ငပလီကမ်းခြေလို လှပ တဲ့ ကမ်းခြေနေရာတွေလည်း အများကြီးရှိပါတယ်။ ဂွတို့၊ မာန်အောင်ကျွန်းတို့၊ ရမ်းဗြဲ ကျွန်းတို့ဟာလည်း အင်မတန် လှပသာယာတဲ့ နေရာတွေပါ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ တို့ ပူးပေါင်းကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါတယ်။ ဟိုတယ် လုပ်ငန်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်သလို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စက်မှုလုပ် ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဘယ်လို နေရာမှာ၊ ဘယ်လိုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုတာကို Rakhine State Investment Fair ဆိုပြီး လာမယ့် ဖေဖော်ဝါရီလမှာ ငပလီကမ်းခြေဒေသမှာ ကျင်းပဖို့ အစီအစဉ် ရှိပါတယ်။ ပြည်နယ်ရဲ့ ရင်းနှီးမြှုပ်နှံနိုင်မှု အခွင့်အလမ်းတွေချပြမယ်။ စိတ်ပါ ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေကို ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ရှင်းပြမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအတွက် လမ်းပန်းဆက်သွယ်ရေးကလည်း အရေးပါပါတယ်။

 

33

 

ဦးစည်သူမိုးမြင့်၊ Exective Director နှင့် Country Manager

 

MPRL E&P ကုမ္ပဏီအုပ်စု

 

ဒီပွဲမှာ ကျွန်တော်တို့ကုမ္ပဏီက လုပ်ကွက် A6 ရဲ့ ဝန်ဆောင်မှုတွေကို အဓိက ထားပြီးပြထားပါတယ်။ နောက်ပြီး A6 ကို ပံ့ပိုးပေးမယ့် ကမ်းလွန်ထောက်ပံ့ရေးစခန်း ကို ပြထားပါတယ်။

 

ကုမ္ပဏီကဆောင်ရွက်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက ကမ်းလွန်လုပ်ကွက် A6 မှာ  ရှာဖွေရေးလုပ်ငန်းတွေ အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးအပိုင်းကို စတင်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေပါ တယ်။ သဘာဝဓာတ်ငွေ့ကို နောက် ၅ နှစ်ကြာတဲ့အခါ စတင်ထုတ်လုပ်ဖို့ ရည်ရွယ် ထားပါတယ်။ ကမ်းလွန်လုပ်ကွက် A6 မှာရှိတဲ့ စီမံကိန်းအမျိုးအစားဟာ ခက်ခဲတဲ့ စီမံကိန်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုရေအနက်အပိုင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်း အခုလောလောဆယ် အခု ၂၀ ပဲရှိပါတယ်။ ဒီစီမံကိန်းဟာ ၂၁ ခုမြောက် စီမံကိန်းဖြစ်ပါတယ်။

 

ဒီစီမံကိန်းကို ၅ နှစ်နဲ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုတာ အင်မတန် မြန်ဆန်တယ်လို့ယူဆလို့ရပါတယ်။ ၅ နှစ်နဲ့ စီမံကိန်းဖြစ်မြောက်လာဖို့အတွက်လည်း စီမံကိန်းကို အထောက်အကူပြုမယ့် ကမ်းလွန်အထောက်အကူပြုစခန်းတစ်ခုလည်း တည်ဆောက်ဖို့လိုပါတယ်။ ကမ်းလွန်လုပ်ကွက်တွေမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်း တော်တော်များများက စင်ကာပူနိုင်ငံမှာရှိတဲ့ အထောက်အကူပြုစခန်းတွေကို မှီခိုပြီး လုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ကုန်ဆုံးစေပါတယ်။ ဒါကြောင့် အထောက်အကူပြုစခန်းကို ၂ နှစ်နဲ့ ပြီးအောင်တည် ဆောက်ခဲ့ပါတယ်။ အဲဒီစခန်းက A6 စီမံကိန်းဖြစ်မြောက်လာအောင်လည်း အထောက် အကူပြုသွားမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပထဝီမြေမျက်နှာသွင်ပြင် အနေအထားအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေကို အိန္ဒိယသမုဒ္ဒရာနဲ့ ချိတ်ဆက်ပေးထားတဲ့ နေရာမှာရှိပါ တယ်။ အာဆီယံအနေနဲ့ အရှေ့နဲ့အနောက် ချိတ်ဆက်ပေးတဲ့ စြင်္ကံလမ်း (East West Corridor)ကို ဗီယက်နမ်နိုင်ငံ ဒါနန်းကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး ကျွန်တော်တို့ရဲ့ E&A OSB Profect နေရာအထိ ချိတ်ဆက်ပေးနိုင်ခဲ့မယ်ဆိုရင် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထူးအထောက်အကူပြုလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လက်ရှိ စီမံကိန်းနေရာမှာ ကမ်းလွန်ထောက်ပံ့ရေးဆိပ်ကမ်းမျိုးသာမက နောက်မှာ ဘက်စုံသုံး ပင်လယ်ရေနက်ဆိပ်ကမ်းအထိပါ ရည်မှန်းဆောင်ရွက်သွား နိုင်မှာဖြစ်ပါတယ်။

