ရုပ်ရှင်ဇာတ်ကားကောင်းများ တည်းဖြတ်မှု၊ အချောသပ်ထုတ်လုပ်မှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်  ၂  ဒီဇင်ဘာ

 

ရုပ်ရှင်ဇာတ်ကားကောင်းများ တည်းဖြတ်မှု၊ အချောသပ်ထုတ်လုပ်မှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion on Making Good Movie: Post –Production) ကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်၍ ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၀ ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည်။

 

 

ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲတွင် ဦးအောင်ကိုလတ်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဦးတင်ငြိမ်း၊ ဦးဉာဏ်ဝင့်၊  ဦးကြည်မင်းသိန်း၊ ဒေါက်တာသူရ သိန်းတင်နှင့် ဒေါက်တာဉာဏ်လင်းဦးတို့က ရုပ်ရှင်ဇာတ်ကား ကောင်းများဖြစ်ပေါ်ရေးအတွက် အသံတည်းဖြတ်ခြင်း၊ အထူးပြုလုပ်ချက်ဖန်တီးခြင်း၊ အရောင်ချိန်ညှိခြင်း စသည့် အချောသတ် ထုတ်လုပ်မှုဆိုင်ရာများကို ဆွေးနွေးကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာမြင့်သိန်းဖေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သူ ဦးတင်ငြိမ်းက “အနုပညာမြောက် တည်းဖြတ်မှုက အရေးကြီးပါတယ်။ ရိုက်လာတဲ့ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကြောင်းကြောင့် မှားယွင်းမှုရှိလာရင် အမှန်ဆုံးဖြစ်အောင် တည်းဖြတ်ပေးရပါတယ်။ ဒါတွေကို အယ်ဒီတာရဲ့ တွေးခေါ်မှု အတွေ့အကြုံအရ အရုပ်တွေ အပြောင်းအလဲ လုပ်ပေးရတာကို ဆွေးနွေးတာပါ” ဟု ပြောသည်။

 

ဦးကြည်မင်းသိန်းက “အသံပိုင်းနဲ့ ပတ်သက်ပြီး ဇာတ်ကားအချောသတ်အဆင့်အထိ ဆောင်ရွက်ပုံအဆင့်ဆင့်၊  အဓိကကတော့ ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်တဲ့ အပိုင်းကို ဆွေးနွေးတာပါ ”ဟု ပြောသည်။

 

အထူးပြုလုပ်ချက် ဖန်တီးသူ ဒေါက်တာသူရသိန်းတင်က “ ရုပ်ရှင်ဇာတ်ကားမှာ ကွန်ပျူတာပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်တွေ ဖန်တီးတဲ့အပိုင်းကို ဆွေးနွေးတာဖြစ်ပါတယ်”ဟုပြောသည်။

 

သတင်း - ဥမ္မာစန္ဒီ

 

ဓာတ်ပုံ-လှမိုး