ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ မတ် ၃၁ ရက်တွင် ကျင်းပမည်၊ ရွေးကောက်ပွဲရလဒ်ကို ဧပြီ ၇ ရက်ထက် နောက်မကျဘဲ ကြေညာသွားမည်

ရန်ကုန် ၂၂ မတ် 


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဒီမိုကရေစီ ခေတ်ဦးကာလတွင် မြူနီစပယ် ရွေးကောက်ပွဲများ၊ သမာဓိလူကြီးရွေးကောက်ပွဲများကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပခဲ့ကြသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များကလည်း ကိုယ့်မြို့ကိုယ့်ရွာ စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ခဲ့ကြ၍ ထိုခေတ်က မြို့၊ ရွာတို့မှာ သန့်ရှင်းသပ်ယပ် လှပခဲ့သည်။ နေချင်စဖွယ်ကောင်းသော မြို့များအဖြစ် မြို့သူ၊ မြို့သားတို့ ဂုဏ်ယူခဲ့ကြသည်။


ပစ္စက္ခ ဒီမိုကရေစီခေတ်တွင် သမိုင်းတစ်ပတ် ပြန်လည် လည်ပတ်လာခဲ့ပြီဟု ဆိုရမည်။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲများကို ခြိမ့်ခြိမ့်သဲ ကျင်းပပေတော့မည်။


ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကို မတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ် ၆ခု သတ်မှတ်ကာ ကျင်းပသွားမည်ဟု သိရသည်။


သို့ပါ၍  ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် တွေ့ဆုံမေးမြန်းထား သည်များကို တင်ပြလိုက်ရပါသည်-


မေး ။ ။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ကျင်းပမယ့်အခြေအနေကို ရှင်းပြပေးပါ။


ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ မြို့နယ် ၄၅ မြို့နယ်ရှိပေမယ့် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတာ ၃၃ မြို့နယ်ရှိတယ်။ စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ရှိတဲ့  ၃၃ မြို့နယ်လုံးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၃၃ မြို့နယ်မှာ မဲဆန္ဒနယ် (၁) ကနေ (၆)အထိ သတ်မှတ်ထားပါတယ်။ မဲဆန္ဒနယ်ထဲမှာပါတဲ့ မြို့နယ်တွေထဲက  မြို့တော်ကော်မတီဝင်အတွက် တစ်ယောက်စီရွေးပေးရမှာဖြစ်တဲ့အတွက် မဲဆန္ဒနယ် (၆) ခုဖြစ်တဲ့အတွက် ၆ယောက်ရွေးပေးရမယ်။ ၃၃ မြို့နယ်မှာ ဥက္ကဋ္ဌကတစ်ယောက်၊ မြို့နယ်အဖွဲ့ဝင်(၁) တစ်ယောက်၊ မြို့နယ်အဖွဲ့ဝင်(၂) တစ်ယောက် ရွေးပေးရမယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ ကိုယ်စားလှယ်လောင်းဦးရေက အခုအချိန်ထိ ၂၇၂ ဦးရှိပါတယ်။ မြို့တော်ကော်မတီဝင်အနေနဲ့ ဝင်ပြိုင်မှာ ၂၇ ဦး ရှိပါတယ်။ ၂၇ ဦးထဲက ခြောက်ယောက်ရွေးပေးရမယ်။ မြို့နယ် ၃၃ မြို့မှာ မြို့နယ်ဥက္ကဋ္ဌအနေနဲ့ ဝင်အရွေးခံမှာ ၉၉ ယောက်ရှိတယ်။ မြို့နယ် ၃၃ မြို့မှာ မြို့နယ်အဖွဲ့ဝင်(၁) အနေနဲ့ ဝင်အရွေးခံမှာ (၇၄) ဦး၊ မြို့နယ်အဖွဲ့ဝင်(၂) အနေနဲ့ ဝင်အရွေးခံမှာ (၇၂) ယောက်ရှိတယ်။ စုစုပေါင်း ၂၇၂ ယောက်ရှိတယ်။ ၂၇၂ ယောက်မှာ အမျိုးသား(၂၂၈)ဦး၊ အမျိုးသမီးက (၄၄)ဦး ရှိပါတယ်။


မေး ။ ။ ၃၃ မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက်ရှိသလဲ သိပါရစေ။


