ရန်ကုန်စျေးကွက်တွင် အိမ်၊ခြံ၊မြေ ဝယ်ယူရင်းနှီးမြုပ်နှံသူ နည်းပါးနေပြီး ရွှေစုသူအရေအတွက် များနေ


ရန်ကုန် ဧပြီ ၂၄
ရန်ကုန်စျေးကွက်တွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရင်းနှီးမြုပ်နှံသူ နည်းပါးနေပြီး ရွှေစုသူအရေအတွက် များနေကြောင်း စျေးကွက်အတွင်း မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
“လက်ရှိမှာက အိမ်၊ခြံ၊ မြေ ကို ဝယ်တာထက်လေ ရွှေစုတဲ့သူများတယ်။ ဒါကိုစျေးကွက်ထဲမှာ မေးကြည့်လဲရတဲ့ အနေအထားပေါ့။ လူတွေက ရွှေစုရတာကို အရင်တည်းကပိုကြိုက်တဲ့ သဘောလည်းရှိတယ်။ အခုကတော့ အိမ်နဲ့ ရွှေပေါ့နော် ရွေးစရာ ဖြစ်လာခဲ့ရင် အိမ်ထက်ကိုယ့်ဆီမှာ ပိုပြီး ထားလို့ရတဲ့ ရွှေကိုဝယ်စုတာလည်း ရှိလာတယ်။ ဆိုတော့ ဒါကစျေးကွက်တစ်ခုလုံး သက်ရောက်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် စုကြတဲ့ အနေအထားမှာတော့ ဒီလိုဖြစ်နေတာပဲ။ ဥပမာ ပွဲစားတွေကို ဖုန်းဆက်ကြည့်ဗျာ။ အိမ်အရောင်းအဝယ် ကောင်းလားမေးရင် မကောင်းဘူး ပြောလိမ့်မယ်။ ဒါပေမယ့် အငှားကတော့ စျေးကွက်တော်တော်ကောင်းတယ်။ စျေးတွေကလည်း မြောက်တယ်” ဟု စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။
လက်ရှိ အခြေအနေအရ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်နှင့် ပတ်သက်၍ ခန့်မှန်းရန် စောနေသေးပြီး မြေပြင်အခြေအနေကို ပြောရမည်ဆိုပါက စျေးကွက် တည်ငြိမ်ပြီး အေးနေသည့် အနေအထား ဖြစ်ကာ ခေါ်စျေးနှင့် ပေးစျေးကွာဟနေသည့် အနေအထား ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ “ရွှေဈေးတက်လို့ ငွေဈေးတက်လို့ ဆိုပြီးတော့ အိမ်ခြံမြေတွေကို ပိုပြီးရင်းနှီးမြုပ်နှံမယ်လို့ ထင်ကြတာ။ ဒါပေမယ့် လက်တွေ့မှာကြတော့ သိပ်မရင်းနှီးကြတော့ဘူး။ ရွှေလောက်ပဲ ကိုင်ထားကြတာကို လက်ရှိတွေ့တယ်။ ရွှေအရောင်းအဝယ် လုပ်တဲ့သူတွေဆီကနေ ကြားရတာပေါ့။ အငှားဈေးကွက်မှာဆိုရင် လုံးခြင်းအငှား၊ တိုက်ခန်းအငှား၊ ကွန်ဒိုအငှားဈေးကွက်ကပိုဖြစ်တယ်။ အရောင်းအဝယ်က ဘာလို့မဖြစ်လဲဆိုတော့ ဝယ်ပြီးရင် ရောင်းဖို့ကြာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုကို သိပ်မလုပ်ကြတော့ဘူး။ ဝယ်လိုက်ပြီဆိုရင် ပြန်ငှားကြတယ်။  မရောင်းကြတော့ဘူး။ အပိုင်ဝယ်ပြီး ပြန်ငှားကြတာများတယ်။ ဒါကတောင်ဥက္ကလာပ တစ်မြို့နယ်တည်းမဟုတ်ဘူး။ ရန်ကုန်မှာရှိတဲ့ မြို့နယ်တိုင်း မြို့နယ်တိုင်းပေါ့။ ဒီတော့အရောင်းအဝယ်ထက်စာရင် အငှားဈေးကွက် ပိုဖြစ်တယ်လို့ ပြောလို့ရတယ်" ဟု မြန်မာနိုင်ငံ အိမ်၊ခြံ၊ မြေ ဝန်ဆောင်မှု ဝန်ဆောင်မှုအသင်း (တောင်ဥက္ကလာပမြို့နယ်) မှ ဥက္ကဌ ဒေါ်နှင်းနွယ်ဦးက ဆိုသည်။

ထိုသို့ အိမ်၊ ခြံ၊ မြေ စျေးကွက်တွင် အားလုံးကို ခြုံကြည့်လိုက်မည်ဆိုပါက မြေအရောင်းအဝယ်မှာ ပိုမိုဖြစ်ကြောင်းသိရသည်။
“ဆေးရုံဆောက်ချင်တဲ့သူတွေ၊ ရှော့ပင်းစင်တာ ဆောက်ချင်တဲ့သူတွေ၊ နောက်ဆိုင်ဖွင့်ချင်တဲ့ သူတွေပေါ့ မြေကွက်ကတော့ အရောင်းအဝယ် နည်းနည်းလေးဖြစ်တယ်။ တောင်ဥက္ကလာပ မြို့နယ်မှာလည်းဖြစ်တယ် နောက်တခြားမြို့နယ်တွေမှာလည်း မြေကွက်အရောင်းအဝယ်က နည်းနည်းတော့ ဖြစ်တယ်ပေါ့။ အိမ်အရောင်းအဝယ် ဖြစ်လားဆိုတော့ ဖြစ်တော့ဖြစ်တယ် ဒါပေမယ့် မြေကွက်အရောင်းအဝယ်က ပိုဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ 
Thit Taw
 

mdn