သဘာဝဘေး ပေါ့သေးသေးမတွက်ကြစေဖို့

မောင်အောင်

ပြီးခဲ့သည့် စနေနေ့က ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘဲကုန်းကျေးရွာ၊ နေကြာစိုက်ခင်းတွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ရှစ်မြို့နယ်မှ တောင်သူဦးကြီး ၁ဝဝ ခန့်အား မျိုးယှဉ်ပြိုင်စမ်းသပ်ကွင်း သရုပ်ပြပွဲပြုလုပ်သည်။ နံနက် ၇ နာရီမထိုးခင်မှာပင် တောင်သူကြီးများ တက်ကြွစွာရောက်လာကြသည်။ တောင်သူများအားပြသမည့် နေကြာစိုက်ခင်းမှ နေကြာပွင့်ကြီးများက နေခြည်မှာ ရွှေရည်ဝင်းလို့နေသည်။ နေကြာပွင့်ကြီးများက အပျိုမမျက်နှာလောက်ရှိနေသည်။ နေကြာပင်များက ကြပ်လုံးသာသာ။ အပင် ပင်စည်တုတ်၍ ကြံ့ခိုင်သည်။ နေကြာပွင့်ရွှေရည်ကို ထမ်းထားနိုင်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန် ရောက်ရှိလာသည့်အခါ အခမ်းအနား စတင်သည်။ ပြည်ထောင်စုဝန်ကြီးက “တောင်သူကြီးများ ဝင်ငွေတိုးပြီး နိုင်ငံတော်၏ စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် နေကြာစိုက်ပျိုးမှု၏ အကျိုးအမြတ်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ရေးအတွက် ယခုကဲ့သို့ နေကြာမျိုးများ ယှဉ်ပြိုင်စိုက်ပျိုးပြီး အထွက်ကောင်းမည့်မျိုးကို တောင်သူကြီးများကိုယ်တိုင် ရွေးချယ်နိုင်ရေး ယခု သရုပ်ပြပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ တောင်သူကြီးများကိုယ်တိုင် စိတ်ကြိုက်အမှတ်ပေး ရွေးချယ်နိုင်ကြောင်း၊ မိမိတို့စိုက်ပျိုးရေးဝန်ထမ်းများက ဘယ်လောက်ကောင်းသည်၊ ဘယ်လောက်ထွက်မည်ပြောရုံဖြင့် ယုံရန်မဟုတ်ကြောင်း၊ လက်တွေ့အမှတ်ပေးရွေးချယ်ပြီး မိမိတို့စိတ်ကြိုက် ရွေးချယ်ကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ က စိုက်ဧကတိုးချဲ့ဖို့ထက် တစ်ဧကအထွက်နှုန်းတိုးရေးကို လမ်းညွှန်မှာကြားထားကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းသည် စိုက်ဧကတိုးခြင်းထက် အကျိုးအမြတ်များစေကြောင်း၊ တောင်သူဦးကြီးများ သတိပြုစေချင်သည်မှာ နေကြာစိုက်ခင်းတွင် ပျားပုံးများချထားခြင်း ဖြစ်ကြောင်း၊ နေကြာစိုက်ခင်းတွင် ပျားမွေးမြူရေး တွဲဖက်ဆောင်ရွက်ခြင်းဖြင့် နေကြာအထွက်တိုးမည့် အပြင် ပျားမွေးမြူရေးမှ ပျားရည်နှင့် ပျားထွက် ပစ္စည်းရရှိနိုင်မည်ဖြစ်၍ ဝင်ငွေတိုးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက တောင်သူဦးကြီးများ ဝင်ငွေတိုးရေး နည်းလမ်းပေါင်းစုံဖြင့် ကူညီကြရန်” မှာကြားထားသဖြင့် ယခုပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ချက်ချင်းဖြည့်ဆည်း

