သီးနှံသစ်တော ရောနှောစိုက်ခင်းများ၌ ဆောင်းရာသီတွင် ပဲတီစိမ်း၊ ပဲယင်းများ စိုက်ပျိုး

ဂန့်ဂေါ ၉ ဖေဖော်ဝါရီ 

ဂန့်ဂေါမြို့နယ်တွင် သီးနှံသစ်တော ရောနှောစိုက်ခင်းများဖြစ်သည့် နှစ်ရှည်သီးနှံ စိန်တစ်လုံးသရက်၊ လျှော်ဖြူစိုက်ခင်းများ၌ ရာသီသီးနှံများဖြစ်သည့် မိုးရာသီတွင် မိုးနှမ်းကိုလည်းကောင်း၊ ဆောင်းရာသီတွင် ပဲတီစိမ်း၊ ပဲယင်းတို့ကိုလည်းကောင်း ရောနှောစိုက်ပျိုးကြရာ စုစုပေါင်း သီးနှံသစ်တော ရောနှောစိုက်ခင်းအဖြစ် ဧက ၄၀ ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

 

ht2

 

ထိုသို့စိုက်ပျိုးရာတွင် ပိုးမွှားရောဂါများကို စနစ်တကျ ကာကွယ်နှိမ်နင်းခြင်း၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းများ၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပုံစံနှင့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးတို့သည်လည်း လိုအပ်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် စိုက်ခင်းများသို့ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံပညာပေး ဆွေးနွေးလျက်ရှိသည်။

 

ht3

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ကြရာတွင် ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ ကန်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ နယ်‌မြေတာဝန်ခံ လက်ထောက်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၈ ရက်က ကန်ကျေးရွာနှင့် ကျွန်းခုံသာကျေးရွာတို့ရှိ သီးနှံသစ်တော ရောနှောစိုက်ခင်းများအပြင် ဆောင်းသီးနှံ ထောပတ်ပဲ စိုက်ခင်းများသို့ ကွင်းဆင်း၍ ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေများကို စစ်ဆေးဆွေးနွေးခဲ့ကြကြောင်းနှင့် ယခုနှစ် ဆောင်းရာသီ ထောပတ်ပဲစိုက်ခင်းအဖြစ် စုစုပေါင်း ၂၃၇၉၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

တောင်သားမောင်သန်း
 

ht4