 

44

 

ဦးမောင်ဝိတ်၊ ဥက္ကဋ္ဌ

 

SAE PAING DEVELOPMENT  LIMTED

 

ဒီနေ့အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသွားတဲ့ သတင်းစကား တွေက တော်တော်ကောင်းပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွားပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေကောင်းတွေရှိတယ်။ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် သက်ဆိုင်ရာ ဌာနတွေအားလုံးကလည်း  ကူညီပေးမယ်။  သက်ဆိုင်ရာဝန်ကြီးချုပ်တွေ ကလည်း ဥပဒေဘောင်ထဲကနေပြီး ဖြေလျှော့ပေးနိုင်တာတွေကို ဖြေလျှော့ပေးမယ်လို့ ပြောသွားတာ တော်တော်လေး အားရဖို့ ကောင်းပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ နောက်ထပ် အများကြီးရောက်လာကြမယ်လို့ မြင်မိပါတယ်။

 

စီးပွားရေးအခြေအနေက ၂၀၁၉ မှာ ကျန်ခဲ့တဲ့နှစ်တွေထက် အများကြီးပို ကောင်း လာလိမ့်မယ်လို့ ထင်ပါတယ်။ လုပ်ငန်းတိုင်းမှာ အခက်အခဲဆိုတာရှိပါတယ်။ အခက် အခဲတွေရှိတယ်ဆိုပေမယ့် လက်ရှိ ရှိတဲ့အခြေအနေပေါ်မှာပဲ ပိုကောင်းအောင် ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာကိုပဲ စဉ်းစားထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုအရေအတွက်က ကျန်ခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တိုးလာပါတယ်။ ဒါပေမယ့် အများကြီးတိုးပြီး ပိုပြီးတော့အောင်မြင်ဖို့ဆိုရင် ဆက်ပြီးတော့ ကြိုးစားရအုန်းမှာပါ။ ဒီအတွက်ပဲ ရင်းနှီး မြှုပ်နှံမှုဖိုရမ်ကိုကျင်းပပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ဖို့ ဆောင်ရွက်နေတာလို့ မြင်ပါ တယ်။ ဒီလိုပွဲတွေ အများကြီးဆက်ပြီး ကျင်းပသွားဖို့လိုပါတယ်။ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေအားလုံး ဒီလိုပွဲတွေမှာ ရင်းနှီး မြှုပ်နှံသူတွေကို မြန်မာနိုင်ငံမှာ ရဲရဲတင်းလင်း လာရောက်ရင်းနှီးမြှုပ်နှံပါ။ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေအများကြီးရှိပါတယ်လို့ မှတ်ချက်ပေးသွားတာဟာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအတွက် အားရှိစေပါတယ်။

 

