ရန်ကုန်မြို့အဝင် လမ်းမကြီးများအား ပြုပြင်ထိန်းသိမ်းခြင်း၊ အကြီးစားပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ၁၃ နိုဝင်ဘာ

 

ရန်ကုန်မြို့အဝင် လမ်းမကြီးများအား ပြုပြင်ထိန်းသိမ်းခြင်း၊ အကြီးစားပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားသည်။

 

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ ရန်ကုန်မြို့ အဝင်လမ်းမကြီးများအား လမ်းအဆင့် မြှင့်တင်ရန်၊ လမ်းမီးများထွန်းရန်၊ မြေယာရှုခင်း (landscape) များ ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားရာတွင် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားရာတွင် “ရန်ကုန်မြို့အဝင် လမ်းမကြီများမှာ အမှတ်(၁)လမ်း (ပြည်လမ်း)၊ အမှတ်(၂)လမ်း (ရွာသာကြီးအဝင်လမ်း)၊ အမှတ်(၃)လမ်း (မင်္ဂလာဒုံအဝင်လမ်း)၊ အမှတ်(၄)လမ်း (မှော်ဘီမှတစ်ဆင့် ရွှေပြည်သာမြို့ အဝင်လမ်း)၊ အမှတ်(၅)လမ်း (ပုသိမ်လမ်း)နှင့်  အမှတ်(၆)လမ်း (သန်လျင်မြို့ အဝင်လမ်း)တို့ဖြစ်ပြီး ရန်ကုန်မြို့ အဝင် လမ်းမကြီးများအား ပြုပြင်ထိန်းသိမ်းခြင်း၊ အကြီးစား ပြုပြင်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း” ဖြေကြားခဲ့သည်။

 

အမှတ်(၁) မြို့အဝင်လမ်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အမှတ်(၂)နှင့် (၃) လမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူလျက်ရှိပြီး Max Co., Ltd နှင့် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အမှတ်(၄) လမ်းမကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းပြီး အဆိုပါ လမ်းအား ၄ လမ်းသွား ကွန်ကရစ်လမ်းအဖြစ်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်အတွင်း အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း၊ အမှတ်(၅) လမ်းဖြစ်သော ပုသိမ် လမ်းအား ယခင်နှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထိန်းသိမ်း တာဝန်ယူခဲ့သော် လည်း ယခုနှစ်မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းခဲ့ပြီး ဖြစ်သောကြောင့် အဆိုပါလမ်းသည် လမ်းပျက်စီးမှုများပြား၍ ယာဉ်ကြောကြပ်တည်း မှုများကြောင့် ၆ လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက် လျက်ရှိပါကြောင်း။

 

အမှတ်(၆) လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သန်လျင်တံတားအသစ်တည် ဆောက်ပြီး လမ်းတိုးချဲ့ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့ အဝင် လမ်းမကြီးများအား တိုးချဲ့လျက်ရှိသကဲ့သို့ အဝင်လမ်းမကြီးများတွင် လိုအပ် သည့် လမ်းလယ်ကျွန်းများ၊ တြိဂံကျွန်းများ တည်ဆောက်ခြင်း၊ အရိပ်ရပင်များ စိုက်ပျိုးခြင်း၊ သစ်ပင်ပန်းမန်များ ပုံဖော်ခြင်း၊ လိုအပ်သည့် နေရာများတွင် လမ်းမီးနှင့် High Mast မီးတိုင်များ စိုက်ထူခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်များတွင် ယခုထက် ပိုမိုပြည့်စုံသည့် လမ်းမီးနှင့် မြေယာရှုခင်းများ တည်ဆောက်ခြင်း လုပ်ငန်း များကို ဘဏ္ဍာနှစ်များအလိုက် ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။

 

MDN