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ကလည်း မိမိတို့ နေပြည်တော်ကောင်စီ နယ်မြေသည် တိုင်းနှင့် ပြည်နယ်များနှင့်စာလျှင် ဝန်ကြီးဌာနများ၊ ရုံးစိုက်ရာဒေသဖြစ်သဖြင့် ဒေသလိုအပ်ချက်ကို ဝန်ကြီးဌာနများက ချက်ချင်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အထူးသဖြင့် တောင်သူလယ်သမားကြီးများအတွက် ယခင်က ရေမရ၍ ဆောင်းသီးနှံမစိုက်ပျိုးနိုင်သည့် နေရာများတွင် ယခုနှစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် မိမိတို့ နေပြည်တော်ကောင်စီ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆောင်းသီးနှံ ဧက ၁၈ဝဝ ခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တောင်သူ များ ဝင်ငွေတိုးရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ လာမည့် နှစ်များတွင်လည်း ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ တောင်သူများကသာရေကို စနစ်တကျချွေတာသုံးစွဲပြီး မိမိတို့ တစ်ဦးချင်းဝင်ငွေ တိုးရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသွားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ မြို့တော်ဝန်နှင့် မြို့တော် ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် တောင်သူလယ်သမားများ၊ စိုက်ပျိုးထားရှိသည့် နေကြာစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။ နေကြာစိုက်ခင်းတွင် တရုတ်ပြည်မှ တင်သွင်းထားသည့် နေကြာမျိုး လေးမျိုး၊ ဩစတြေးလျနိုင်ငံ မှတင်သွင်းသည့် နေကြာမျိုး နှစ်မျိုးနှင့် မြန်မာပြည်မှ ထုတ်လုပ်သည့် စပ်မျိုးနေကြာ ရေဆင်း(၁)တစ်မျိုး စိုက်ပျိုးထားခြင်းဖြစ်သည်။ နေကြာ စိုက်ခင်းတွင် တောင်သူဦးကြီးများ စိတ်အဝင်စားဆုံးမှာ ပျားပုံးများဖြစ်သည်။ စာရေးသူတို့ ဝန်ကြီးဌာန တောင်သူများသီးနှံ အထွက်တိုးရေးအတွက် ပျားပုံးများ တိုးချဲ့မွေးရပါဦးမည်။

အထူးသင်တန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ပြည်ထောစုဝန်ကြီးနှင့် ဘကြီးအောင်တို့အဖွဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ လာခဲ့ကြသည်။ စိုက်ပျိုးရေးတက္ကသိုလ်၌ လာမည့် ဇွန် ၁ ရက် တွင် ခရိုင် ၅ဝ ၌ ဖွင့်လှစ်မည့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများတွင် သင်ကြားပြသမည့် နည်းပြများနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ သည်နည်းပြများကား စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ဖြစ်ကြသည်။ သည်ဝန်ထမ်းများသည် (G-9)အောင်မြင်ပြီး (G-10) တွင် စိုက်ပျိုးရေးအထူးပြု၊ မွေးမြူရေးအထူးပြုဘာသာရပ်များ တက်ရောက်ကြမည့် သင်တန်းသားများအား စိုက်ပျိုးမွေးမြူရေးပညာရပ်များကို သင်ကြားပေးကြမည့် နည်းပြများအတွက် အထူးသင်တန်းဖြစ်သည်။ စိုက်ပျိုးရေး နည်းပြများကို စိုက်ပျိုးရေးတက္ကသိုလ်က တာဝန်ယူ သင်ကြားပေးပြီး မွေးမြူရေးဘာသာရပ် သင်ကြားပေးမည့် နည်းပြများကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က တာဝန်ယူသင်ကြားပေးမည် ဖြစ်သည်။ ၎င်းတို့နှစ်ဖွဲ့လုံးကို စိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စုပေါင်း၍ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင် လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် တောအရပ်ဒေသတွင် နေထိုင်ကြပြီး အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုကြကြောင်း၊ သို့ဖြစ်၍ တောအရပ်နေလူအများစု၏ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို အထက်တန်းကျောင်းများတွင် ထည့်သွင်းသင်ကြားစေခြင်း ဖြစ်ကြောင်း၊ ဤစိုက်ပျိုးမွေးမြူရေးအထူးပြု ဘာသာရပ်ဖြင့် (G-12) အောင်မြင်သူများသည် သင်တန်းပြီးလျှင် သင်ယူမှုပြီးမြောက်ခြင်းလက်မှတ် ရရှိမည်ဖြစ်ပြီး စာမေးပွဲတွင် အဆင့်ကောင်းကောင်းဖြင့် အောင်မြင်သူများကို စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများသို့ ဆက်လက်တက်ခွင့် ရရှိမည်ဖြစ်ပြီး(ဒီပလိုမာ)ရရရှိမည်ဖြစ်ကြောင်း၊ ထူးချွန်သူများကို စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဆက်လက်တက်ရောက်နိုင်ကာ စိုက်ပျိုးရေးပညာဘွဲ့၊ မွေးမြူရေးပညာဘွဲ့များရရှိ မည်ဖြစ်သည့်အတွက် ပညာရပ်နှင့်ပတ်သက်၍ တတ်ကျွမ်းအောင် သင်ကြားကြရန်လိုကြောင်း၊ ဆရာများသည် အနန္တဂိုဏ်းဝင်ဖြစ်သည့်အတွက် ပေးအပ်သည့်တာဝန်အ‌ပေါ် တန်ဖိုးထား၍ လက်ခံ ကြပြီး အသက်မွေးဝမ်းကျောင်းပညာကို စေတနာထား၍ သင်ကြားလေ့ကျင့်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ သွားရောက် စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ယင်းအချိန်တွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး သုတေသနဦးစီးဌာနကို အသေးစိတ်မစစ်ဆေးတော့ဘဲ ရုံးသို့ပြန်သွားခဲ့သည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် ရန်ဖြစ်ကြောင်း သိရသည်။

