ရန်ကုန်တောင်ပိုင်းခရိုင် ၈ မြို့နယ်၌ စွမ်းအားမြှင့်မီးဖို ငါးသောင်းရှစ်ထောင်ကျော် (အခမဲ့)  ဖြန့်ဝေမည်

ရန်ကုန် ၇ ဩဂုတ် 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သစ်တောများပြုန်းတီးမှုကာကွယ်နိုင်ရေး၊ ထင်းသုံးစွဲမှုလျှော့ချနိုင်ရေး၊ ကာဗွန်ထုတ်လုပ်မှု လျော့ချရေးတို့အတွက် ရည်ရွယ်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာနေပြည်သူများထံသို့ စွမ်းအားမြှင့် မီးဖို ၅၈၃၂၀ လုံးအား မြို့နယ် ၈ မြို့နယ်၌ (အခမဲ့) ဖြန့်ဝေဖြန့်ဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

08

 

စွမ်းအားမြှင့် မီးဖိုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA)၊ ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာန (Koica CCC) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လျှပ်စစ်မီးမရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ကျေးရွာများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်းဆိုင်ရာ စီမံကိန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ သီဟဒီပ မိုးလုံလေလုံအားကစားရုံ ၂ ၌ ကျင်းပခဲ့ပြီး စွမ်းအားမြှင့်မီးဖိုအား လက်တွေ့ရှင်းလင်းပြသခဲ့ကာ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးသွားမည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်၊ ကျေးရွာအုပ်စု ၂၁၁ အုပ်စု၊ ကျေးရွာ ၃၉၉ ရွာမှ အိမ်ထောင်စု ၅၈၃၂၀ စုအား စီမံကိန်းကာလ ၇ လဖြစ်သော မတ်လ ၂၅ ရက်မှ အောက်တိုဘာ ၂၅ ရက်အတွင်း စွမ်းအားမြှင့်မီးဖို ၅၈၃၂၀ လုံးအား (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)