နိုင်ငံခြားကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ ပြည်တွင်းကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင် နိုင်တဲ့စွမ်းအား လျှော့ကျသွားမယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အိမ်ရှင်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအကြောင်းကို နိုင်ငံခြားသားတွေထက် ကျွန်တော်တို့ ပိုပြီးသိပါ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေပါလာမှာက အုပ်ချုပ်မှုစနစ်၊ နည်းပညာတွေပါလာ မယ်။ ဒေသခံတွေဖြစ်တဲ့ ကျွန်တော်တို့က  နိုင်ငံသားတွေဖြစ်တဲ့အတွက် အားသာချက် တွေရှိပါတယ်။ သူတို့ရဲ့အားသာချက်တွေလည်းရှိပါတယ်။ သူတို့ရဲ့အားသာချက်တွေနဲ့ ကျွန်တော်တို့ရဲ့အားသာချက်တွေပူးပေါင်းပြီး ပိုပြီးတော့ကောင်းတဲ့ အဖွဲ့အစည်းတွေ ပေါ်ထွက်လာဖို့၊ ပိုပြီးတော့ကောင်းတဲ့ နိုင်ငံတော်ကြီးဖြစ်လာဖို့ ဆိုတဲ့ ဒီလိုနည်းလမ်း တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံခြားရင်းနှီးမြှုပ်သူတွေကို ဖိတ်ခေါ်ပါတယ်။ ထိုနည်းတူပါပဲ ။ မြန်မာနိုင်ငံသားတွေလည်း ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်လာဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့လည်း ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလိုပွဲတွေကို ၆ လ တစ်ကြိမ် ဒါမှ မဟုတ် ၁ နှစ်တစ်ကြိမ် ဆောင်ရွက်သွားဖို့ အကြံပြုလိုပါတယ်။ ဒါမှလည်း ရင်းနှီးမြှုပ်နှံ သူတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေကြားမှာ ပိုပြီးတော့ ရင်းနှီးမှုတွေရလာမယ်။ တင်ပြ စရာတွေရှိရင်လည်း တင်ပြလာနိုင်မယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ လုပ်ငန်းစဉ်တွေ ဘယ်လို ရှိတယ်ဆိုတာကိုလည်း ပိုပြီးတော့ သိခွင့်ရလာမှာဖစ်ပါတယ်။ ဒါကြောင့် အခုလို ပွဲမျိုးတွေကို များများလုပ်သွားဖို့ အကြံပြုပါတယ်။

 

44

 

ဒေါ်ခင်အေးဝင်း၊ မန်နေးဂျင်းဒါရိုက်တာ

 

STI MYANMAR UNIVERSITY

 

ဒီပွဲမှာတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ တင်ထားတဲ့ ပညာရေးဝန် ဆောင်မှု လုပ်ငန်းတွေကို ပါဝင်ပြသထားပါတယ်။ လက်ရှိမှာတော့ သင်ကြားရေးဌာန ကြီး ၄ ခုရဲ့ အောက်ကနေပြီးတော့ ကျန်းမာရေးသိပ္ပံအပိုင်း၊ ပညာရေးနှင့် ဘာသာ စကားဆိုင်ရာ သင်ကြားရေးဌာနကြီး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်ကြားရေးဌာနကြီးနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ သင်ကြားရေးဌာနကြီးအောက်မှာ ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်းတွေကို သင်ကြားပို့ချပေးနေပါတယ်။ အဓိကကတော့ ကျွန်မတို့ အင်္ဂလန်နိုင်ငံနဲ့ပူးပေါင်းပြီး သင်ကြားပေးနေတာဖြစ်ပါတယ်။

 

MIC အတည်ပြုချက်ရပြီး ပညာရေးဥပဒေထွက်ပြီးသွားတဲ့အခါ နည်းဥပဒေတွေ အကုန်လုံး ရှင်းရှင်းလင်းလင်းဖြစ်သွားပြီး လိုင်စင်ရသွားရင် မြန်မာနိုင်ငံမှာ ဂုဏ်သိက္ခာ ရှိတဲ့ အရည်အသွေးအရမ်းမြင့်မားတဲ့ အိမ်နီးနားချင်နိုင်ငံတွေမှာ ထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ် ရပ်တည်နိုင်မယ့် အဆင့်မြင့်ပုဂ္ဂလိက တက္ကသိုလ်ကြီးတစ်ခု တည်ထောင် နိုင်ဖို့ရည်ရွယ်ပြီး ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံတကာ က ကျောင်းသားတွေကို လက်ခံသွားချင်တာပါ။

 

