ရန်ကုန်ပြည်လည်ထူထောင်ရေး စခန်းမှ စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲ ကျင်းပ        

ရန်ကုန် ၂၁ သြဂုတ် 


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ရန်ကုန်ပြည်လည်ထူထောင်ရေး စခန်း(၂/၂၀၁၉)စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကို သြဂုတ်၂၀ ရက်နံနက် ၉ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်ပြန်လည်ထူထောင်းရေးစခန်းရုံး၌ကျင်းပသည်။ 


ရှေးဦးစွာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန  ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။   


ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌဦးစံရှိန်က နောက်ဆက်တွေ စောင့်ရှောက်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင်ကြုံတွေ့ရသည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး စိတ်ဓာတ်မြှင့်တင်ရေး ပညာရှင်ဒေါက်တာဖုန်းမြင့်က အနာဂတ်ဘဝအတွက် အကြံဉာဏ်များအကြောင်း ရှင်းလင်းပြောကြားပြီးသင်တန်းဆင်းဂုဏ်ပြုကတ် ပေးအပ်ကြသည်။  


"သူတို့စိတ်ပိုင်းဆိုင်ရာ ပြန်ပြီးခွန်အားပြည့်ပြီး လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ သာမန်လူတစ်ယောက် အနေနဲ့ ဝင်ရောက်ပြီး ပုံမှန်ဘဝကို ဖြတ်သန်းနိုင်ဖို့နဲ့ အသက်မွေးဝမ်းကျောင်း ဝါသနာပါတဲ့ လုပ်ငန်းတွေ ဆက်ပြီးလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဆေးသုံးနေတဲ့ လူတစ်ယောက်က ဆေးပြတ်သွားပြီး သာမန်လူတစ်ယောက် အောင်မြင်လာအောင် စိတ်ဓာတ်ခွန်အားတွေရရှိသွားဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က ပြောသည်။


အဆိုပါ စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၃၅ ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။


ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား ၊ လားရှိုး ၊ ကျိုင်းတုံ ၊ တာချီလိတ် ၊ နမ့်လတ် ၊ မြဝတီ၊ ကော့သောင်း ပြန်လည်ထူထောင်းရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။


အာကာစိုး