ဖြေ ။ ။ လက်ရှိအနေအထားမှာ အပြောင်းအလဲတွေ အများကြီးရှိတယ်။ ၃ ဒသမ ၄ သန်းကိုဘဲမူတည်ထားတယ်။ အပြောင်းအလဲက အခုဆိုရင် ၃ ဒသမ ၄ သန်းမှာ လျော့တာတွေရှိတယ်။ မတ် ၂၁ ရက်နေ့ကစပြီး မဲစာရင်းတွေ ကပ်ထားတယ်။ မပါသေးတဲ့သူတွေလည်း ထပ်ဖြည့်လို့ရသေးတယ်။ မပါသင့်တဲ့သူတွေလည်း ထပ်ပယ်လို့ရသေးတယ်။ ၂၂ ရက်နောက်ပိုင်းမှာ အတည်ဖြစ်သွားပြီ။ ထည့်လို့ဖြုတ်လို့ မရတော့ဘူး။ မဲဆွယ်စည်းရုံးခွင့်က တစ်လခွင့်ပြုထားပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က စပြီး မတ်လ ၂၉ ရက်နေ့အထိ မဲဆွယ်စည်းရုံးခွင့် သတ်မှတ်ပေးထားတယ်။ မဲဆွယ်စည်းရုံးခွင့်ကို နှစ်ပိုင်းလုပ်ထားတယ်။ မတ် ၁၅ ရက် ညနေ ၆ နာရီထိ ခွင့်ပြုထားတယ်။ ဒါကလည်း စာမေးပွဲတွေ ရှိနေတဲ့အတွက် အနှောက်အယှက် ဖြစ်မှာစိုးလို့။ မတ် ၁၆ ရက်နေ့ကစပြီး ၂၉ ရက်နေ့အထိကတော့ ည ၁၀ နာရီထက် နောက်မကျအောင် ခွင့်ပြုထားပါတယ်။


မေး ။ ။ ကြိုတင်မဲ ဘယ်လိုပေးရသလဲဆိုတာကိုလည်း ရှင်းပြပေးပါဦး။


ဖြေ ။ ။ ကြိုတင်မဲတွေက နှစ်မျိုးရှိပါတယ်။ ရပ်ကွက်ထဲမှာရှိနေတဲ့ အိမ်ကနေမသွားမလာနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မီးဖွားနေတဲ့သူတွေ၊ ရောဂါရှိတဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေက မဲပေးချင်တယ်ဆိုရင်ရပ် ကျေးကော်မ ရှင်နဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကလိုက်ပြီး ဒီအိမ်က ကြိုတင်မဲပေးမလား၊ ပေးမယ်ဆိုရင် ရပ်ကွက်မှာရှိတဲ့ နှစ်ယောက်က ကြိုတင်မဲ လက်မှတ်ကိုကိုင် ကြိုတင်မဲစာအိတ်တွေယူပြီး ကြိုတင်မဲပေးမယ့်အိမ်မှာပဲ သွားပေးပြီး အဲဒီမှာပဲ ချိတ်ပိတ်လိုက်မယ်။ ချိတ်ပိတ်ပြီး ရပ်ကွက်ရုံးမှာရှိတဲ့ ကြိုတင်မဲပုံးထဲထည့်ထားမယ်။ ကြိုတင်မဲပေးပြီးပြီ ဆိုတာကိုလည်းမဲစာရင်းမှာ မှတ်ထားမယ်။ တကယ်မဲပေးတဲ့နေကျတော့ ထပ်လာပေးလို့ မရတော့ဘူး။ နောက်တစ်ခုက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ အချုပ်သားတွေရဲ့ ကြိုတင်မဲရှိတယ်။ ဆေးရုံတက်နေသူတွေရဲ့ ကြိုတင်မဲရှိပါတယ်။


