သိန်း တစ်သောင်းမလို တံတားတစ်စင်းသာလိုသော တစ်ဘက်ကမ်းဒလပြည်သူများရဲ့ ရင်တွင်းစကားသံ

ရန်ကုန်   ၂၄  ဒီဇင်ဘာ  

 

ရန်ကုန်မြို့ တစ်ဘက်ကမ်း ဒလပြည်သူများ၏ အိပ်မက်တံတားဟု တင်စားခေါ်ဝေါ်ခံရသော မြန်မာ- ကိုရီးယားချစ်ကြည်ရေး ရန်ကုန်- ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်မှု ပန္နက်တင် အခမ်းအနားယနေ့ စတင်ဆောင်ရွက်ပြီ ဖြစ်သည်။ ယင်းအိပ်မက်တံတားနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ ရင်တွင်းစကား သံများကို  ရေးသားဖော်ပြလိုက်ပါသည်။ 

 

 

ဦးထွေးတင်(ခ) ဦးမြသိန်း

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

 

ဒီရန်ကုန်- ဒလတံတားစီမံကိန်းက ပြည်သူတွေ အနှစ်အလလက စောင့်မျှော်ခဲ့တဲ့ စိတ်ကူးအိပ်မက်ပါ။ အားလုံးကလည်း ပြောဆိုနေခဲ့ကြတဲ့ အိပ်မက်တံတားပေါ့။ အခုတော့ ဒလနဲ့ ဆက်စပ်မြို့နယ်က ပြည်သူတွေ ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်ပြီဖြစ်တဲ့အတွက် အလွန်ပဲ အားရဝမ်းသာဖြစ်မိပါတယ်။ ဒီဒလ တံတားနဲ့ ပတ်သက်လို့လည်း လမ်းအူကြောင်းနဲ့ သက်ဆိုင်တဲ့ပြည်သူတွေကို သက်ဆိုင်ရာကနေ လျော်ကြေးတွေ ပေး ထားပြီးဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်ကတည်းက လျော်ကြေးတွေ အဆင့်ဆင့်ပေးလာတာပါ။ အဲဒီ အချိန် ကာလတန်ဖိုးနဲ့ဆိုရင် ပြည်သူတွေမနစ်နာပါဘူး။ ထိုက်ထိုက်တန်တန် ရခဲ့ကြတာပါ။ အခုဆိုရင် ဒေသခံ ပြည်သူတွေက နှစ်ပေါင်းများစွာ တံတားကြီး ဆောက်မယ်၊ ဆောက်မယ်ဆိုပြီးတော့ ပျက်ပျက်သွားတဲ့အတွက် အိပ်မက်တံတားလို့တောင် ဝေဖန်ခံခဲ့ကြရတာပါ။ ယနေ့လို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အတွက် ဒီ ဒလမြို့နယ်သာမက ဆက်စပ်မြို့နယ်က ပြည်သူတွေကပါ အလွန်ဝမ်းသာပီတိဖြစ်နေကြပါတယ်။

 

 

ဦးဖိုးဇော်

 

ဗညားဒလရပ်ကွက်

 

အဖေအမေ၊ အဘိုးအဘွားတွေ ရှိစဉ်ကတည်းက ဒီတံတားဆောက်မယ်၊ ဆောက်မယ်နဲ့ ပြောလာခဲ့တာ။ နောက်နားကအထိ ပြည်သူကြားမှာ တကယ်ဖြစ်လာလိမ့်မယ်လို့ မယုံကြည်ကြဘူး။ အခုတော့ လက်တွေ့ အကောင်အထည်ဖော် မြင်လိုက်ရတာ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာပိတိဖြစ်မိပါတယ်။ သွားလာ ရေး၊ သောက်သုံးရေကအစ လိုအပ်မှုတွေရှိနေတဲ့ ဒေသမှာ တံတားကြီးနဲ့အတူ သောက်သုံးရေပါ ပါလာမယ်ဆို တော့ ဒေသခံပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။  ဒီတံတားကြီးက အိပ်မက် တံတားလို့ ပြောလို့ ရပါတယ်။ ဒီရန်ကုန်- ဒလ တံတားကြီးသာပြီးဆုံးသွားရင် ဒီဒလနယ်တစ်ခုတည်းမဟုတ်ပါဘူး။ ဧရာဝတီတိုင်း ဒေသကြီးမှာ ရှိတဲ့ ပြည်သူတွေအားလုံး ကုန်စည်စီးဆင်းမှုကအစ လွယ်ကူပြီး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်သွား မှာပါ။ တကယ်တော့ ဒီတံတားကြီးနဲ့ သိန်းတစ်သောင်းနဲ့ ဘယ်ဟာယူမလဲဆိုရင် ဒီတံတားကြီးကိုပဲ တမ်းတမိ မှာပါ။ ဘာနဲ့မှ လဲလို့မရပါဘူး။ သိန်းပေါင်းတစ်သောင်းက ကျွန်တော်နဲ့ မိသားစုပဲ အဆင်ပြေမှာလေ။ ဒီတံတား ကြီးက တိုင်းဒေသကြီးနဲ့ မြို့နယ်က ပြည်သူအားလုံး အကျိုးရှိမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ 