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံက လူသိလည်းနည်းတယ်။ စီးပွားရေးကို လည်း တိုးတက်အောင် ပြန်ပြီးတော့ ကြိုးစားနေရတဲ့အချိန်မှာ ကမ္ဘာမှာ နိုင်ငံတကာ ကျောင်းသားတွေကနေပြီးတော့ တစ်ဆင့် ပြန်ပြီးတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုပိုင်း တွေ၊ ရိုးရာဓလေ့တွေနဲ့ မြန်မာနိုင်ငံအကြောင်းကို ပိုပိုပြီးတော့ လူ တွေသိလာပြီးတော့ တိုင်ပြည်တည်ဆောက်ကြမယ့် အနာဂတ်လူငယ်တွေကို တကယ် လိုအပ်တဲ့ အသိညာ၊ အတတ်ပညာတွေကို အိမ်နီးနားချင်းနိုင်ငံတွေက လူငယ်တွေနဲ့ အတူတူရင်ဘောင် တန်းပြီး နိုင်ငံတာဝန်တွေကို ကျတဲ့နေရာမှာ ထမ်းဆောင်နိုင်အောင်လို့  ဂုဏ်သိက္ခာ ရှိရှိနဲ့ ဒီတိုင်းပြည်ကို ပိုပြီးကောင်းမွန်အောင်တည်ဆောက်နိုင်ဖို့ ကြိုးစားဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားချင်နေတဲ့လမ်းကြောင်း ဆိုရင်လည်း မမှားပါဘူး။

 

ဒီပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ အခွင့် အလမ်းတွေ အများကြီးလာပြကြတယ်။ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံ ချင်သူတွေလည်း လာကြပါတယ်။ တစ်နေရာတည်းမှာပဲ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို မြင်တွေ့ရတဲ့အတွက်ကြောင့် အင်မတန်ကောင်းပါတယ်။

 

66

 

ဦးဇော်လင်းအောင်၊ မန်နေဂျင်းဒါရိုက်တာ        

                                             

ကမ္ဘောဇဘဏ်

 

ကျွန်တော်တို့ ကမ္ဘောဇဘဏ်အနေနဲ့ KBZ Pay ကို အခုပွဲမှာ အဓိကထားပြီး ပြသသွားမှာ ဖြစ်ပါတယ်။ KBZ Pay ဆိုတာ ၁၀ဝ ရာခိုင်နှုန်းအပြည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုအဖြစ် ရည်ရွယ်ပြီးဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပုံမှန်ဘဏ်လုပ်ငန်းဝန် ဆောင်မှုစနစ်ကနေပြီး ဒီဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်း အသုံး ပြုပြီး တစ်နိုင်ငံလုံးက ပြည်သူတွေ ရရှိခံစားနိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက် နေခြင်း ဖြစ် ပါတယ်။ ဆက်လက်ပြီး ဒီဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်ကို တိုးချဲ့ဆောင် ရွက်သွား ဖို့ရှိပါတယ်။

 

77

 

ဦးကျော်သက်လှိုင်

 

(Myanmar Developer Association ဒုတိယဥက္ကဋ္ဌ)

 

ဒီပွဲမျိုးက တော်တော်ကောင်းတဲ့ပွဲပါ။ နိုင်ငံတကာကနေ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို မျက်ဝါးထင်ထင် ထိတွေ့ခံစားနိုင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း တွေအပြင် လက်ရှိနိုင်ငံတော်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စီးပွားရေးမူဝါဒတွေ တည်ငြိမ် နေပါတယ်။ နိုင်ငံတော်အစိုးရကလည်း စီးပွားရေးကို အခုလိုအားပေးနေတယ်။ ပြည်သူလူထုကလည်း လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို နွေးနွေးထွေးထွေး ကြိုဆို တာကို သူတို့တကယ်လက်တွေ့ ခံစားသွားရအောင် ပြသနိုင်တာဖြစ်တဲ့အတွက် ဒီလိုပွဲ မျိုး မကြာမကြာလုပ်သင့်ပါတယ်။ မြန်မာနိုင်ငံက ပြဋ္ဌာန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဟာ တစ်ကမ္ဘာလုံးကိုပျံ့နှံ့ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နားလည် အောင် အချိန်နည်းနည်း ယူရပါမယ်။ ဒါတွေနားလည်ပြီး အခွင့်အရေးတွေကို သိပြီး မြန်မာနိုင်ငံမှာ သွားပြီးရင်းနှီးမြှုပ်နှံသင့်တယ် သိသွားပါလိမ့်မယ်။ အခုကတော့ သူတို့ကို ဒီလိုပွဲမျိုးတွေ ကျင်းပပြီးတော့ မကြာမကြာ ရှင်းပြနေရဦးမှာဖြစ်ပါတယ်။

 

အမေး၊ အရေး- မော်စီ၊ ထက်သူ

 

ဓာတ်ပုံ- ရွှေကိုလေး၊ အေးသန်