ရုပ်ရှင်အနုပညာရှင်များ၏ နှစ်သစ်ဆုတောင်းစကား

၁ ဇန်နဝါရီ

 

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ပြောင်းခဲ့သည်။ ပြီးခဲ့သည့်အချိန်မှ အားနည်းချက်၊ လိုအပ်ချက်များကို သင်ခန်းစာယူကာ စိတ်သစ်လူသစ် အတွေးသစ်တို့ဖြင့် ရှေ့ဆက်ကြရတော့မည်ဖြစ်သည်။ အမုန်းများ၊ အာဃာတများကို ထားရစ်ကာ ချစ်ခြင်းတရားများနှင့် ရှေ့ဆက်ကြရန်အတွက် အနုပညာရှင်များကလည်း သတင်းစကားပါးထားသည်ကို မျှဝေလိုက်ရပါသည်။

 

အကယ်ဒမီ နေတိုး

 

အချိန်တိုင်းအချိန်တိုင်းက ဖြစ်ပြီးရင်ပျက်ကြရတယ်။ လောကကြီးက သင်ခန်းစာတွေ၊ သင်ယူစရာတွေနဲ့ အမြဲပြည့်နှက်နေပါတယ်။ အခုနှစ်သစ်ရဲ့ ပထမ ဆုံးနေ့ရက်မှာ လူသားတွေအားလုံး အေးချမ်းပါစေလို့ ကျွန်တော်မေတ္တာပို့ပါတယ်။ ကျွန်တော်တို့ အနုပညာသမားဆိုတာ ပရိသတ်နဲ့ ကင်းကွာလို့မရသလို ပရိသတ်ကြီး အောင်မြင်ပြီးပြည့်စုံမှသာ ကျွန်တော်တို့လည်း အောင်မြင်နိုင် ပါတယ်။ ဒါကြောင့် နှစ်သစ်မှ မဟုတ်ပါဘူး။ အမြဲတမ်းကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေ၊ အားပေးတဲ့ ပရိသတ်တွေအားလုံးကို ဆုမွန်ကောင်း တောင်းပေးပါတယ်။ အထူးသဖြင့် မငြိမ်းချမ်းတဲ့ဒေသတွေမှာ မေတ္တာတရားတွေ၊ ကိုယ်ချင်းစာတရားတွေ ပိုမိုလွှမ်းမိုးပြီး အဓမ္မကို ဓမ္မက အနိုင်ယူ ကျော်ဖြတ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

 

 

အကယ်ဒမီ အိန္ဒြာကျော်ဇင်

 

ပရိသတ်ကြီးက ကျွန်မတို့အနုပညာရှင်တွေရဲ့ ထမင်းရှင်ဖြစ်သလို အင်အားတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျေးဇူးရှင်ပရိသတ်ကြီး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ။ နှစ်ဟောင်းမှာ တွေ့ကြုံ ဖြတ်သန်းရတဲ့အထဲက အကောင်းတွေကို နှစ်သစ်မှာ ပိုပြီး ကြုံတွေ့နိုင်ကြပါစေ။ အဆိုးတွေကိုလည်း နှစ်ဟောင်းမှာ ထားရစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျွန်မတို့ဘက်ကလည်း ပရိသတ်အတွက် တန်ဖိုးရှိတဲ့၊ အနှစ်သာရပြည့်ဝပြီး သင်ခန်းစာတွေပေးနိုင်တဲ့၊ ပြည်သူတွေရဲ့ မောပန်းမှုတွေကို တဒင်္ဂဖြေဖျောက်နိုင်မယ့် အနုပညာတွေကို ကြိုးစားဖန်တီးပေးပါမယ်လို့ ကတိပေးပါတယ်။

 

 

ဇာဏ်ခီ

 