၎င်းည(မေလ ၆ ရက်နေ့ည) ၈ နာရီ သတင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးစီး၍ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆုံးအရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေး

၎င်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က European Centre for Medium-Range Weather Forecasts (ECMWF)၊ Global Forecast System (GFS) Model နှစ်ခုနှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့၏ ကြိုတင်ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း မေ ၈ ရက်တွင် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးစပ်ကြား နယ်မြေ (သို့မဟုတ်) ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်း၊ ယနေ့ ရုံးပိတ်ရက်ဖြစ်သော်လည်း နိုင်ငံတော်အတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် တာဝန်ရှိကြသည့် မိမိတို့ပြည်သူ့ဝန်ထမ်းများ အားလပ်ရက်အနားမယူဘဲ၊ ပြည်သူများ သဘာဝ ဘေးအန္တရာယ်မှ အဆုံးအရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေး၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်း အဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း။

“မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်း ဝင်ရောက်မည့်လမ်းကြောင်းအား ဖြစ်နိုင်ခြေအရ လမ်းကြောင်းနှစ်ကြောင်း ခန့်မှန်းထားပါကြောင်း၊ ပထမလမ်းကြောင်းမှာ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တို့ကြားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည့် လမ်းကြောင်းဖြစ်ကြောင်း၊ ဒုတိယလမ်းကြောင်းမှာ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မည့်လမ်းကြောင်းဟု ခန့်မှန်းထားကြောင်းနှင့် အတိအကျအနေဖြင့် လေဖိအားနည်း ရပ်ဝန်းမှစတင်၍ မုန်တိုင်းဖြစ်ပေါ်လာမှသာ ဝင်ရောက်မည့်လမ်းကြောင်းကို သိရှိရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအတွင်းသို့ မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်းထားပါကြောင်း” ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။

ကျွန်တော် ဤဆောင်းပါးရေး၍ ကောင်းနေစဉ် လက်ကိုင်ဖုန်းသံက မြည်လာသည်။ ဖုန်းမကိုင်သေးဘဲ အထက်ကစာပိုဒ်ကို အဆုံးသတ်ပြီးမှ ဖုန်းတွင် ပေါ်လာသည့် ဖုန်းနံပါတ်ကို ကြည့်ဖြစ်သည်။ ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာက  ကျွန်တော့်အစ်ကိုကြီး ဖုန်း။ သည်ဖုန်းမကိုင်၍မဖြစ်။ ဖုန်းကိုင်၍ ထူးလိုက်သည်။

“မင်းနှယ်ကွာ ခေါ်လိုက်ရတာ။ ဖုန်းတော်တော် နှင့် မကိုင်ဘူး။ ဘာလုပ်နေလဲ။”

ဖုန်းထဲက အစ်ကိုကြီး၏ အသံက အတော်လေး ကျွဲမြီးတိုနေပုံရသည်။

“မင်း မနေ့ညက တီဗွီသတင်းကြည့်သေးလား”

“ကြည့်တာပေါ့ အစ်ကိုကြီးရ။ အကယ်ဒမီ သတင်းလေ။ ည ၆ နာရီခွဲလောက်ကတည်းက စပြီးလာတာ။ ၁၁ နာရီထိုးတဲ့အထိ မပြီးသေးလို့ ဆက်တောင်မကြည့်ဘဲ အိပ်ပစ်လိုက်တယ်။ အစ်ကိုကြီးရော ဘယ်အချိန်အထိ ကြည့်သလဲ။”

