ရသစာပေ၏ အကျိုးတရား

နေပြည်တော် ၁၂ သြဂုတ်

 

စာဖတ်ဝါသနာပါသူတို့က စာဖတ်ခြင်းကို ငယ်ဘဝမှ စတင်ကြသည်။ အမိအဘ အဘိုးအဘွား စသည့် အတူနေ မိသားစုဝင်တစ်ဦးဦးထံမှ စာဖတ်ခြင်းအမွေကို ဆက်ခံကြသူများက အရွယ်ရောက်လာ သည့်အခါ စာသမားများဖြစ်လာကြသည်။ အချို့လည်း တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို စာပေနှင့် မနီးသည့်အသိုင်းအဝိုင်းမှ ထိုးထွက်လာကာ စာသမားဖြစ်လာသူများလည်း မရှိမဟုတ်၊ ရှိကြသည်။ စာဖတ်သည်ဟုဆိုရာတွင် သိလိုသူတို့ က သုတစာပေကို ရွေးချယ်ဖတ်ရှုတတ်ကြပြီး ခံစားလိုသူတို့က ရသစာပေကို ရွေးချယ်ဖတ်ရှုတတ်ကြသည်။ မည်သည့်စာပေကို ဖတ်ရှုသည်ဖြစ်စေ စာကောင်းပေမွန်ဟူသမျှတို့က စာရှုသူ၏ ဦးနှောက်ကို ဖြစ်စေ၊ နှလုံးသား ကိုဖြစ်စေ အကျိုးဖြစ်ထွန်းစေပြီး လူတစ်လုံးသူတစ်လုံး ဖြစ်လာသည်အထိ မြှင့်တင်ပေးနိုင်သည်သာဖြစ်သည်။

 

“မိဘတွေက ဘာဖြစ်လို့ သားသမီးတွေ ရသစာပေဖတ်မှာကို စိတ်ပူသလဲဆိုတော့ သူတို့ ကိုယ်တိုင်လည်း ရသစာပေအကြောင်း ထဲထဲဝင်ဝင်မသိလို့ပါ။ ရသစာပေမှာ ကောင်းတာရှိသလို၊ မကောင်းတာရှိတယ်။ မကောင်းတဲ့စာပေတွေကို သားသမီးတွေ ဖတ်မိမှာ စိုးရိမ်လို့ပဲ ထင်ပါတယ်။ ဒါကတော့ ခွဲခြားပြီး သိဖို့လိုတယ်။ မိဘတွေကိုယ်တိုင်ကလည်း စာပေနဲ့ရင်းနှီးဖို့လိုတယ်။ ပြီးတော့ ဒီနိုင်ငံမှာလည်း စာအုပ်တွေများများရှိဖို့လိုတယ်။ စာကြည့်တိုက်တွေမှာ အဆင့်ရှိရှိနဲ့ စာအုပ်တွေထားမယ်ဆိုရင် စာကြည့်တိုက်ကနေငှားတဲ့ စာအုပ်တွေဟာ အ္တရာယ်မဖြစ်နိုင်ဘူးဆိုတာ မိဘတွေ သဘောပေါက်ဖို့လည်း လိုတယ်” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် မ္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် လူငယ်များစာပေစကားဝိုင်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဤသည်မှာ အဆင့် အတန်းရှိသော၊ ကောင်းမွန်သော ရသစာပေကို ခွဲခြားသိမြင်နားလည်ပြီး ဖတ်ရှုသည်ကို တိုက်တွန်းအားပေးနိုင်ရန်အတွက် လမ်းòန်ချက်ပင်ဖြစ်သည်။

 

အဆင့်အတန်းရှိသော၊ ကောင်းမွန်သော ရသစာပေများက လူ့ပတ်ဝန်းကျင်လူ့လောက၏ သဘော သဘာဝ အဖြစ်အပျက် အကောင်းအဆိုးတို့ကို ခံစားနားလည်လာနိုင်အောင် ရေးခြယ်ဖော်ပြနိုင်ကြပြီး ဒိဋ္ဌလောကတွင်ပါ သတိပြုလာနိုင်အောင် သင်ခန်းစာယူလာနိုင်အောင်၊ ဆင်ခြင်လာနိုင်အောင် နှိုးဆော်နိုင်စွမ်းရှိကြသည်။ တစ်နည်းအားဖြင့် ရသစာပေများက စာရှုသူ၏ နှလုံးသားခံစားမှုအပေါ် ဩဇာသက်ရောက်မှုဖြစ်ပေါ်စေကာ လောကကို အသင့်ရင်ဆိုင်နိုင်စွမ်းရှိသူများ၊ သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းနိုင်စွမ်းရှိသူများဖြစ်လာအောင် စွမ်းဆောင်နိုင်ကြသည်။ စိတ်ဓာတ်ခွန် အားများ ဖြည့်တင်းပေးနိုင်ကြသည်။

 

“ရသစာပေလေးဖတ်ပါဦး။ အဲဒီဟာတွေ ဖတ်တာဟာ လူသားတွေရဲ့ ဆက်ဆံမှု၊ လူသားတွေရဲ့ ခံစားချက်တွေအကြောင်း ပိုပြီးတော့ ကိုယ့်ကိုသိစေတယ်။ နောက်တစ်ခုက အရေးအသား ကောင်းကောင်းကို သင်ပေးတယ်။ ကောင်းတဲ့စာပေတွေကို ဖတ်မှ ကိုယ်လည်း ကောင်းကောင်းရေး နိုင်တယ်”ဟူ၍လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း တိုက်တွန်းပြောကြားခဲ့ရာ ရသစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို လူငယ်များ သိမြင်လာအောင် ညွှန်ပြပေးခဲ့ခြင်း ပင်ဖြစ်သည်။ ရသစာပေက လူတို့၏အကြောင်းကို သိစေသလို စာရေးနည်းအတတ်ပညာကိုလည်း လေ့လာနိုင်သည့် စာပေမျိုးဖြစ်သည်။ စာရေးလိုသူ လူငယ်များအတွက် အလွယ်ကူဆုံးသော အကြံပြုချက်မှာ “စု-တု-ပြု” ဟူ၍ဖြစ်ရာ စုဆောင်းခြင်း၊ အတုယူခြင်း၊ ကိုယ်ပိုင်ဟန်ဖြင့် ပြုစု ရေးသားခြင်း စသည့်အဆင့်ဆင့်နည်းလမ်းများဖြင့် စာရေးသူဘဝသို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။

 

ရသစာပေသည် ဇာတ်လမ်းဇာတ်အိမ် အရေးအဖွဲ့တို့ဖြင့် စာဖတ်သူတို့ကို နှစ်သက်မှု ပေးနိုင်စွမ်းသော စာပေမျိုးဖြစ်ပြီး နှလုံးသားခွန်အား ကို ပေးနိုင်သလို ကိုယ်တိုင်လည်း စာရေးကောင်းသူ တစ်ဦးဖြစ်လာနိုင်သည့်လျောက် ရသစာပေကောင်းများ ရှာဖွေရွေးချယ်ဖတ်ရှုနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း