သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု၊ လူမှုစီးပွားစနစ်နှင့် ကူးစက်ကပ်ရောဂါ

mdn

သတင်းဆောင်းပါး - ဒေါက်တာမြတ်မိုး

 

၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြီးကို ရင်ဆိုင်နေရချိန်နှင့် လည်း တိုက်ဆိုင်နေသည့်အချိန်ဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ကိုဗစ်- ၁၉ အပါ အဝင် ကူးစက်ကပ်ရောဂါများ ဆက်စပ်နေသည့် အခြေ အနေများကို တင်ပြရန် လိုအပ်လာပါသည်။

 

အမှန်တကယ်လည်း ကိုဗစ်-၁၉ နှင့် သဘာဝတရား ကြီးသည် ဆက်စပ်မှုရှိနေပါသည်။ လေ့လာတွေ့ရှိချက် များအရ သစ်တောပြုန်းတီးမှုနှင့် တောရိုင်းတိရစ္ဆာန်များ သေဆုံးပျောက်ကွယ်ရခြင်း၏ ဆိုးရွားသည့်ရလဒ်တစ်ခု အဖြစ် လူသားများ စိုးရိမ်ကြောက်ရွံ့ရသည့် ကူးစက် ရောဂါများကို ပို၍ဖြစ်စေသည်ဆိုသော အချက်ပင်ဖြစ် သည်။ ထို့ပြင် နိုင်ငံများ၏ စီးပွားရေးစနစ်များနှင့် လူသား များ၏ လောဘဇာများက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနေသည်ဆိုခြင်းကို ကမ္ဘာ့ GDP ၏ ၅၀ ရရာခိုင်နှုန်းက သဘာဝတရားအပေါ်တွင် ကြီးကြီးမားမား တည်မှီနေခြင်းက ပြဆိုနေပါသည်။ စီးပွားရေးသမားများ သည်၎င်းတို့၏အကျိုးအမြတ်ကို သဘာဟာပတ်ဝန်းကျင်က နေ ထုတ်ယူရရှိနေရာတွင် အနည်းဆုံး ကိုးဒေါ်လာခန့် အမြတ်ရရှိလျှင်တောင်မှ တစ်ဒေါ်လာခန့်ကိုသာ မိမိ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် ပြန်လည် အသုံးချသည်ကို တွေ့ရှိရပါသည်။

 

တိရစ္ဆာန်များကြောင့်ဖြစ်ရသည့် ကပ်ရောဂါ

 

ကိုဗစ်-၁၉ က ရလိုက်သည့် သင်ခန်းစာတစ်ခုက တော့ မိမိနှင့်တကွ မိမိရဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေပြီဆိုသည့် အချက်ပင်ဖြစ်ပါသည်။ မိမိတို့ ကိုယ်တိုင် ပူးပေါင်းပါဝင်မှ နောင်လာနောက်သားများ အတွက် ယခုထက် ပိုမိုကျန်းမာသည့် အနာဂတ်ဘဝ များကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ သက်ရှိ မျိုးစိတ် အားလုံးကို ယခုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ကြရန် ကိုဗစ်-၁၉ အပါအဝင် ယခင်အဆက်ဆက် ဒုက္ခပေးခဲ့သည့် တိရစ္ဆာန်ကြောင့်ဖြစ်ရသော ကပ် ရောဂါကြီးများက သင်ခန်းစာ ပေးနေခဲ့ပြီဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ ကူးစက်ရောဂါအားလုံး၏ ၆၀ ရာခိုင်နှုန်း ခန့်သော မူလဇာစ်မြစ်သည် တိရစ္ဆာန်များကြောင့် ဖြစ်ရသည်။ ကမ္ဘာတွင် ဖျားနာမှု တစ်ဘီလီယံခန့်နှင့် လူသန်းပေါင်းများစွာသော သေဆုံးမှုများသည် တိရစ္ဆာန် များ၏ စနက်မကင်းပါ။ ပြီးခဲ့သည့် ရာစုနှစ် သုံးခုအတွင်း ကူးစက်ရောဂါပိုးအသစ် ၃၀ ခန့် တွေ့ရှိရပြီး ၇၅ ရာခိုင် နှုန်းသည် တိရစ္ဆာန်များမှ ပေါက်ဖွားခဲ့သည်ဟုဆိုပါသည်။ ၎င်းရောဂါပိုးများကြောင့် ဖြစ်ပွားရသည့် ကူးစက်ရောဂါ များသည် ယခုကမ္ဘာ့ပြည်သူ့ ကျန်းမာရေး အရေးပေါ် ပြဿနာရပ်များအဖြစ် နေရာယူထားပြီးလည်း ဖြစ်ပါ သည်။ တောရိုင်းတိရစ္ဆာန်များ သဘာဝအပင်များ တရား မဝင် ရောင်းဝယ်ဖောက်ကားနေကြသည်ကို လုံးဝရပ်တန့်ရန်၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းစေမည့် လူမူစီးနှစ်များကို အားပေးလံခြင်းမပြုမိစေရန် ယခုအခြေအနေများက တောင်းဆိုနေပြီလည်း ဖြစ်ပါ သည်။

