သိန္နီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ကျင်းပ

သိန္နီ     ၁၄   သြဂုတ်     

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု  စယ်အူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ်လ (၁၃) ရက် နေ့လည် ၁နာရီခန့်က မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ အမှတ်(၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီနှင့် အမှတ်(၂) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်လူတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဖောငမြှောင်တောင်ပိုးရောဂါ ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ပေးမှု အကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ခြင်နှင့်ပတ်သက်သည့် တုပ်ကွေးရောဂါအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် လိုအပ်ချက်များဖြစ်သော ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ မြစိမ်းရောင်ချေးငွေများ ထုတ်ပေးမှုအခြေအနေ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးပြန်ရောဂါနှင့် ဝက်တုပ်ကွေးရောဂါ ကာကွယ်ကုသရေးအကြောင်း၊ လမ်းဦးစီးဌာနမှ ပြည်ထောင်စုလမ်းမကြီး တိုးချဲ့ဖောက်လုပ်နေမှုနှင့် ကျူးကျော်နေမှုများအား ဉပဒေနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ စားသုံးရန်မသင့်သော အစားအစာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ဒေသခံပြည်သူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာဌာန တစ်ခုချင်းစီမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

MDN

image-0-02-08-64f2fabce451dc021b821986262adab1dda803a93ab8112dd522cab36ad204bb-V