သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ကူညီ ကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိ

ကျိုက်ဒုံမြို့ ရေဘေးသင့် အိမ်ထောင်စုများအား ဆန်များ ထောက်ပံ့ပေးအပ်

 

၁၁ သြဂုတ်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေများ စီးဆင်းမှုကြောင့် ဟောသရောမြစ်ရေ လျှံတက်လာပြီး မြို့အတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။

 

အဆိုပါမြစ်ရေများ ဝင်ရောက်မှုကြောင့် ကျိုက်ဒုံမြို့ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုတွင် ပြောင်းရွှေ့ ခဲ့ကြသည့် ရေဘေးသင့် အိမ်ထောင်စုများအား ဩဂုတ်လ ၁၀ ရက်၊ ညနေ ၄ နာရီက ရေဘေးကယ်ဆယ်ရေး စခန်း ၃ ခုရှိ အိမ်ထောင်စု(၂၇၁)စု၊ လူဦးရေ ကျား(၆၂၃ )ဦး၊ မ (၆၁၆ )ဦး စုစုပေါင်း လူဦးရေ (၁၂၃၉ )ဦး အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော တစ်ရက်လျှင် လူတစ်ဦး၊ ဆန်(၂)ဗူးနှုန်း (၃)ရက်စာအတွက် ဆန်အိတ်(၃၉)အိတ်အား မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ရုံးဝန်ထမ်းများ၊ တာဝန်ရှိသူများက ရေးဘေးသင့် အိမ်ထောင်စုများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

 

ကျိုက်ဒုံ(ပြန်/ဆက်) 

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အချို့တွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် နေအိမ်များပျက်စီးမှုများနှင့် ကျေးလက် တံတားတစ်စင်းပျက်စီးမှုဖြစ်ပွား

 

မြိတ် ၁၁ သြဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ် ခဲ့ပြီး မြေပြိုမှုများဖြစ်ပွားကာ သစ်ပင်များ လဲပြို၍ နေအိမ်များ ပျက်စီးခဲ့ပြီး ကျေးလက်ချောင်းကူး သစ်သားတံတားတစ်စင်း ရေတိုက်စား၍ ပျက်စီး ခဲ့ကြောင်း သိရသည်။

 

မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မြိတ်မြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်အချို့ လမ်းပေါ် တွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ကာ နေအိမ်များသို့ ရေဝင်ရောက်မှုများရှိခဲ့သည်။ မြိတ်တောင် ကျေးရွာ အုပ်စု ရပ်ကွက်များတွင် နေအိမ်များသို့ ရေ(၃)ပေခန့် ဝင်ရောက်လာသဖြင့် အိမ်ထောင်စု (၂၆) စုသည် မီးသတ်ဓမ္မာရုံနှင့် အောင်မင်္ဂလာ စာသင်ကျောင်းသို့ ယာယီပြောင်းရွှေ့ နေထိုင် ခဲ့ကြသည်။ ထို့အတူ ကားလမ်းမကြီးများတွင် လမ်းရေကျွံနေ မှုဖြစ်ပွားရာ နေရာများတွင် ခရီးသွား ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပြည်သူများက ကူညီ ဆောင်ရွက်ခဲ့ကြသည်။

 

မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအချို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်မြေများ၊ မြေထိန်းနံရံများ၊ သစ်ပင်များ ကားလမ်းမပေါ် ပြိုကျမှုများရှိခဲ့ရာ ခရီးသွားလာမှုများ ပြတ်တောက်မှု မရှိစေရေး အတွက် တာဝန်ရှိသူများက ရှင်းလင်းဖယ်ရှားခဲ့ ကြသည်။ တောင်မြေပြိုကျမှုများတွင် ပြင်းငယ်ကျေးရွာ၌ တောင်မြေများ မြေသားပျော့အိ၍ ပြိုကျမှုကြောင့် နေအိမ်(၅)လုံး၊ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်တွင် နေအိမ်(၈)လုံး၊ အလယ်ချောင်း ကျေးရွာတွင် နေအိမ်(၂)လုံးပျက်စီးခဲ့ပြီး ကဟန်းကျေးရွာအုပ်စု သင်္ကထီးကျေးရွာတွင် လေပြင်းတိုက်၍ သစ်ပင်လဲသဖြင့် နေအိမ်(၃)လုံး ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ပြင်းငယ်ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သည့် နေအိမ်နှင့် အန္တရာယ်ရှိသော နေအိမ်(၂၀)လုံးရှိ ပြည်သူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို နှင့် တာဝန်ရှိသူများ၊ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊တပ်မတော်သားများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ကျေးရွာရှိ ရတနာသီရိ ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ ဘုရားကိုင်ရပ်ကွက်တွင်လည်း ပြိုကျနေအိမ်များနှင့် အန္တရာယ်ရှိနေအိမ်များမှ ပြည်သူ များအား အောင်မြေသုခ ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးပြီး ပြောင်းရွှေ့နေထိုင်သူများအား စားသောက်ရေးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ တောင်မြေများ မြေသားပျော့အိ ပြိုကျမှုဖြစ်နေ၍ ညပိုင်းအချိန်တွင်လည်း တာဝန်ရှိသူများမှ စောင့်ဆိုင်းကြည့်ရှုလျက်ရှိကြသည်။

 

မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေစီးသန်မှုကြောင့် ကြေးနန်းတိုင်-နန်းတော်ရာ ကျေးလက် လမ်းပေါ်ရှိ တောင်းရှည် သစ်သားချောင်းကူးတံတားသည် မွန်းလွဲ(၃)နာရီခန့်တွင် တံတားတိုင် (၄)ခွင် ပြိုကျပျက်စီး၍ တံတားအလယ်တွင် ပြတ်တောက်ပျက်စီးခဲ့သည်။ ပျက်စီးခဲ့ သည့် သစ်သား တံတားအနီး၌ အရှည်(၂၉၅)ပေ အကျယ်(၁၈)ပေရှိ သံကူကွန်ကရစ် တံတားသစ်တစ်စင်းကို တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတား အထူးအဖွဲ့(၉)မှ တည်ဆောက်လျက်ရှိသည်။

 

သြဂုတ်လ(၉)ရက်က မိုးသည်းအဆက်မပြတ်ရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ပပြင် ကျေးရွာမှ ရေမျှောခဲ့သည့် နေအိမ်အိမ်(၂)လုံးအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့အတူ ပပြင်ကျေးရွာနှင့် အလယ် ချောင်းကျေးရွာ ယာယီကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့် ပြည်သူများအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဆန်၊ ဆီ၊ ရေသန့်နှင့် မာမားခေါက်ဆွဲခြောက်များကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇမိမြစ်ရေ စိုးရိမ်ချိန်အမှတ်ထက် ကျော်လွန်ကာ ရေထပ်မံတိုးခြင်း ကြောင့် ရေဘေးရှောင် စခန်းထပ်မံဖွင့်လှစ်ရ

 

ကြာအင်းဆိပ်ကြီး ၁၁ ဩဂုတ် 

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်ရေသည် စိုးရိမ်အမှတ် (၃၅)ပေအထက် ၁ပေကျော်ခန့် ကျော်လွန်ပြီး ရပ်ကွက်များနှင့် ကျေးရွာများအတွင်း လူနေအိမ်များသို့ ရေများ ဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားပြီး ရေဘေးရှောင်စခန်း အသစ် ထပ်မံဖွင့်လှစ်ရသည်။

 

အဆိုပါရေဘေးရှောင်ပြည်သူများအား နယ်မြေခံတပ်ရင်းတပ်နယ်မှ တပ်မတော်သားများ ၊မီးသတ် တပ်ဖွဲ့ဝင်များ ၊လူမှုရေးအသင်းအဖွဲ့များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက လှေများ၊ မော်တော်ကားများဖြင့် ရေဘေးရှောင် စခန်းသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)

 

တောင်ကျရေများ စီးဆင်းလာသောကြောင့် သုဝဏ္ဏဝတီမြို့တွင် ကားလမ်းရေကျော် မှုဖြစ်ပွား

 