နှစ်သစ်မင်္ဂလာ အခါသမယမှာ အားလုံး စိတ်ရောကိုယ်ရော ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ကရုဏာတွေနဲ့ ရှေ့ဆက်ပြီး လူတိုင်း ကိုယ့်အတွက်၊ မိသားစုအတွက်၊ မြို့ရွာအတွက်၊ နိုင်ငံအတွက်၊ အားလုံးအတွက် တာဝန်ကျေတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သိမ့် နိုင်တဲ့သူတွေ ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဝါသနာဖြစ်တဲ့ ဂီတအလုပ်တွေကို ၂ဝ၁၉ ခုနှစ်မှာ ပိုပြီးလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အားလုံးပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေနော်။

 

 

အကယ်ဒမီ ဝတ်မှုန်ရွှေရည်

 

တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာထားနိုင်ပါစေ။ အားလုံးပျော်ရွှင်ကြပါစေ။ ကစ်ကစ်ကတော့ လာမယ့်နှစ်သစ်မှာလည်း ပရိသတ်ကြီး အမောပြေစေမယ့် ဇာတ်ကားတွေကို ကြိုးစားပြီး ရိုက်ကူးသွားပါမယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာသမားတွေဟာ ရပ်တည်ခွင့်ရတာပါ။ အားပေးတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကိုလည်း အမြဲအမှတ်ထားပြီး ပိုပြီးကောင်းအောင်၊ အနုပညာအရည်အသွေးပြည့်ဝအောင် ကြိုးစားနေပါတယ်။ တစ်နိုင်ငံလုံး အေးချမ်းလုံခြုံပြီး နိုင်ငံတော်ကြီး ပိုမိုတိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

အကယ်ဒမီ ထွန်းထွန်း

 

နှစ်သစ်မှာ အလှူလေးတစ်ခုလုပ်ပါမယ်။ နှင်းဆီအဖွဲ့သားတွေအားလုံး ဖျော်ဖြေလို့ရတဲ့ အနုပညာကြေးတွေကို လှူဒါန်းကြမယ်။ ကျွန်တော် အခု ၃၅ နှစ် ပြည့်ပြီ။ အသက်တွေ ကြီးလာတယ်။ ဘာတွေလုပ်ပြီးပြီလဲ၊ အများအတွက် ဘာတွေအကျိုးပြုသလဲဆိုပြီး အမြဲသတိထားတွေးပြီး လုပ်ဆောင်မိလာပါတယ်။ ငယ်ငယ်က မိတ်ဆွေအပေါင်း အသင်းတွေနဲ့ နှစ်သစ်ကို ကြိုတယ်။ နောက်ပိုင်းမှာ မိသားစုနဲ့အမေ့ကို ပိုပြီး တန်ဖိုးထားပြီး နှစ်သစ်ကို ဖြတ်သန်းတယ်။ အားလုံးပဲ နှစ်သစ်မှာ မိမိမိသားစုကိုပိုပြီး တန်ဖိုးထားနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ ကိုယ်လုပ်တဲ့ လုပ်ရပ် တိုင်းသည် အများအတွက် ထိခိုက်နစ်နာ စေမယ့်အရာတွေကို ရှောင်ရှားနိုင်ပြီး အကျိုးပြုနိုင်ပါစေလို့လည်း ချစ်တဲ့၊ လေးစားရတဲ့ ပရိသတ်ကြီးအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

 

 

အေးဝတ်ရည်သောင်း

 

ဒီလို နှစ်သစ်ကူးအခါသမယမှာ အားလုံးအတွက် နှစ်တိုင်း ဆုမွန်တွေ တောင်းပေးဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ပြီး အပြစ်တွေကိုလည်း ခွင့်လွှတ်နိုင်ပါစေ။ ပိုပြီး ကောင်းမွန်တဲ့ လူ့အသိုက် အဝန်းကို တည်ထောင်နိုင်ပါစေ။ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။ အခုလို အေးဝတ်ရည်သောင်းကို ပြန်ပြီးလက်ခံပေးပြီး ချစ်ပေးတဲ့၊ အားပေးတဲ့ ပရိသတ်ကြီးကြောင့် နှစ်သစ်မှာလည်း အင်အားသစ်တွေနဲ့ ကျွန်မဖြတ်သန်းသွားမှာပါ။ နှလုံးသားချင်း နားလည်ခံစားနိုင်ကြပြီး မျှဝေကူညီခြင်းတွေနဲ့အတူ လူသားအားလုံးလည်း နှစ်သစ်မှာ ပျော်ရွှင်ကြ ပါစေလို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