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ပုဒ်

 

သို့ဆိုလျှင် ကျွန်တော်တို့လူသားများသည် မိမိတို့ လုပ်ခဲ့သည့် အမှားများမှတစ်ဆင့် ကိုဗစ်-၁၉ ကပ်ကြီးမှ တစ်ဖန် ပြန်လည်လွန်မြောက်ခဲ့ပါက မိမိနေထိုင်ရာ သဘာဝ ပတ်ဝန်းကျင် သာယာလှပဖို့အရေး ဘယ်လိုအခွင့်အလမ်း များရရှိနိုင်မည်လဲ။ ဒီလိုအခွင့်အလမ်းများမှတစ်ဆင့် နောင်ကူးစက်ရောဂါကပ်ဆိုးတွေ ထပ်မံမဖြစ်လာအောင်နှင့် ဖြစ်လာခဲ့လျှင်လည်း လျော့ပါးသက်သာအောင် ဘယ်လို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုမျိုးတွေ လုပ်ဆောင် ကြမည်လဲစသည်ဖြင့် စဉ်းစားရမည့်အချက်များ ရှိလာခဲ့ပါပြီး အလေးအနက်ထားစဉ်းစားရမည့်အချက်တစ်ခုက မိမိတို့ နေထိုင်ရာကမ္ဘာမြေကြီး ရေရှည်တည်တံ့ဖို့အတွက် ကမ္ဘာ့ မြေထု၊ ရေထု၊ လေထုမှာ ရပ်တည်နေထိုင်ကြ သည့် ဇီဝမျိုးစုံ မျိုးကွဲများ Biodiversity နှင့် သဘာဝပတ်ဝန်းကျင်ကို အချိန်မီထိန်းသိမ်းကြရမည့် တာဝန်ကြီးတစ်ခုသည် မိမိတို့ ပခုံးပေါ်သို့ကျရောက်နေပြီဆိုသည့် အချက်ဖြစ်ပါသည်။ တစ်ဆက်တည်း အနာဂတ်တွင် ဆက်လက်ဖော်ဆောင်မည့် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ စီမံကိန်းများတွင် ကမ္ဘာမြေကြီး တည်တံ့ရန် အချက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ချိတ်ဆက်ပြီး ထည့်သွင်း မတွက်ချက်ထား ဘူးဆိုလျှင် ယခုလို ကူးစက်ကပ်ဘေးရောဂါများသည် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားပေါ်ပေါက် နေမည်ဖြစ်ပြီး လူသားများ၏ လူမှုစီးပွားဘဝများတွင်လည်း မကောင်းသည့်ဆိုးကျိုး သက်ရောက်မှုများ၊ ထိခိုက်မှုများ ဆက်လက် ရှိနေဦးမည်ဖြစ်ပါသည်။ ငတ်မွတ်ခေါင်းပါးမှု အဆုံး သတ်ရေး ကြိုးပမ်းနေစဉ်မှာပင် သဘာဝပတ်ဝန်းကျင်နှင့် ကူးစက်ကပ်ရောဂါများကြောင့် အတောမသတ်နိုင်သည့် ဆင်းရဲနွမ်းပါးမှုများသည် ဆက်လက်ရှိနေနိုင်ပါသည်။ ထိုအရေးကို ကာကွယ်တားဆီးနိုင်ရန် ယခု၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ချမှတ်ထားသည့် “တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့ ”  ဆောင်ပုဒ်က ညွှန်ပြနေပါသည်။