သထုံ  ၁၁ ဩဂုတ်

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာသောကြောင့် ဩဂုတ်လ ၁၁ ရက် နံနက်က ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ရေကျော်ကာ ယာဉ်သွား လာမှုများ အခက်အခဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တောင်ကျရေများ ရုတ်တရက် စီးဆင်းလာသောကြောင့် ကျိုက္ကော်ရပ်ကွက်၊ အောက်ကျင်းရပ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၈/၆နှင့် ၁၃၉/၄ အကြားတွင် ရေအမြင့် ၂ ပေခန့် မြင့်တက်လာရာ ယာဉ်များဖြတ်သန်းသွားလာရန် ခက်ခဲမှုဖြစ်ပွားခဲ့သောကြောင့် အန္တရာယ်ကင်းရှင်းရေး အတွက် တာဝန်ရှိသူများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

 

"မိုးက တအားများတော့ ဈေးထဲနဲ့ ရပ်ကွက်ထဲက လူနေအိမ်အချို့လည်း ရေဝင်ရောက်တာ ရှိပါတယ်။ မိုးဆက်များရင် အခက်အခဲ ဖြစ်နိုင်တယ်" ဟု ကားလမ်းရေကျော်ရာတွင် လာရောက်ကူညီနေသည့် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

အဆိုပါ ကားလမ်းရေကျော်ရာသို့ သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီ မှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် သုဝဏ္ဏဝတီမြို့ရှိ လူမှုကူညီရေး အဖွဲ့များက ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရေးနှင့် ခရီးသွား ပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ရေဘေးသင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ဘားအံ ၁၁ ဩဂုတ် 

 

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့် တက်လာခြင်း၊ တောင်ကျရေများ စီးဆင်းလာခြင်းတို့ကြောင့် မြို့နယ်(၆)မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင် ၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာ၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘုရားကုန်းကျေးရွာ ငြိမ်းချမ်းရေးခန်းမ၌ ပဒိုအောင်ဆန်းနှင့် ငြိမ်းချမ်းရေးမိသားစု အိမ်ထောင်စု(၅၀)စုအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥအစရှိသည့် စားသောက်ကုတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရွေတောကျေးရွာ ပိုးကရင် နှစ်ခြင်းအသင်းတော် တွင် ရွှေတော၊ ကော့လုံးစိန်၊ ကော့ပရံ၊ ကော့အီမိုက် ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု (၁၂၃) စုအတွက် အလားတူ စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံလွင်မြစ် အနောက် ဘက်ကမ်း မုက္ကဒိကျေးရွာနှင့် ဖားနွဲ့ကျွန်းတို့ကို ဆက်သွယ်ပေးထားသော အိပ်မက်တံတား(မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူကြိုးတံတား) တောင့်တင်းကြံခိုင်မှုနှင့် စပ်လျဉ်း၍ သွားရောက်ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားကာ မုက္ကဒိတောင်နား ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်းအတွက် ဆန်(၁၅)အိတ်နှင့် ဖားနွဲ့ကျွန်းကျေးရွာရှိ အိမ်ထောင်စု (၁၉၆) စုအတွက် စားသောက်ကုန်ပစ္စများထောက်ပံ့ပေးအပ်ခဲ့သည်။

 

အလားတူ ဘားအံမြို့ပေါ်ရှိ ရေဘေးစခန်းများတွင်လည်း ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ကြက်သားဆန်ပြုတ်၊ ပဲနို့၊ မုန့်နှင့်ရေသန့်ဗူးများကို ဝေငှပေးခဲ့သည်။

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်များ အရ စိုးရိမ်ရေ မှတ်အောက်သို့ ၇၃၅ စင်တီမီတာသို့ပြန်လည် ကျဆင်းခဲ့သော်လည်း မွန်းလွဲ ၁၂ နာရီအချိန်ထိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုကို ဖွင့်လှစ်ထားဆဲဖြစ်ကာ အိမ်ထောင်စု ၁၁၈၈ စု၊ လူဦးရေ ၅၈၁၄ ဦး ခိုလုံနေထိုင်လျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၈၅ ကျောင်း ပြန်လည်ဖွင့်လှစ်ရန်ကျန်ရှိနေသေးကြောင်း သတင်းရရှိ သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလိန်အောင်မြို့အတွင်း အနိမ့်ပိုင်း ရပ်ကွက်တွင် ရေကြီးရေလျှံ မှုဖြစ်ပွား