မေး ။ ။ ပြည်သူတစ်ဦးအနေနဲ့ မဲဘယ်နှစ်မဲပေးပိုင်ခွင့် ရှိပါသလဲ။


ဖြေ ။ ။ပြည်သူတစ်ဦးမှာ မဲပေးပိုင်ခွင့်ရှိတာ ၄ မဲဖြစ်ပါတယ်။ ထူးခြားတာက တစ်ချို့မြို့နယ်တွေမှာ မဲပုံးကသုံးပုံးဘဲရှိတယ်။ တစ်ချို့မြို့နယ်တွေမှာ မဲပုံးက ၂ ပုံးပဲ ရှိတယ်။ ဥပမာ မြို့နယ်တစ်ခုမှာ မြို့နယ် ဥက္ကဋ္ဌနေရာ ဝင်လျှောက်တာ တစ်ယောက်ပဲ ရှိတယ်။ သူက အလိုလို မြို့နယ်ဥက္ကဋ္ဌ ဖြစ်သွားတယ်။ အဖွဲ့ဝင်(၁)နေရာ ဝင်လျှောက်တာ တစ်ယောက်တည်းဆိုရင် အလိုလို အဖွဲ့ဝင်(၁) ဖြစ်သွားတယ်။ သို့သော် အဲဒီလူကို အခုချိန်ထိ ကြေညာပေးလို့မရသေးဘူး။ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်း မြို့နယ်တွေက မဲစာရင်းရလာဒ် တက်လာပြီး နောက်ပိုင်းကြေညာမယ်။ မြို့နယ်အဆင့်ဆင့် ၉၉ နေရာမှာ ကိုယ်စားလှယ်တစ်ဦးတည်း ဝင်ပြိုင်ထားတာ ၁၃ နေရာရှိပါတယ်။ အဲဒီ ၁၃ နေရာမှာ ဝင်ပြိုင်ထားတဲ့ ကိုယ်စားလှယ်တွေက မပြိုင်ဘဲနဲ့ ကိုယ်စားလှယ်ဖြစ်သွားပါပြီ။ မဲပုံးလည်းသူတို့အတွက် မထားတော့ပါဘူး။ မဲလက်မှတ်ထဲမှာလည်း ထည့်မရိုက်ပေးတော့ပါဘူး။ ကြေညာတဲ့နေ့မှာ ထည့်ပြီး ကြေညာပေးသွားမှာဖြစ်ပါတယ်။ 


မေး ။ ။ စည်ပင်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့စာရင်းပေးထားတဲ့ အရပ်ဘက်အဖွဲ့အစည်း ဘယ်နှစ်ဖွဲ့ရှိသလဲဆိုတာ သိပါရစေ။


ဖြေ ။ ။အဖွဲ့ငါးဖွဲ့ရှိပါတယ်။ ဒီမှာ လာလျှောက်တာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက စောင့်ကြည့်အဖွဲ့၊ နောက်တစ်မျိုးက မဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေ လုပ်ချင်ပါတယ် ဆိုတဲ့အဖွဲ့။ နောက်တစ်ခုက စောင့်ကြည့်လည်း လုပ်ချင်တယ်။ ပညာပေးလုပ်ငန်းတွေလည်း လုပ်ချင်ပါတယ်ဆိုတဲ့ အဖွဲ့ရှိတယ်။ သူတို့ကို စီစစ်ပြီး ခွင့်ပြုပေးတယ်။ အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးမယ်။


မေး ။ ။ကိုယ်စားလှယ်လောင်းတွေက သတ်မှတ်ထားတဲ့ မဲဆွယ်ကုန်ကျစရိတ်ထက် ပိုသုံးရင် ဥပဒေအရ ဘယ်လိုဆောင်ရွက်ပါသလဲ။


ဖြေ ။ ။ နည်းဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း မဲဆန္ဒနယ် ၆ ခုမှာ မြို့တော် ကော်မတီဝင် ဝင်ပြိုင်မယ့် ပုဂ္ဂိုလ်တစ်ဦးကို  သိန်း ၂၀ဝ သတ်မှတ်ထားတယ်။ သိန်း ၂၀ဝ ထက်ကျော်ပြီး မဲဆွယ်စည်းရုံးတဲ့နေရာမှာ မသုံးရဘူး။ မြို့နယ်ထဲမှာပဲ မဲဆွယ် စည်းရုံးမယ့် ပုဂ္ဂိုလ်များကတော့ သိန်းတစ်ရာထိခွင့်ပြုထားတယ်။ မဲဆွယ် ကုန်ကျစရိတ်တွေကို ရွေးကောက်ပွဲအပြီး တစ်လအတွင်းကော်မရှင်ကို လာတင်ရမယ်။ ကော်မရှင်မှာ စာရင်းစစ်မှူးတွေဖွဲ့စည်းထားတယ်။ တစ်ကယ်တရားဝင် ဟုတ်မဟုတ် ဆိုတာ မြို့နယ်မှာလည်း မြို့နယ်စာရင်းစစ်မှူးတွေရှိတယ်။ တိုင်းဒေသကြီးမှာလည်း တိုင်းဒေသကြီးစာရင်းစစ်တွေ ရှိတယ်။  ခွင့်ပြုထားတာထက်ကျော်သွားရင် မှတ်တမ်း လုပ်ထားမယ်။ ခွင့်ပြုထားတာထက် ကျော်သုံးတယ်ဆိုပြီး တစ်ယောက်ယောက်က တိုင်လာရင် သူ့ကိုပြန်စစ်မယ်။ ဒီစာရင်းထဲမှာ မဖော်ပြထားသော အသုံးစရိတ်တွေ ပါကောင်းပါလာနိုင်မယ်။ သေသေချာချာ ပြန်စစ်ပြီး ခုံဖွဲ့မယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင် ခုံအဖွဲ့ရဲ့ အဆုံးအဖြတ် ကော်မရှင်ရဲ့အဆုံးအဖြတ်နဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ပြန်ရုပ်သိမ်းပိုင်ခွင့်ရှိတယ်။ ကိုယ်စားလောင်း ၂၇၂ ဦးသည် မဲဆွယ်ကုန်ကျစရိတ် တင်ပြရမယ်။ နိုင်တဲ့သူလည်း တင်ပြရမယ်။ ရှုံးတဲ့သူလည်းတင်ပြရမယ်။ မတင်ပြရင် အရည်အချင်း ချို့ယွင်းသူအဖြစ် စာရင်းသွင်းမယ်။ နောက်တစ်ခါ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတော့ဘူး။


