သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်တွက်ဆပြီး အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားကြရန် လိုအပ်

နေပြည်တော် ဧပြီ ၂၇

သဘာဝဘေးအန္တရာယ်များသည် အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေး ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အတွက် ကြိုတင်တွက်ဆပြီး အမြဲတမ်း အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာတဝန်း ရာသီဥတု ပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနေသည့် သဘာဝဘေး အန္တရာယ်များ၏ သဘောသဘာဝများကို မျက်ခြေမပြတ် လေ့လာနေရန်လည်းလိုအပ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေအညွှန်းကိန်း ၂၀၂၁ အရ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင် အမြင့်ဆုံးနိုင်များထဲတွင် မြန်မာနိုင်ငံလည်းပါဝင်ကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံအတွင်းတွင် ရာသီကာလအလိုက်၊ ဒေသအလိုက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ခန့်မှန်းပြီး မိမိတို့တွင်ရှိပြီးဖြစ်သော၊ ရရှိနိုင်သောစွမ်းအားအရင်းအမြစ်များကို အသုံးချပြီး ရင်ဆိုင် တုံ့ပြန်နိုင်မည့် အကောင်းဆုံး အစီအမံများကို ကြိုတင်ရေးဆွဲဆောင်ရွက်ထားရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် သဘာဝဘေးဒဏ်သင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများ ပြုလုပ်ပေးရန် တာဝန်ရှိသကဲ့သို့ ယင်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် သဘာဝဘေးကြောင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ပျက်စီးပါက ဆောလျင်စွာ ပြန်လည်ထူထောင်ရေးအတွက် မိုးဦးကျကာလတွင် ဖြစ်နိုင်သည့် သဘာဝဘေး အန္တရာယ်များကို မျှော်မှန်းပြီး ကြိုတင်ပြင်ဆင် စီမံထားခြင်းတို့ကို ဒေသအလိုက် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက် ပျက်စီးမှု လျော့နည်းစေရေးအတွက် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားစဉ်နှင့် ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဒေသအလိုက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားရန်နှင့် ရေကြီးနစ်မြုပ်မှု ဖြစ်လေ့ရှိသည့် ဒေသများတွင် ကျရောက်လာနိုင်သည့် ရောဂါပိုးမွှား အန္တရာယ်ကာကွယ်နှိမ်နှင်းရေး၊ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ စုဆောင်းထားရှိရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်ဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းများ စီမံထားရှိရေး၊ ဘေးသင့်ကာလတွင် တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများလည်း ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း။

လုပ်ငန်းများလျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရန်အတွက် Task Force များ ဖွဲ့စည်းထားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများ အဓိကလိုအပ်လျက်ရှိသည့် မျိုးစေ့၊ မြေဩဇာ စသောသွင်းအားစုများ၊ ထွန်ယက်စိုက်ပျိုးရန် စက်ယန္တရားများ၊ ငွေကြေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ရေး ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးခြင်းစသည့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  အသက်မွေးဝမ်းကျောင်းပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီဝင်ဌာနများမှ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေ၊ နွေရာသီ ရေရှားပါးဒေသများအတွက် ဆောင်ရွက်ပေးခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများနှင့်  လက်တလောဖြစ်ပွားခဲ့သည့် လေဆင်နှာ မောင်း တိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာ (၂) ရွာသို့ ထောက်ပံ့ဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ ဆက်လက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ တတ်ရောက်လာသော ကော်မတီဝင် ဌာနများက သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေနှင့် သဘာဝဘေးသင့် ဒေသများကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်တင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်