“အဲဒီ အကယ်ဒမီသတင်းက အရေးမကြီးပါဘူးကွာ။ ဒုတိယဝန်ကြီးချုပ် ဦးစီးပြီးလုပ်တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသတင်းကို ပြောတာ။ အဲဒီသတင်းက ဒို့ပြည်သူတွေအတွက် အကယ်ဒမီသတင်းထက် ပိုပြီးအရေးကြီးတာ မဟုတ်ဘူးလား။”

အစ်ကိုကြီး၏ အသံက မကျေမချမ်းသံ ဖြစ်လာ သည်။ သို့ဖြစ်၍လည်း….

“ဟုတ်ပါတယ် အစ်ကိုကြီးရယ်။ အဲဒီအတွက်ကြောင့် အဲဒီသဘာဝဘေးအန္တရာယ်အကြောင်း ဆောင်းပါးအစပျိုးနေလို့ အစ်ကိုကြီး ဖုန်းခေါ်လာ တာ ချက်ချင်းမကိုင်ဖြစ်တာပါ။”

“အေး..အေး ထားပါတော့ကွာ။ ဒို့ဆီမှာ နာဂစ်မုန်တိုင်းဝင်တုန်းက မင်း နေပြည်တော်မှာပဲ တာဝန်ထမ်းဆောင်နေတာမဟုတ်လား။ အဲဒီတုန်း ကအကြောင်း နည်းနည်းပြန်ပြောပါဦး။”

“ဟုတ်တယ် အစ်ကိုကြီး။ နာဂစ်က ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်မှာ ကျွန်တော်တို့ မြန်မာပြည်ကို ဝင်ခဲ့တာ။ အဲဒီတုန်းက ကျွန်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတာ။ အဲဒီတုန်းကလည်း မိုးလေဝသဦးစီးဌာနက ကြိုတင်တော့ ကြေညာပေးတာပဲ။ အဲ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေက သိပ်ကြီးအလေးအနက်မထားကြဘူး။ မပြင်ဆင်ကြဘူး။ တကယ်လည်း နာဂစ် ဝင်လာရော အခုခန့်မှန်းထားတဲ့ လမ်းကြောင်းလိုပဲ ကွမ်းခြံကုန်းနဲ့ ဖျာပုံကြားက ဝင်လာပြီး ဧရာဝတီတိုင်းမှာ အတော်လေးမွှေသွားတာ။ ဒေးဒရဲ၊ မော်ကျွန်း၊ ဘိုကလေး၊ ဖျာပုံနှင့် လပွတ္တာမြို့တွေမှာ အတော်လေးအထိနာတယ်။”

အဲဒီ နာဂစ်တုန်းက မင်းတို့ ကွမ်းခြံကုန်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ပြိုသွားပြီး အဲဒီက မြို့နယ်မှူးဆရာရဲ့ ဇနီးနဲ့သား ဆုံးပါးသွားတယ်မဟုတ်လား။ ဖြစ်စဉ်လေးပြန်ပြောစမ်းပါဦး။”

အစ်ကိုကြီးက အတော်လေးမှတ်ဉာဏ်ကောင်းသည်။ မှတ်မိနေသည်။ 
“ဟုတ်တယ် အစ်ကိုကြီး။ ကွမ်းခြံကုန်းမှ လှိုင်သာယာကနေ တွံတေးသွားတဲ့ လမ်းအတိုင်းသွား၊ လမ်းခွဲရောက်ရင် တွံတေးဘက်ဆက်မသွားဘဲ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲဘက်ကို ဆက်သွားရတယ်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ဆက်ထားတဲ့ လမ်းပဲ။ ကော့မှူးလွန်ပြီးရင် ကွမ်းခြံကုန်းရောက်တယ်။ ကွမ်းခြံကုန်းမြို့အဝင်မှာ ပေ ၄ဝ လောက်မြင့်တဲ့ ရေစင်ကြီးက လမ်းရဲ့ ဘယ်ဘက်မှာရှိပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးက လမ်းရဲ့ ညာဘက်မှာရှိတယ်။ အုတ်ညှပ် တစ်ထပ်အဆောက်အဦပဲ။ မုန်တိုင်းဝင်တဲ့နေက နေ့လယ်ပိုင်းလောက် ကစ မိုးတွေရွာပြီး လေပြင်းတွေတိုက်နေတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၁၈ နှစ်အရွယ် သူ့သား၊ သူ့ဇနီးနဲ့ သူ့ယောက္ခမ အထီးကြီးနဲ့ ရုံးမှာပဲအတူနေကြတယ်။ တစ်နေကုန် မိုးရွာနေတော့ အပြင်မထွက်ကြဘဲ၊ ရုံးထဲမှာပဲ နေနေကြတယ်။