 

ကလိန်အောင် ၁၁ ဩဂုတ် 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယနေ့ နံနက်ပိုင်း ၉နာရီခန့်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြို့အတွင်း အနိမ့်ပိုင်းဖြစ်သော အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ကလိန်အောင်နယ်မြေ မီးသတ် တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော် သားများမှ ရေလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ကူညီမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ကလိန်အောင် (ပြန်/ဆက်)

 

မြိတ်မြို့တွင် တောင်မြေပြို၍ နေအိမ်ပျက်စီးခဲ့သည့် ပြည်သူများအား အားပေးစကား ပြောကြား၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်

 

မြိတ် ၁၁ သြဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်မြေပြို၍ နေအိမ်များ ပျက်စီးမှုဖြစ်ပွားခဲ့သော ပြည်သူများအား ယနေ့ နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက အားပေးစကားများ ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လ(၁၀)ရက်က မြိတ်တောင်နယ်မြေ ဘုရားကိုင် ရပ်ကွက်၌ တောင်မြေပြို၍ နေအိမ်များ ပျက်စီးခဲ့သူများအား တာဝန်ရှိသူများမှ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဘေးသင့်ပြည်သူများအား အောင်မြေသုခ ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိကြရာ ၎င်းတို့အား တာဝန်ရှိသူများက သွားရောက်အားပေးစကားများ ပြောကြားခဲ့ကြ ပြီး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

နေအိမ်ပျက်စီး အိမ်ထောင်စု(၈)စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ သည့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်စီ၊ ပြောင်းရွေ့နေထိုင်သူ အားလုံးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၃၀၂၄၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက် ပစ္စည်း(၁၁)မျိုး၊ မိသားစုသုံးပစ္စည်းတစ်စုံ၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁)စုံစီ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ထမင်းဘူး၊ ခြောက်ဆွဲခြောက်၊ လ္ဘက်ရည်ထုပ်၊ ရေသန့် တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

အလားတူ တောင်မြေပြို၍ နေအိမ်များ ပျက်စီးခဲ့သည့် ပြင်းငယ်ကျေးရွာရှိ နေအိမ်(၆) လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး (၆)စုံ၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၉)သိန်းကျပ်၊ ပြောင်းရွေ့နေထိုင်သူ အားလုံးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၂၆၀၄၀ဝ) ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း၊ မိသားစုသုံးပစ္စည်း၊ တစ်ကိုယ် ရေသုံးပစ္စည်း၊ အမျိုး သမီးသုံးပစ္စည်း(၆)စုံ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

ချောင်းဆုံမြို့နယ်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားလျက်ရှိ

 

ချောင်းဆုံ ၁၁ သြဂုတ် 

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု အပြိုင်ကျေးရွာတွင် ယမန်နေ့က မုတော်ဘုန်းတော်ကြီးကျောင်းဧရိယာ ပတ်ဝန်းကျင်ရှိ မြေပြိုမှုကြောင့် မုတော်ဘုန်းကြီး ကျောင်း ဆွမ်းစားဆောင်(၁)ဆောင်၊ လူနေအိမ်(၄)လုံး ပျက်စီးခဲ့ပြီး ယနေ့နံနက် (၂)နာရီခန့်က မြေပြိုမှု ဆက်လက်ဖြစ်ပွားရာ လူနေအိမ် (၄) လုံး ထပ်မံပြိုကျခဲ့သဖြင့် စုစုပေါင်း လူနေအိမ် (၈) လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

အလားတူ နှီးမုတ်ကျေးရွာတွင် တောင်ကျရေနှင့်မြေစာများ မျောပါလာခြင်းကြောင့် ကားလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း ပေးလျက် ရှိကြောင်းနှင့် မြေပြိုကျမှုများ ထပ်မံဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေ ရာများမှ လူနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို တာဝန်ရှိသူများက ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

Ref #MoiWebportalMyanar