 

 

ဒေါ်ကျင်သိန်း

 

စိန်ပန်းလမ်း၊ ဒလမြို့

 

ဒီရန်ကုန်တစ်ဘက်ကမ်း ဒလဘက်ခြမ်းအနေနဲ့ကတော့ ဒီတံတားကြီးကအတော်လေးကို အထောက် အကူပြု ဖြစ်သွားမှာပါ။ အရင်က သမ္ဗန်မြုပ်တယ်၊ သင်္ဘောတွေတိုက်တဲ့အခါကြတော့ ပြည်သူတွေ အတော် လေးကို အသက်အန္တရာယ်ကြားကနေ သွားလာခဲ့ကြရပါတယ်။ အခုလို ရန်ကုန်- ဒလ တံတားကြီး တကယ်ပဲ အကောင်အထည်ဖော် တည်ဆောက်ဖြစ်တယ်ဆိုတော့ ဝမ်းသာပါတယ်။ အဘွားတို့ကတော့ အသက်တွေ လည်းကြီးပြီဆိုတော့ နောင်လာ၊ နောက်သား မြေးမြစ်တွေအတွက် ကတော့ရန်ကုန်တစ် ဘက်ကမ်းနဲ့ ကူးလူး သွားလာရတာ အတော်လေးကို အဆင်ပြေသွားမှာပါ။ အဘွားတို့ အငယ်ကတည်းက အခုရန်ကုန်- ဒလ အလွယ်တကူ သွားလာနိုင်တဲ့ လိုတံတားကြီးကို  မျှော်လင့်ခဲ့တာပါ။ ခုတော့ အဘွားတို့ရဲ့ စိတ်ကူးအိပ်မက် တွေ တကယ်ပဲ အကောင်အထည်ပေါ်လာတော့ အတိုင်းမသိဝမ်းသာပိတိ ဖြစ်မိပါတယ်။ 

 

 

ဦးဆန်းဦး 

 

ဗညားဒလရပ်ကွက်

 

 ပြည်သူတွေအားလုံး၊ ဒေသခံတွေအားလုံး ဒီတံတားကြီးကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေခဲ့တာပါ။ အခုလိုဖြစ်မြောက်သွားတာ အတော်လေးကို ဝမ်းသာပါတယ်။ အရင်ကတော့ အိပ်မက်တံတားပဲ ဆိုပြီးမယုံကြည်ခဲ့မိပါ ဘူး။ ခုတော့ လက်တွေ့ပန္နက်တင်အခမ်းအနားလုပ်လိုက်ပြီတော့ တကယ်ပဲဆိုတာ အိပ်မက်ကနေ လန့်နိုးလာ သလိုပါပဲ။ ဒလမြို့နယ်အနေနဲ့ လူကြီး၊ လူငယ်၊ လူလတ် မကျန် ရန်ကုန်မှာ အလုပ်သွားလုပ်ကြပါတယ်။ နောင် အခုလိုတံတားကြီးပြီးလို့ စက်ရုံ၊ အလုပ်ရုံတွေ အကောင်အထည် ဖော်ဖြစ် မယ်ဆိုရင် ဒီဒလမြို့ဟာ အတော်လေး ကို ဖွံ့ဖြိုးတိုးတက်သွားမှာပါ။ ဒေသခံပြည်သူတွေလည်း အလုပ်အ ကိုင်အခွင့်အလမ်းတွေ အများကြီးရသွားမယ် လို့ ယုံကြည်ပါတယ်။ လောလောဆယ် ဒီဘက်ခြမ် းပြည်သူ တွေကြတော့ သမ္ဗန်နဲ့ပဲ အားကိုးနေကြရတယ်။ အန ္တရာယ်ရှိတာပေါ့။ တံတားကြီးပြီးသွားရင်တော့ အန္တရာယ် ကင်းကင်းနဲ့ သွားလာနိုင်ပါပြီ။ နွေ၊ မိုး၊ ဆောင်း အမြဲ အသက်အန္တရာယ်ကြားမှာ ကူးလူးသွား လာနေကြရ တာပါ။ 

 

 

ကိုမြတ်သူအောင်

 

ကမာကဆစ်ရပ်ကွက်

 