 

လူသားတို့ကစတင်သော Domino Effect

 

သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစိတ်များအချင်းချင်းနှင့် သူတို့၏ တည်မှီရာ ပတ်ဝန်း ကျင်ဆက်စပ်မှုကို ပြသနေသည့် ဂေဟစနစ် Ecology ကွဲပြားခြားနားသည့် အပင်၊ တိရစ္ဆာန်များ၏ သဘာဝဖြစ် သည့် Biodiversity နိုင်ငံများ၊ လူများ၏ စီးပွားရေးစနစ် များနှင့် ကပ်ရောဂါကြီးများသည် တစ်ခုနှင့်တစ်ခု ကွန်ရက်သဖွယ် ဆက်စပ်ချိတ်ဆက်၍နေပါသည်။ ဤသို့ ဆက်စပ်မှုတွင် တစ်ခုခုက ချို့ယွင်းသွားခဲ့လျှင် domino effect ကဲ့သို့ တည်ငြိမ်မှုသည်လည်း ပျက်စီးယိုယွင်းသွား မည်သာဖြစ်ပါသည်။ အကြောင်းမှာ ကျွန်တော်တို့ လူသားအားလုံးသည် ဂေဟစနစ်၏ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေ၍ဖြစ်ပါသည်။ လူတို့၏ စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများသည် ဂေဟစနစ်ကို ပျက်ယွင်းစေသည် ဆိုသောအချက်သည် အထူးအာရုံ စိုက်ရတော့မည့် အချက် ဖြစ်လာပါသည်။ သတ္တဝါများ၏အသားကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးသူများကြောင့် တောင်းဆိုမှုများရှိနေသရွေ့ တောရိုင်းသတ္တဝါများကို တရားမဝင်သတ်ဖြတ်ရောင်းဝယ် ဖောက်ကားမှုများ ဆက်လက်ရှိနေနိုင်ကာ ဂေဟစနစ်ကို ပိုမိုပျက်စီးစေပြီး ကူးစက်ကပ်ဘေးများလည်း ဆက်လက် တွေ့ကြုံနေရဦးမည်ဖြစ်ပါသည်။ 

 

သဘာဝတရားပျက်ယွင်းစေသည့် အကြောင်းရင်းများ

 