“တစ်နေကုန် မိုးရွာနေတာကြောင့် ရေကနည်းနည်းတက်လာတယ်။ ကားလမ်းကနေ ရုံးကို ဝင်တဲ့လမ်းကလေး ညနေပိုင်းမှာ စပြီးမြုပ်သွားတယ်။ မိုးလည်းချုပ်၊ မိုးကလည်း အကြီးအကျယ် ရွာနေတာကြောင့် ရုံးထဲမှာပဲ ဆက်ပြီးနေနေကြတယ်။ ည ၇ နာရီလောက်ရောက်တော့ ရုံးထဲမှာ ရေခြေကျင်းဝတ်မြုပ်လောက်တဲ့အထိ တက်လာ တယ်။ သူတို့လည်း ကုလားထိုင်ပေါ်တက်နေ၊ ခုတင်ပေါ်တက်နေကြတယ်။ ည ၈ နာရီလောက်ရောက်တော့ ရေက ဒူးဆစ်အထိတက်လာပြီ။ အဲဒီ အချိန်မှာ မီးကလည်းပျက်၊ အပြင်ထွက်ပြီးကြည့်လိုက်တော့ ကားလမ်းကြီးလည်းမြုပ်ပြီး ရေပြင် ကျယ်ကြီးဖြစ်နေပြီ။ လူလည်းတစ်ယောက်မှ မတွေ့တဲ့အပြင် ဖုန်းလည်းခေါ်မရ။ လေက အကြီးအကျယ်တိုက်၊ မိုးကသဲသဲမဲမဲရွာနေတော့ ရုံးခန်းထဲက စားပွဲတွေပေါ်တက်ပြီး ထိုင်နေကြတယ်တဲ့။ သူတို့မိသားစုလေးယောက်။”

ည ၁၀ နာရီလောက်ကျတော့ ရေက စားပွဲခုံတွေ၊ ခုတင်တွေမြုပ်သွားအောင် တက်လာတော့ သူတို့ ဗီရိုတွေပေါ်မှာ တက်ပြီးထိုင်နေကြရတယ်တဲ့။ လူတွေလည်း သွေးအတော်ပျက်နေကြပြီ။ ရေကလည်း ပုံမှန်တက်လာရုံတင်မကဘူး။ ရေစီးတဲ့ အရှိန်လည်းပါလာသတဲ့။ အဲဒါကြောင့် မြို့နယ်မှူးက ဗီရိုပေါ်ကတက်ပြီး အမိုးကို ဖွင့်ဖို့ကြိုးစားတယ်။ အမိုးပေါ်တက်ပြီးနေကြဖို့ပေါ့။ မြို့နယ်မှူးရဲ့ ဇနီးနဲ့ သူ့ယောက္ခမအဖိုးကြီးကတော့ ကြောက်လန့်ပြီး ဘုရားစာပဲရွတ်နေကြသတဲ့။ မှောင်နဲ့မည်းမည်းမို့ တစ်ယောက်နဲ့တစ်ယောက် လက်တွဲပြီးပဲ မုန်တိုင်းဒဏ်ကို ရင်ဆိုင်နေရသတဲ့။ တဖြည်းဖြည်းနဲ့လေက လည်းပိုပြီးတိုက်၊ မိုးကလည်းသဲသဲမဲမဲရွာ၊ ရေစီးကလည်း ကြမ်းသထက်ကြမ်းလာ။