ဒီတံတားကြီး အခုလိုတည်ဆောက်ဖြစ်တဲ့အတွက် ဒေသခံတစ်ဦးအနေနဲ့ အလွန်ပဲ ဝမ်းသာပါတယ်။ ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့လို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကအစ ဘက် ပေါင်းစုံက နောက်ကျကျန်ခဲ့ရတယ်။ အခုလို ရန်ကုန်မြို့ကြီးနဲ့ အလွယ်တကူ သွားလာဖြတ်သန်းနိုင်တော့ မယ် ဆိုတော့ နောင်လာနောက်သားတွေအတွက် တော်တော်လေးကို ကောင်းသွားမှာပါ။ လတ်တလောမှာတော့ တမန်ငယ်လေးတွေနဲ့ သွားလာနေကြတာလည်းရှိတော့ လူတွေအတွက် အသက်အန္တရာယ်တွေနဲ့ ကြုံတွေ့နေရ တာပေါ့။ အရင်းကလည်း လူတွေ အသက်ဆုံးရှုံးခဲ့တာ မနည်းဘူး။ ညဘက်တွေ၊ မနက်စောစောပိုင်းတွေ ပိုပြီး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်။ ဆောင်းတွင်းဘက်ဆို မြူတွေပိတ်တော့ ရန်ကုန်သွားအလုပ်လုပ်တဲ့ သူ တွေ အချိန်နောက်ကျတာတွေ ဖြစ်ကြတယ်။ ဒီတံတားကြီးပြီးသွားရင်တော့ အချိန်အနည်းငယ်အတွင်း ကူးလူး သွားလာနိုင်တော့မှာဆိုတော့ ဒေသခံတစ်ဦးအနေနဲ့ကတော့ အတိုင်းမသိ ဝမ်းသာပိတိဖြစ်မိပါတယ်။

 

 

မသီတာဝင်း

 

တွံတေးမြို့နယ်

 

ဒီနေ့ကတော့ ကိုယ့်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် တံတားကြီး တကယ်ပဲ အ ကောင်အထည်ဖော် တည်ဆောက်တော့မယ်ဆိုတော့ ဝမ်းသာလို့ လာကြည့်တာပါ။ ဒီတံတားကြီး ပြီးဆုံးသွား ရင်တော့ ပြည်သူတွေအားလုံး လွယ်လင့်တကူ အချိန်တိုအတွင်း သွားလာနိုင်ကြပြီဆိုတော့ အားလုံး ကလည်း ဝမ်းသာနေကြပါတယ်။ ဒီတံတားကြီးကို မျှော်လင့်နေကြတာလည်း ကြာပါပြီ။ တံတားကြီးပြီးရင် တိုက်ရိုက် ကားတွေလည်း ကူးလူးသွားလာနိုင်တော့မှာဆိုတော့ ကုန်စည် စီးဆင်းမှုလည်း ပိုပြီးတော့ အဆင်ပြေသွားမှာ ပါ။ မြို့တွင်း အလုပ်ဆင်းတဲ့ သူတွေလည်း ယခုထက် ပိုအဆင်ပြေသွားမှာပါ။ စက်ရုံ၊ အလုပ်ရုံတွေလည်း နောက်ပိုင်း ဒီဒလဘက်ခြမ်းကို လာရောက်တည်ထောင်ကြမယ်လို့ ကြားလို့ အတိုင်းမသိဝမ်းသာပိတိဖြစ်မိ ပါတယ်။ ဒီ ရန်ကုန်- ဒလ တံတားကြီးက ကျွန်မတို့ ဒီဘက်ပြည်သူတွေအတွက်ကတော့ တန်ဖိုးဖြတ်မရတဲ့ အရာပါပဲ။ တကယ်ပဲ တန်ဖိုးကြီးမားပါတယ်။ 

 

မြန်မာ- ကိုရီးယား ချစ်ကြည်ရေး တည်ဆောက်မည့် ရန်ကုန်- ဒလတံတားကြီးကို ယနေ့ပန္နက်တင် သည့်အခမ်းအနားမှစတင်ကာ ချဉ်းကပ်လမ်းပိုင်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူစတင် အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး  ပြည်တွင်းအင်ဂျင်နီယာများနှင့်အတူ ပြည်ပ ကိုရီးယားနိုင်ငံ အင်ဂျင်နီယာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

 

01-ဦးထွေးတင်(ခ) ဦးမြသိန်း(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

 

02- ဦးဖိုးဇော် (ဗညားဒလရပ်ကွက်)

 

03- ဒေါ်ကျင်သိန်း(စိန်ပန်းလမ်း)

 

04- ဦးဆန်းဦး (ဗညားဒလရပ်ကွက်)

 

05- ကိုမြတ်သူအောင်(ကမာကဆစ်ရပ်ကွက်)

 

06- မသီတာဝင်း (တွံတေးမြို့နယ်)