စည်းကမ်း နည်းလမ်း မကျသော စွမ်းအင်နှင့် သတ္တု သယံဇာတထုတ်ယူမှုများ၊ သစ်ထုတ်လုပ်ရေးစခန်းများ ကြောင့် သစ်တောပြုန်းတီးမှုများ၊ လူဦးရေပေါက်ကွဲမှု။ တောမီးလောင်ခြင်း၊ သစ်တောများနေရာတွင် အိမ်၊ ခြံ၊ မြေများ တည်ဆောက်ခြင်း၊ စီးပွားရေးနှင့် စားနပ်ရိက္ခာ အတွက်ရည်ရွယ်သည့် မွေးမြူရေးလုပ်ငန်းကြီးများနှင့် တောတောင်များဖောက်လုပ်ပြီး လမ်းများချဲ့ထွင်ကာ ခရီးသွားလုပ်ငန်းများကြောင့် သဘာဝတရားများ ပျက်ယွင်း နေရသည်ဆိုလျှင် ယင်းအချက်သည်လည်း မှားသည်ဟု မဆိုနိုင်ပါ။ ယခင်က လူသားများနှင့် မည်သို့မျှ မနီးစပ်ခဲ့သည့် ပတ်ဝန်းကျင်အသစ်သို့ လူသားများရောက်ရှိလာခြင်း၊ သစ်တောကို မှီခိုနေရသည့် တောရိုင်းသတ္တဝါများလည်း လူများကြောင့် ၎င်းတို့၏ ယခင်ခိုလှုံရာနေရာများပျောက် ကွယ်ခြင်းနှင့် ဗိုင်းရပ်စ်ပိုးသယ်ဆောင်သည့် သတ္တဝါများ သည် မြို့ပြနှင့် ပိုမိုနီးစပ်လာမှုရှိခြင်း စသည့်အချက်များ သည် လူနှင့် တောရိုင်းသတ္တဝါများကို ပို၍ရောထွေးယှက် တင်ဖြစ်စေပါသည်။ ထိုအခါမှာ ဗိုင်းရပ်စ်ပိုးများ၏ ဆင့်ကဲ ဇီဝဖြစ်စဉ်ပြောင်းလဲမှုများကြောင့် ကျွန်တော်တို့လူသားများတွင် ရောဂါပိုး၏ဒဏ်ကို ပိုမိုဆိုးရွားစွာ ထိခိုက်ခံစားကြရ သည်။ ဥပမာ ဘရာဇီးနိုင်ငံ အမေဇုန်ဒေသတွင် သစ်တောများ ပြုန်းတီးမှုကြောင့် ငှက်ဖျားရောဂါဖြစ်စေသည့် အခါ ဖလိစ်ခြင်များ၏ ခိုလှုံရာဘုံပျောက်ဆုံးပြီး ငှက်ဖျားရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ပြန်လည်ဖြစ်ပွားလာမှုများကို လေ့လာ တွေ့ရှိနိုင်ပါသည်။ ငှက်ဖျားရောဂါသာမက အီဘိုလာ (Ebola) နှင့် လိုင်းမ် (Lime) ရောဂါများသည်လည်း သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေသည့်အပြင် ယခင်က လူများနှင့် မည်သို့မျှထိတွေ့စပ်အပ်ခြင်းမရှိသည့် တောရိုင်း တိရစ္ဆာန်များနှင့် ထိတွေ့ရာမှတစ်ဆင့် ကူးစက် မှုဖြစ်စေခဲ့သည်ဆိုသည့်အကြောင်းများလည်း သိရှိ လာရပါသည်။

 

ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်မှု

 

ရာသီဥတုအခြေအနေပြောင်းလဲမှုနှင့် ယခု ကိုဗစ်၁၉ ကူးစက်မြန်ကပ်ရောဂါ တိုက်ရိုက်ဆက်စပ်မှုရှိပုံ ကိုတော့ လေ့လာနေဆဲဖြစ်ပါသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုဟူသည် တောရိုင်းတိရစ္ဆာန်များခိုအောင်းရာ ပထဝီအနေအထားကိုမူ ပြောင်းလဲစေနိုင်ပါသည်။ တိရစ္ဆာန်အချင်းချင်းနှင့် တိရစ္ဆာန်နှင့်လူသား ပုံမှန်ထိတွေ့မှ ပုံစံများကို ပြောင်းလဲသွားစေနိုင်ပါသည်။ ရာသီဥတုကြောင့် ပိုးမွှားများက သူတို့ခိုအောင်းနိုင်မည့် လက်ခံ ကောင်အသစ်ကိုရရှိရန် အခွင့်အလမ်းများကို ရှာဖွေခွင့် ရရှိသွားကြသည်။ မည်သို့ပင်ဖြစ်စေ ရာသီဥတု ပြောင်းလဲ မှု၏ အရင်းခံအကြောင်းတရားများသည် သစ်တောများ ပြုန်းတီးမှုကြောင့်သာ အဓိကဖြစ်သည်ကို မမေ့အပ်ပါ။ သစ်တောများ ပျောက်ကွယ်ရခြင်း၏ အဓိကတရားခံ သည်လည်း လူသားများပင် ဖြစ်သည်ကို ငြင်းပယ်၍မရပါ။ ရာသီဥတု ပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ တိုက်ရိုက်ဆက် စပ်မှုကို မတွေ့ရှိရသော်လည်း လုံလောက်သည့် လေထု အရည်အသွေးမရှိဘဲလေထုညစ်ညမ်းသည့်ဒေသများတွင် နေထိုင်သူများသည် ရောဂါကြောင့် ပိုမိုသေဆုံးနိုင်ခြေ များသည်ကို တွေ့ရှိရသည်။ ကိုဗစ်-၁၉ရောဂါခံစားရသည့် နယူးယောက်မြို့တွင် နေထိုင် သူများသည် လေထု ညစ်ညမ်းမှုကြောင့် နောက်ဆက်တွဲနမိုးနီးယားဖြင့် အရေး ပေါ် ဆေးရုံတင်ကုသရသူများ များပြားနေသည်ကို လေ့လာတွေ့ရှိရသောကြောင့် ရရာသီဥတုပြောင်းလဲမှုသည် ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်သည့် အနေအထား အား လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။