 

 

 

ကျော်ကျော်ဗို

 

နှစ်သစ်မှာ အားလုံးသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် စိန်ခေါ်မှု အသစ်တွေကို ပျော်ပျော်ရွှင်ရွှင် စိတ်အေးသက်သာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေဆိုတာ ရှိနိုင်ပါတယ်။ အားလုံးသော စိန်ခေါ်မှုတွေကို လူတိုင်းမှာရှိတဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို အသုံးချပြီး ကျော်ဖြတ်နိုင်ကြရင် ပျော်စရာဘဝတွေ ရလာမယ်လို့ ယုံကြည် ပါတယ်။ ကျွန်တော့်ကိုလည်း နှစ်သစ်မှာ ထူးခြားတဲ့ အနုပညာလှုပ်ရှားမှုသစ်တွေနဲ့အတူ မြင်တွေ့စေရမယ်လို့ ကျွန်တော်ကတိပေးပါတယ်။ အားလုံး အေးချမ်းပါစေ။

 

 

မေခလာ

 

နှစ်သစ်ရက်မြတ်မှာ မကောင်းတဲ့ အတိုက်အခိုက်တွေ၊ မကောင်းတဲ့ ကြုံတွေ့မှုတွေ ဝေးကြပါစေ။ ဝမ်းသာစရာ၊ ပျော်ရွှင်စရာ သတင်းစကားတွေ အဆက်မပြတ်ကြားနိုင်ကြပါစေ။ မြန်မာနိုင်ငံကြီး အေးချမ်းပါစေလို့ မေခလာက ဆုတောင်းပါတယ်။ လူတိုင်း အခက်အခဲနဲ့ စိတ်ညစ်စရာတွေ ရှိတတ်ပါတယ်။ ကျွန်မလည်း ဒီလိုပါပဲ။ ၂ဝ၁၈ နှစ်ကုန်မှ မဟုတ်ပါဘူး။ လူ့ဘဝကိုစရောက်ကတည်းက လောကဓံ ရှစ်ပါးစလုံးကို ကြုံနေကြရပါတယ်။ ဒါတွေကို ဂရုစိုက်နေရင် ကိုယ့်ဘဝ၊ ကိုယ့် ရည်မှန်းချက်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အားလုံးကို လက်ခံပြီး အကောင်းဆုံး ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပြီး ကိုယ်ပိုင်အတွေးလေးကို မျှဝေလိုက်ပါတယ်။

 

 

သင်ဇာဝင့်ကျော်

 

၂ဝ၁၈ ခုနှစ်ကို ထားခဲ့ပြီး အားလုံး နှစ်သစ်မှာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေ။ လူတိုင်းမှာ ကိုယ့်ကိုနှစ်သက်တဲ့သူ၊ မနှစ်သက်တဲ့သူဆိုတာလည်း ရှိနိုင်ပါတယ်။ တစ်ဦးပေါ်တစ်ဦး အကောင်းမြင်၊ မေတ္တာရှေ့ထားပြီး လိုအင်ဆန္ဒတွေ ဖြည့်ဆည်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ အချိန်တိုင်း၊ အချိန်တိုင်းဟာ ကောင်းဖို့အတွက် ပြောင်းလဲလာတယ်ဆိုတာ နှလုံးသွင်းပြီး အကောင်းမြင် စိတ်ကလေးနဲ့ မိမိယုံကြည်ရာကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အနုပညာသမား တစ်ယောက် ဖြစ်လာခဲ့တာလည်း ချစ်ရတဲ့ပရိသတ်ရဲ့ အားပေးမှုကြောင့်ပါပဲ။ နှစ်သစ်မှာလည်း ချစ်တဲ့ပရိသတ်ကြီးနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းသွားမယ်လို့ ပြောကြားလိုပါတယ်။

