ရသေ့ပျံ-အလဝံကုန်း-ပန်းကုန်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်

ဘားအံ   ၁၉  မေ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးရွာများဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ဆောင်ရွက်လျက် ရှိရာ ရသေ့ပျံ-အလဝံကုန်း-ပန်းကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို မိုးရာသီမတိုင်ခင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းသည် အရှည် ၁ မိုင်၊ အကျယ် ၁၄ ပေရှိ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ကာ ကရင်ပြည်နယ် အစိုးရအဖွဲ့အဖွဲ့၏ ခွင့်ပြုငွေကျပ် ၂၆၄ ဒသမ ၁၇၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် မြင့်မြတ်သံလွင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိရာ ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်း ပြီးစီးသွားပါက ရသေ့ပျံကျေးရွာအုပ်စု၊ ပန်းကုန်းကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများအတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီ အသုံးပြုနိုင်သဖြင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ကာ ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားရာတွင် လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက်လည်းကောင်း ပိုမိုကောင်းမွန်လာစေ နိုင်မည့် ဒေသဖွံ့ဖြိုးရေးလမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)