 

လူသားများတွင်သာ အဓိကတာဝန်ရှိ

 

ပြောင်းလဲနေသော ကမ္ဘာကြီး ပြောင်းလဲနေသော ဂေဟစနစ်နှင့် လူများ၏ လောဘရမ္မက်ဇောကြောင့်ဖြစ်ရ သည့် တောရိုင်းတိရစ္ဆာန်ဈေးကွက်စသည်ဖြင့် မဖြေ ရှင်းနိုင်သေးသည့် ပုစ္ဆာများစွာသည် နောင်တွင် ဖြစ်ပွား နိုင်ခြေရှိသည့် ကူးစက်ရောဂါများအတွက် စိန်ခေါ်မှုများပင် ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါများသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် တန်းတူမညီမျှမှုများ၏ ဘေးထွက်ဆိုးကျိုး အဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။ ရေရှည်တွင် လျစ်လျူရှု၍ မရသော အရာများလည်း ဖြစ်ပါသည်။ အရာရာတိုင်း အတွက် လူသားများတွင်သာ တာဝန်ရှိသည်ဟု ခံယူထား စေချင်ပါသည်။ သဘာဝတရားပြောင်းလဲမှုသည် လူကြောင့်ပင်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုသည် လည်း ကာဗွန်ကြောင့်ဟုဆိုသည်ထက် လူသားများကြောင့်ဟုပင် ဆိုနိုင် ပါသည်။ ကိုဗစ်-၁၉ ဆိုသည့် ကပ်ရောဂါကို အန်တုရင်ဆိုင်လျက် မိမိကိုယ်မိမိ ဓားစာခံ များဖြစ်ရသည်ဟု မြင်နေသူများ ရှိကောင်းရှိနိုင်ပါသည်။ ဗိုင်းရပ်စ်၏ မူလအကြောင်းတရားနှင့် ပိုးပျံ့နှံ့စေသည့် တရားခံအစစ်အမှန်ကို ရှာဖွေရာတွင် အပြန်အလှန် စွပ်စွဲငြင်းခုံမှုများက အထောက်အကူမဖြစ်ဘဲ ပူးပေါင်း ဆောင်ရွက်မှုသည်သာ မူလတရားခံကို ရှာဖွေပေးနိုင်မည်။

 

နိဂုံးချုပ်အနေဖြင့် ကျွန်တော်တို့လူသားအားလုံး သည် သဘာဝတရားနှင့် ဂေဟစနစ် စီးပွားရေး စနစ်များ နှင့် ကပ်ရောဂါဆိုးများအကြား ကွန်ရက်သဖွယ် ချိတ် ဆက်ဆက်စပ်မှုများကိုသေသေချာချာလေ့လာသုံးသပ်ပြီး သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် ကြိုတင်မြော်တွေးဆောင်ရွက်ကြရပါလိမ့်မည်။ ကပ်ရောဂါနှင့် သဘာဝဘေး အန္တရာယ်ကြီးများ ဖြစ်ပေါ်လာရာမှ အရေးပေါ် တုံ့ပြန်ခြင်းထက် ကြိုတင်မြော်တွေးပြီး အမြော်အမြင်ရှိရှိ စီမံထားရှိမှု Proactive ဖြစ်မှုကသာ ဆိုးကျိုးများကို နည်းပါးစေနိုင်မည်ဖြစ်ပါကြောင်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရ ပါသည်။ ။