အဲဒီအချိန်မှာ လေပြင်းတစ်ချက်တိုက်ပြီး ရုံးအဆောက်အအုံကြီးပြိုသွားတယ်။ သူတို့လည်း ရေစီးနဲ့ တစ်ယောက်တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြတယ်။ မြို့နယ်ဦးစီးမှူးပြောတာကတော့ ရေစီးကကြမ်း၊ မိုးကမှောင်လွန်းတော့ ဘာမှမသိတော့ဘဲ သတိလစ်သလို ဖြစ်သွားတယ်တဲ့။ သူသတိရတဲ့ အချိန်မှာ မိုးကနည်းနည်းလင်းပြီး ရေတက်တာ လည်းလျော့သွားတယ်။ သူလည်းမြို့အဝင်က ရေစင်က တိုင်ကြီးတစ်တိုင်ကို ဖက်လျက်သား ဖြစ်နေတယ်။ သူ့ယောက္ခမအဖိုးကြီးက အဲဒီရေစင် က နောက်တိုင်တစ်တိုင်ကို ဖက်ထားတယ်။ သူ့မိန်းမ နဲ့ သူ့သားကတော့ ရှာမတွေ့ဘူး။ အဲဒီရေစင်ကြီး က ကွမ်းခြံကုန်းမြို့သား ၁၀ ယောက်လောက်ရဲ့ အသက်ကို ကယ်လိုက်တယ်တဲ့။ သူ့မိန်းမနဲ့ သူ့သားအလောင်းကို နောက်လေးရက်လောက်နေမှ အောက်ဘက်မှာပြန်တွေ့ပြီး အဲဒီမြို့နယ်မှူးနဲ့ သူ့ယောက္ခမကြီးလည်း သွေးပျက်နေလို့ ဆေးရုံတစ်လလောက်တင်လိုက်ရတယ်။”

“မင်း လပွတ္တာဘက်လည်း ရောက်သေးတယ် မဟုတ်လား”

ကျွန်တော့်အစ်ကိုကြီးက ကျွန်တော့်စကား အပြတ်တွင် ဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။

ရွာလုံးကျွတ်ပျက်စီး

“ရောက်တာပေါ့။ ကျွန်တော်ကားတစ်စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုက်လုပ်ဖြစ်တယ်။ လပွတ္တာဘက်မှာဆိုရင် ရွာလုံးကျွတ်ပျက်စီးတာတွေ ရှိတယ်။ မိသားစု(သုံး-လေး)ယောက်မှာ တစ်ယောက်တည်း ကျန်တဲ့အဖွဲ့လည်းရှိတယ်။ ကျန်တဲ့လူတွေကလည်း သနားစရာ ရူးကြောင်ကြောင်ဖြစ်နေတယ်။”

“ကျွဲ၊ နွားတွေရော အခြေအနေဘယ်လိုလဲ”

“ကျွဲ၊ နွားတွေလည်း သေတာမှ သောက်သောက် လဲ။” လပွတ္တာမှာ ကျွန်တော် တစ်လလောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖြစ်တယ်။ ပြန်မလော့မြစ်နှင့် ချောင်းတွေမှာ အပုပ်နံ့နဲ့ကို ဟောင်နေတာပဲ။ လူရော တိရစ္ဆာန်ပါ ဆုံးရှုံးပျက်စီးမှု သိန်းချီပြီးရှိတယ်။”

ဘာတွေပြင်ဆင်ထားသင့်သလဲ

“အဲဒါကြောင့် ငါပြောတာပေါ့။ လက်ရှိအစိုးရက တိုင်းပြည်အတွက် အတော်လေးဂရုစိုက်တယ်။ မိုးလေဝသသတင်း ကြားတယ်ဆိုကတည်းက ရုံးပိတ်ရက်မှာ အရေးပေါ်အစည်းအဝေးလုပ်တယ် ဆိုကတည်းက ငါတော့ အလွန်ကျေးဇူးတင်သွားပြီ။ မင်းက ကယ်ဆယ်ရေး အတွေ့အကြုံရှိတဲ့သူဆိုတော့ ဒို့ပြည်သူတွေ ဘာလုပ်သင့်သလဲ။ ဘာတွေပြင်ဆင် ထားသင့်သလဲ။ အဲဒါလေးပြောစမ်းပါဦးကွာ။”

