ရပ်စောက်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်လှစ်

ရပ်စောက်  ၂  ဇန်နဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးဗိုလ်အောင်မောင်မောင်တို့က အမှာစကား ပြောကြားကြပြီး သင်တန်းတွင် လက်တွေ့သင်ကြားပြသမည့်နေရာများအား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါသင်တန်းကို ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံတတ်မြောက်မှုမှ စတင်ပြီး ဆက်လက် လေ့လာသင်ယူခြင်းဖြင့် ဒေသ၏အကျိုးဖြစ်ထွန်းလာနိုင်ပြီး မြေပြင်တွင် အလုပ်သမား ရှားပါးမှုကို ဖြေလျော့နိုင်မည်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆိုပါသင်တန်းသို့ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသား ၂၀  တက်ရောက်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)