မေး ။ ။ ကိုယ်စားလှယ်လောင်း အနိုင်အရှုံးရလာဒ်ကို ဘယ်နေ့မှာ ကြေငြာပေးသွားမလဲဆိုတာ သိပါရစေ။


ဖြေ ။ ။  မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ပြီးသွားမယ်။ တစ်ညလုံးမှာ ဒီမှာရှိတဲ့ ကော်မရှင်အဖွဲ့ဝင်တွေအားလုံးက သက်ဆိုင်ရာမြို့နယ်အလိုက် သက်ဆိုင်ရာမဲဆန္ဒနယ် အလိုက် ပုံစံ ၂၀ နဲ့ မြို့နယ်တွေကလာတာကို စာရင်းချုပ်လုပ်မယ်။ မြို့နယ်တွေကလည်း ရပ်ကွက်တွေကလာတာကို စာရင်းချုပ်လုပ်မယ်။ရတဲ့ရလာဒ်ကို တိုင်းဒေသကြီးကိုပို့မယ်။ တိုင်းဒေသကြီးက မြို့နယ်တွေကလာတဲ့ စာရင်းချုပ်တွေကိုယူထားပြီး စာရင်းတွေပေါင်းပြီးဧပြီ ၇ ရက်နေ့ ထက်နောက်မကျဘဲ ကြေညာသွားမယ်။ စောစောပြီးသွားရင်လည်း စောစောကြေညာမယ်။


မေး ။ ။ ဖြည့်စွက်ပြောကြား လိုတာရှိရင် ပြောပြပေးစေလိုပါတယ်။


ဖြေ ။ ။ စည်ပင်ရွေးကောက်ပွဲကို လူတွေစိတ်ဝင်စားမှုနည်းတယ်။ စိတ်ဝင်စားမှုများလာအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဒါကိုမေးလာကြတယ်။ စည်ပင်ရွေးကောက်ပွဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာသည် ကျွန်တော့်လက်ထက်မှာ ဒီတစ်ခါပဲရှိတယ်။ ၂၀၁၄ ခုနှစ်ကလုပ်သော်လည်း အခုလောက် ကျယ်ကျယ်ပြန့်ပြန့်မရှိဘူး။ အခုကျတော့ ၁၈ နှစ်ပြည့်တဲ့သူတိုင်း မဲပေးပိုင်ခွင့်ရှိတယ်။ ၁၈ နှစ်ပြည့်ရမယ်။ မှတ်ပုံတင်ကိုင် ဆောင်ထားရမယ်။ ဒီမြို့နယ်မှာ တစ်နှစ်နေရမယ် စသည့်အားဖြင့် ဒီအချက်အလက် တွေနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်က မဲပေးပိုင်ခွင့်ရှိလာတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တိုင်းသည် မဲလာပေးဖို့ အတွက်ကိုတော့ သက်ဆိုင်ရာမြို့နယ်မှာရှိနေတဲ့ ကော်မရှင်တွေ ရပ်ကွက်မှာရှိနေတဲ့ ကော်မရှင်တွေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အပေါ်မှာမူတည်တယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်စေချင်တယ်။


အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


တွေ့ဆုံမေးမြန်း - မင်းသစ် (MNA)
ဓာတ်ပုံ - နေလင်း

 

1