ရုတ်တရက် ခြေသလုံး ကြွက်တက်တဲ့အခါ ဘယ်လိုလုပ်ရမလဲ

၅ နိုဝင်ဘာ

လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ အထိုင်အထမှာဖြစ်ဖြစ် ရုတ်တရက် ခြေသလုံးကြွက်တက်တာ အတော်နာကျင် ရပါတယ်။ ခပ်မြန်မြန် ခပ်သွက်သွက် လမ်းလျှောက်ရင်းလည်း ဖြစ်တတ်ရဲ့။ ကြွက်သားထဲက လိပ်တက်လာသလို တောင့်တင်းနာကျင်မှုကြောင့် တစ်ခါတလေ မျက်ရည်ပါ ကျတဲ့အထိပါ။

 

ဒီလိုဖြစ်လာတဲ့အချိန် ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာလေး အကြံပေးချင်ပါတယ်။ အရင်ဆုံး

ကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ။

ကြွက်သားကိုပြေလျော့စေဖို့ ရေနွေးနွေးနဲ့ လောင်းပေးပါ။ ရေနွေးဝတ်ကပ်ပေးတာလည်း ကောင်းပါတယ်။

ရေခဲတုံး သို့မဟုတ်ရေအေးဝတ် ကပ်ပေးတာကလည်း တစ်နည်းပါ။ ဒီလိုကပ်တဲ့အခါမှာတော့ အရေပြားနဲ့ရေခဲ ကြားမှာ အဝတ်တစ်ခုခုခံထားဖို့တော့ မမေ့ပါနဲ့။

acetaminophen(Tylenol), ibuprofen (Advil, Motrin), ဒါမှမဟုတ် naproxen (Aleve) တို့လို အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဆေးဝါးတွေသောက်နိုင်ပါတယ်။

ကြွက်တက်ခြင်းအတွက် ဆရာဝန်ကသောက်ဆေးညွှန်ကြားတဲ့အခါ အတိအကျသောက်ပါ။ တစ်ခုခုအကြောင်းရှိရင် ဆရာဝန်ထံ ဆက်သွယ်ပါ။

အရည်များများသောက်ပါ။ ဓာတ်ဆားအချိုရည်တွေကလည်း ခြေထောက်ကြွက်တက်ခြင်းအတွက် အထောက်အကူပေးပါတယ်။

 

ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –

ဟိုလျှောက်ဒီလျှောက်လုပ်ပါ။

ခြေသလုံးကြွက်သားတွေကို ဆန့်ပါ။ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်းဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ထိုင်နေရင်းခြေထောက်ကို ဆန့်တန်းပါ၊ ခြေဖျားကိုကော့လိုက် ကုပ်လိုက် လုပ်ပါ။

နံရံနဲ့ ၂ ပေအကွာလောက်မှာရပ်ပြီး နံရံဘက်ကို လက်နှစ်ဖက်နဲ့ထောက်ပါ။ရှေ့ကိုညွှတ်ချချိန်မှာ ကြွက်တက်ချင်နေတဲ့ဘက်က ခြေထောက်ကို ဒူးဆန့်ထားပြီး ဖနောင့်ကိုကြမ်းနဲ့ ထိထားပါ။ ဒီလိုလုပ်နေချိန်မှာ နောက်တစ်ဘက်ကိုတော့ ကွေးထားပါ။

 

ကြွက်မတက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ

ရေနဲ့ အရည်များများ သောက်ပါ။ ဆီးအရောင်က အဝါရောင်ဖျော့ သထက်ဖျော့ပြီး ရေလိုကြည်တဲ့အထိ ဖြစ်လာတဲ့အထိ ရေသောက်ပါ။

အရက်၊ ဘီယာလျှော့သောက်ပါ သို့မဟုတ်ရှောင်ပါ။

ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအစာတွေ စားပါ (အထူးသဖြင့် ကိုယ်ဝန်ဆောင်ဖြစ်ရင်)

ကြွက်သား အနေအထားပြန်လည် ကောင်းမွန်စေဖို့ စက်ဘီးစီးပါ ဒါမှမဟုတ် စက်ဘီးစက်မှာ စီးပါ။

လေ့ကျင့်ခန်းမလုပ်မီနဲ့ အိပ်ရာမဝင်မီနေ့တိုင်း အကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းကို လုပ်နေကျထက် ရုတ်တရက်တိုးမလုပ်ပါနဲ့။ တစ်ပတ်ကို နည်းနည်းချင်းပဲတိုးပါ။

ဗီတာမင်အစုံပါတဲ့ အားဆေးတွေသောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Yun Sandi Nan Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်