ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသက် ၉၀ နှင့်အထက် အငြိမ်းစားဝန်ထမ်းများ ဂါရဝပြု ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဌာနအလိုက် အကောင်းဆုံးဝန်ထမ်းများ ဆုချီးမြှင့်

ရန်ကုန် ဧပြီ ၂၆

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသက် ၉၀ နှင့်အထက် အငြိမ်းစားဝန် ထမ်းများ ဂါရဝပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဌာနအလိုက် အကောင်းဆုံးဝန်ထမ်းများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ ခန်းမကြီး၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ အသက် ၉၀ နှင့်အထက် အငြိမ်းစားဝန်ထမ်းများ၊ အကောင်းဆုံး ဝန်ထမ်းဆုရရှိသူများနှင့် ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ကြသည်။

ဉီးစွာ မြို့တော်ဝန်က ကော်မတီ၏ အငြိမ်းစားဝန်ထမ်းများ အားလုံးကိုလည်း ကျန်းမာချမ်းသာစွာ နေနိုင်ပါစေကြောင်း ကော်မတီ၏ဝန်ထမ်းများ ကိုယ်စား ဆုမွန် ကောင်းတောင်းပါကြောင်း၊ မိခင်ဌာနဖြစ်သည်နှင့်အညီ လိုအပ်သည့် အခက်အခဲများရှိပါက ကော်မတီသို့ အကြောင်းကြားပြီး ကော်မတီမှ ဆောင်ရွက်ပေးနိုင် သည့်ကိစ္စများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကော်မတီရှိ ဝန်ထမ်းတိုင်းကော်မတီ၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ကြရာတွင် တူညီသောစိတ်ဓာတ်၊ ကောင်းမွန်သော စိတ်စေတနာဖြင့် အောင်မြင်အောင်‌ဆောင်ရွက်ပေးကြရန် အရာရှိအဆင့်ဆင့်၊ တာဝန်ရှိသူ အဆင့်ဆင့်မှ ဦးဆောင်ကွပ်ကဲကြီးကြပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ သမိုင်းစဉ်လာကောင်းများ၊ မှတ်တိုင်ကောင်းများ မှတ်တမ်းစိုက်ထူ၍ ဆက်လက်ကြိုးပမ်း သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြို့တော်ဝန်က အသက် ၉၀ နှင့်အထက် အငြိမ်းစားဝန်ထမ်းများကိုယ်စား တက်ရောက်လာကြသူ (၄) ဦးကို နေရာအရောက်သွားရောက်၍ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အကောင်းဆုံးဌာနမှူး ဆုရရှိသူ ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနမှ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ‌ဒေါ်နီနီအေး၊ အကောင်း ဆုံး ဒုတိယဌာနမှူးဆုရရှိသူ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန၊ မြို့တော်ဂေါက်ကွင်းမှ ဒုတိယဌာနမှူး အထွေထွေမန်နေဂျာ ဦးမင်းညွန့်နှင့် အကောင်းဆုံးမြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူး ဆုရရှိသူ စီမံရေးရာဌာနမှ ဦးစီးအရာရှိ (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး) ဦးဝင်းနိုင် တို့ကို ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အကောင်းဆုံးဝန်ထမ်းဆုရရှိသည့် အရာထမ်း၊ အမှုထမ်း (၁၈) ဦးကို ဂုဏ်ပြုလက်မှတ်နှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်