 

 

နေခြည်ဦး

 

နှစ်ဟောင်းတုန်းကလည်း အလုပ်တွေကို လုပ်ခွင့်ရသမျှ အကုန်ကြိုးစား ပြီးလုပ်တယ်။ ရတဲ့ငွေနဲ့ အတတ်နိုင်ဆုံး မိဘကို ကန်တော့တယ်။ ကိုယ့်မောင်နှမတွေ၊ ဆွေမျိုးမိတ်ဆွေတွေအတွက် အချိန် တွေကို အတတ်နိုင်ဆုံးခွဲဝေပေးတယ်။ နှစ်သစ်မှာလည်း ဒီအတိုင်းပါပဲ။ အားလုံးနဲ့သက်ဆိုင်တဲ့ နေ့ရက်တွေကို ဖန်တီးသွားချင်တယ်။ အဲဒီလိုပါပဲ အားလုံးသော နေခြည်ချစ်တဲ့ မြန်မာနိုင်ငံ သားတွေအားလုံး အေးချမ်းပါစေ။ ကောင်းကျိုးဆန္ဒတွေလည်း ပြည့်ပါစေလို့ အရင်ဆုံးဆုတောင်းပေးပါတယ်။ ကံကံ၏ အကျိုးကို အပြည့်အဝယုံကြည်ပြီး မိမိ ကောင်းမှုတွေကြောင့် ပိုကောင်းတဲ့ ကံတရားတွေရကြဖို့လည်း မျှော်လင့်ပါတယ်။ နေခြည်ကတော့ ဇန်နဝါရီလဖွား ဖြစ်တဲ့အတွက် မွေးနေ့လေးမှာ မိဘအတွက်၊ ကိုယ့်အတွက်နဲ့ အားလုံးအတွက် ရည်ရွယ်ပြီး သီလရှင်ဝတ်ဖို့ စိတ်ကူးထားတယ်။ နှစ်သစ်ကို အများအတွက် လှူဒါန်းပေးကမ်းခြင်းတွေနဲ့ အစပြုကြဖို့လည်း အားလုံးကို တိုက်တွန်းပါတယ်။

 

 

ခင်ဝင့်ဝါ

 

တစ်နှစ် တိုးလာတယ်ပေါ့နော်။ လူ့ဘဝမှာ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာကြရတာလေ။ ကျွန်မကတော့ တစ်နှစ်ထက်တစ်နှစ် သင်ယူစရာတွေ၊ သင်ခန်းစာတွေ၊ မှတ်သားစရာတွေ ပိုရလာတယ်လို့ ခံစားရတယ်။ ငယ်ငယ်က ဒီလိုအချိန်ဆိုရင် ရင်တွေခုန်ပြီး ပျော်တယ်။ အခုတော့ အဲဒီလောက်မဖြစ်တော့ပေမယ့် နှစ်သစ်မှာ ဘာတွေလုပ်မယ်ဆိုပြီး ရည်စူးထားတာလေးတွေကို အကောင်အထည်ဖော်နိုင်အောင် ပိုလုပ်ဖြစ်တယ်။ ချစ်ရတဲ့ ကျေးဇူးရှင် ပရိသတ်တွေလည်း နှစ်သစ်မှာ အသိပညာတွေ ပိုမိုတိုးတက်ပြီး ရင့်ကျက်ခြင်း၊ သန်မာခြင်းတွေနဲ့ ပြည့်စုံကြပါစေ။ ဘဝရဲ့အခက်အခဲ၊ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ကြပါစေ။ တစ်ဦးနဲ့တစ်ဦး ပိုပြီးချစ်ခင်ရင်းနှီးမှု ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

ကိုလင်း