သောက်သုံးရေသန့်ယာဉ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၁

 

နှစ်စဉ် မေလမှ စက်တင်ဘာလအထိကာလများသည် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ ကြုံတွေ့ခံစားရလျှက်ရှိသဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် သောက်သုံးရေသန့်ယာဉ် အကောင်အထည်ဖော်နိုင်ရန် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သုတေသနယာဉ်အဖြစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက သောက်သုံးရေသန့်ယာဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဆိုပါက သောက်သုံးရေရှားပါး ပြတ်လပ်မှုကြုံတွေ့ရသည့် ဒေသများတွင် သောက်သုံးရေ သန့်စင်ဖြန့်ဝေထောက်ပံ့နိုင်ခြင်းနှင့် အရေးပေါ် အခြေအနေတွင် သန့်စင်ပြီး သောက်သုံးရေများ အသုံးပြုနိုင်ခြင်းအားဖြင့် ပြည်သူများ၏ လတ်တလော သောက်သုံးရေအခက်အခဲကို ကျန်းမာရေးနှင့်ညီညွတ်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အတွက် အကျိုး ကျေးဇူးများစွာရရှိနိုင်ပြီး အထောက်အကူများစွာ ရရှိစေမည်ဖြစ်ပါကြောင်း၊ လေ့လာတွေ့ရှိချက်အရ အမှတ် (၉၂၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် စမ်းသပ်တပ်ဆင်ထားသည့် ရွေ့လျားရေသန့် စက်() တန်တင် ယာဉ်၏ အရွယ်အစားနှင့် စက်ပစ္စည်းတန်ဖိုးမှာ သင့်တင့်ခြင်း၊ ပစ္စည်းများလွယ်ကူစွာ တပ်ဆင်/ထိန်းသိမ်း အသုံးပြုနိုင်ခြင်းတို့ကြောင့် "နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး" တို့တွင် သုတေသနယာဉ်အဖြစ် ထားရှိအသုံးပြုနိုင်ရေး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်အရ အစီအမံနှင့် ပတ်သက်ပြီး ဆွေးနွေးအကြံဉာဏ်ရယူနိုင်ရေး နည်းပညာပိုင်းဆိုင်ရာအကြံပေးမှု၊ ယာဉ်ရရှိရေး ဆောင်ရွက် နိုင်မှု၊ ရေသန့်စက်တပ်ဆင်စမ်းသပ်လည်ပတ်မှု၊ ပြုပြင်ထိန်းသိမ်းမှု စသည့်များကို အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းအတွေ့အကြုံအပေါ် အခြေခံ၍ ဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဉီးမျိုးသန့်က စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သုတေသနပြု တည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သုတေသနပြု တည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်၊ တရုတ်နိုင်ငံမှထုတ်လုပ်သည့် ရေသန့်စင် စက်ယာဉ် စသည်ဖြင့် အမျိုးအစား(၃)မျိုးကို သုတေသနပြုလုပ်ထားပြီးဖြစ်၍ အသုံးတည့်မည့် ယာဉ်အမျိုးအစားကို ရွေးချယ်နိုင်ပါကြောင်း၊ စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ သုတေသနပြုလုပ် တည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် အသုံးပြုရန်ပိုမို သင့်လျော်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေ က ရွေ့လျား သောက်သုံးရေသန့်စက်တင်ယာဉ်နှင့် စပ်လျဉ်း၍ နေပြည်တော်၊ အမှတ်(၉၂၀) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ ယန္တရားတပ်ခွဲရှိ တရုတ်နိုင်ငံထုတ်ယာဉ်/ ရေသန့်စက်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရှိ ဂျပန်နိုင်ငံမှလှူဒါန်းသည့် ရွေ့လျားသောက်သုံးရေသန့် စက်တင်ယာဉ်တို့သို့ သွားရောက် လေ့လာခဲ့မှုနှင့် တွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များက ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မှုနှင့် အတွေ့အကြုံ များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)