ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ဆွေးနွေး

နေပြည်တော်  ၁၅  နိုဝင်ဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃)ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၆)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၉)ဦးတို့က ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆွေးနွေးရာတွင် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက “ရင်းနှီးမြှုပ်နှံမှုများ များစွာဝင်လာခြင်းသည် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် သယံဇာတများကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေး၊ Global Supply Chain ထုတ်လုပ်မှု လုပ်ငန်းစဉ်ထဲတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဆက်စပ်စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများ တိုးပွားလာစေရေး၊ ပြည်တွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်မှန်းချက်များ ပြည့်ဝစေရေးအတွက် နိုင်ငံတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည် ဖြစ်သည့်အတွက် အသစ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနအနေဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း" ထောက်ခံဆွေးနွေးသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက “နိုင်ငံတော် အကြီးအကဲများက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံထဲ ဝင်ရောက်လာအောင် အမျိုးမျိုးဆွဲဆောင်ပြီး  ဥပဒေများကို ပိုမိုကောင်းမွန်အောင် လွှတ်တော်ကြီးက ကြိုးစားပြုပြင်ထားသော်လည်း အချို့သော တာဝန်ရှိသူနှင့် အပေါင်းပါလုပ်ငန်းရှင်များက ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ အကျိုးထက် ကိုယ်ကျိုးကိုသာ ရှေးရှုပြီး နည်းလမ်းအမှားများနှင့် အခွင့်အရေး ရယူနေမှုများကို ဥပဒေကြောင်းအရ မတားဆီး မကာကွယ်ပါက နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများ လာရဲမည် မဟုတ်ပါကြောင်း။

 

ယခုထပ်မံ ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသည် ပြတ်ပြတ်သားသား ရဲရဲတင်းတင်း ကိုင်တွယ်အရေးယူရန် အထူးပင် အရေးကြီးပါကြောင်း၊ သို့မှသာ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရခြင်း၏ ရွည်ရွယ်ချက်ဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အားထုတ်မှုများ အရာထင်လာမည်ဖြစ်ပြီး တာဝန်သိ တာဝန်ကျေပွန်သည့် မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာကာ အပြုသဘော ဆောင်ရွက်ချက်များမှ ပြည်သူများအားလုံး၏ အကျိုးစီးပွားကို မြှင့်တင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။

 

ပြည်ပရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံအသီးသီးက အပြိုင်အဆိုင်ခေါ်ယူ ဆွဲဆောင်နေစဉ်တွင် မိမိတို့ နိုင်ငံအနေဖြင့် ပြည်တွင်း ရောက်ပြီးသား ရင်းနှီးမြှုပ်နှံမှုအချို့ကို  ဥပဒေနှင့်အညီ မကာကွယ်ဘဲ လျစ်လျူရှုထားမည်ဆိုပါက ပြင်ပမှ လာချင်သူများကို နိုင်ငံအတွင်းသို့ မလာရဲအောင် ခြောက်လှန့်လိုက်ခြင်းဖြစ်၍ သတိပြု၍ရှောင်ရန် ဆောင်ရန်များကို ပြုပြင်တည့်မတ်နိုင်ပါမှ မျှော်လင့်ထားသည့် ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာနိုင်မည်ဖြစ်ကြောင်းနှင့် ယခုဖွဲ့စည်းမည့်အဖွဲ့ကို အလေးအနက် ကြိုဆိုထောက်ခံပါကြောင်း” ဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊  ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်း၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်တို့ကလည်း ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော် အဆုံးအဖြတ် ရယူခြင်းတို့ကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်း ကြေညာသည်။

 

MDN