ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော်  ၁၉  နိုဝင်ဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

 

ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်  အဖက်ဖက်ကစဉ်းစားခဲ့ပြီး နိုင်ငံသားများ၏ အကျိုးစီးပွား ပိုမိုတိုးတက်လာစေရေးအတွက် အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း။

 

ဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်၌ ဖွဲ့စည်းထားသည့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနတို့ကို ခွဲထုတ်ဖွဲ့စည်းသွားမည်ဖြစ်သည့်အတွက် လတ်တလောတွင် ဝန်ထမ်းအင်အား၊ အဆောက်အဦး၊ မော်တော်ယာဉ်၊ ဘဏ္ဍာငွေ လျာထားချက် စသည်တို့ ထပ်မံတိုးချဲ့ရန် လိုအပ်မည် မဟုတ်ပါကြောင်း။

 

အဆိုပါဝန်ကြီးဌာနကို ဖွဲ့စည်းခြင်းဖြင့် နိုင်ငံတော်အတွက်  ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကဏ္ဍအသီးသီးရှိ နိုင်ငံတကာ ဖွံ့ဖြိုးရေးချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဖော်ဆောင်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့်  ဆက်စပ်လျက်ရှိသည့် ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အဓိက ဝန်ကြီးဌာနတစ်ခုအဖြစ် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပြီး အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။

 

နိုင်ငံတကာအခြေအနေ၊ ဒေသတွင်း အခြေအနေနှင့် မိမိတို့နိုင်ငံ၏ ပထဝီဘောဂဗေဒ အခြေအနေ များအရ နိုင်ငံတော်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ ပြည်တွင်းပြည်ပ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို  အစွမ်းကုန် မြှင့်တင်နိုင်ရေး၊ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုမှုပုံရိပ် ပိုမိုကောင်းမွန်လာစေရေး၊ စွန့်ဦးတီးထွင် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ လျင်မြန်စွာ ဖော်ထုတ်ပေးနိုင်ရေး၊ အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲ၊  BIMSTEC  စသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ဖြည့်စွက်ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း  ရှင်းလင်းပြောကြားသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာခဲ့သည်။

 

မွှေးကြူဇင် (သတင်းစဉ်)