အစ်ကိုကြီးက ကျွန်တော့်ကို အားကိုးတကြီး မေးလာပါသည်။

“နာဂစ်က ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ခဲ့တာဆိုပေမယ့် ပြန်ပြီး စဉ်းစားကြည့်ရင်၊ တွေးကြည့်ရင် မနေ့တစ်နေ့ကလို ပြန်ပြီးခံစားရတယ်။ ချောက်ချားမိတယ်။ သွေးပျက်မိတယ်။ တကယ်တော့ နာဂစ်တုန်းက လူတွေ၊ တိရစ္ဆာန်တွေ အသက်ဆုံးရှုံးရတာက မုန်တိုင်းကြောင့်၊ သစ်ပင်တွေလဲ၊ အဆောက်အအုံတွေပြိုပြီးပိလို့ သေတာကနည်းနည်းပဲရှိတယ်။ အဓိကသေတာ က မုန်တိုင်းနဲ့အတူ ဒီရေတက်လာပြီး အဲဒီရေနစ်ပြီး သေကြလို့ပဲ။ အဲ - နောက်ပြီးတော့ ညဘက်ဖြစ်တဲ့ အခါမှာ မီးမှောင်ပြီး ဘာမှမမြင်ရတာရယ်၊ ရေကူးဖို့ အသက်ကယ် ပစ္စည်းမရှိတာရယ်၊ သတိလက်လွတ် ဖြစ်ကြရတာကြောင့် သေကြရတာပဲ။ အဲ- နောက်ပြီး ရေတက်လာတဲ့အခါ မြေမြင့်တဲ့နေရာမှာ ကြိုတင်ပြီး ပြောင်းရွှေ့မနေကြတာက အများစုအသက်ဆုံးရှုံး ရတာပဲ။ အဲဒါကြောင့် မြေမြင့်တဲ့နေရာရှာထား မုန်တိုင်းတက်လာပြီး ရေတက်လာရင် မြေမြင့်တဲ့ နေရာမှာ ရွှေ့ပြီးနေကြမယ်။ သောက်ရေစုဆောင်းထားမယ်၊ ရေကူးဖို့ အကူပလတ်စတစ်ပုံးတို့၊ ဘာတို့ ရှာထားမယ်။ ကျွဲ၊ နွား အစာကောက်ရိုးစုထားမယ်၊ ပုံထားမယ်ဆိုရင် လူရော ကျွဲ၊ နွား တိရစ္ဆာန်ပါ အသေအပျောက်နည်းမှာပဲ။ နာဂစ်အပြီးမှာ တစ်ခုအမြတ်ရတာက ဆိုင်ကလုံးရှဲလ်တာ (Cyclone Shelter)တွေပဲ။ အဲဒါတွေကို ဖြစ်တတ် တဲ့နေရာတွေမှာ ဆောက်ပေးထားတာကြောင့် မုန်တိုင်းဝင်လာရင် အနည်းဆုံး အပိုဝတ်စုံလေး တစ်စုံလောက်နဲ့၊ အစားအသောက်နဲ့ရေ၊ နှစ်ရက် သုံးရက်စာနဲ့ လက်နှိပ်ဓာတ်မီးတစ်လက် အသင့်ပြင်ထားရင်တော့ ထိခိုက်နစ်နာမှုနည်းမယ်။ အရေးကြီးတာက…
ကျွန်တော်စကားကိုခေတ္တရပ်လိုက်သည်။

“အရေးကြီးတာက ဘာလဲကွ၊ ပြောလေကွာ။ မင်းအဲဒီလိုတော့ မလုပ်နဲ့လေ။”
အစ်ကိုကြီးက စိတ်မရှည်စွာနှင့် ပြောလာသည်။

“ပြောမှာပါ အစ်ကိုကြီးရယ်။ အရေးကြီးတာက သဘာဝဘေးအန္တရာယ်ကို မဖြစ်ပါဘူးကွာဆိုပြီး ပေါ့သေးသေးမတွက်ဖို့ဘဲ။ တစ်ဖက်က အကြောက် လွန်ဖို့ မလိုသလို ပေါ့သေးသေးလည်း မတွက်ဖို့ လိုပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်လာမယ် ဆိုရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကြိုတင် တွေးထားပြီး လိုအပ်တာကို စုဆောင်းပြင်ဆင်ထား မယ်ဆိုရင်”…

“အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ အစိုးရက ဦးဆောင်ပြီး ပြည်သူကိုရော တပ်မတော်ကိုပါ အသင့်ဖြစ်ကြဖို့ နှိုးဆော်ထားတာကြောင့်”…

“ဘာဆိုင်ကလုန်းမုန်တိုင်းကိုမှ ကြောက်စရာ မဟုတ်ပါ။” ။