သစ်တောဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၆

 

သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအပေါ် သုံးသပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်သစ်တောကဏ္ဍ ဖွံဖြိုးတိုးတက်ရန်၊ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် သဘာဝဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ညီညွတ်မျှတပြီး ပျက်စီးပြုန်းတီးမှု မရှိစေရန် ရည်ရွယ်ပြီး အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း၊ ခရိုင်သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့်   မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများကို ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရန်နှင့် သစ်တောထိန်းသိမ်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကျွန်းမူရင်းဒေသ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို (၁၀)နှစ် ရပ်နားခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ကျွန်းနှင့်သစ်မာထုတ်လုပ်မှုကို နှစ်စဉ် တောထွက်၏ ၅၅ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်းထိ အသီးသီးလျှော့ချ ထုတ်လုပ်စေခဲ့ကြောင်း၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ ယခုအခါကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော (၁၂၇၀) နိုင်ငံဧရိယာ၏ (၂၅ ဒသမ ၇၂ ရာခိုင်နှုန်း) ကိုလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၇) ခု နိုင်ငံဧရိယာ၏ (၆ ဒသမ ၀၉ ရာခိုင်နှုန်း) ကိုလည်းကောင်း၊ သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း။

 

နိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက်လျက်ရှိပါသဖြင့် ရေဝေရေလဲ ဒေသသစ်တောများ ထိန်းသိမ်းရေးသည်လည်း အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ အဓိကမြစ်ချောင်းများ၊ ဆည်တာတမံများ၏ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာသစ်ပင် စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်းခြင်း၊ လုပ်ငန်းများအတွက် စနစ်တကျကြိုတင် ပြင်ဆင်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နှစ်တို၊ နှစ်ရှည်လျာထား လုပ်ငန်းများကို အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အကြီးအကဲနှင့် အထက်ဌာန အဆင့်ဆင့်များ၏ လမ်းညွှန်ချက်များ၊ တာဝန်ပေးအပ်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရန် အထူးအလေးထား မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တရားမဝင်သစ် ဖမ်းဆီးရမိမှု အများဆုံး ပထမဆု ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆု စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆု ရန်ကုန်တိုင်း ဒေသကြီးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်