သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဒုတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန် ဇွန် ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ (Science Festival 2023) ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာတို့တွင် ဆက်လက်ကျင်းပသည်။

သိပ္ပံပွဲတော် ဒုတိယနေ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ ROSATOM မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ၊ National Research Nuclear University MEPhI (Moscow Engineering Physics Institute) မှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိရာ HackAtomပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့မှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက နျူကလီးယားနည်းပညာဖြင့် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု၊ Nuclear Medicine စသည့် ငြိမ်းချမ်းစွာအသုံးပြုမှုဆိုင်ရာ အသိပညာများကို ပြည်သူများထံ ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လက်တွေ့ကျသော နည်းလမ်းများရှာဖွေပြီး ၂၄နာရီအတွင်း ၎င်းတို့ ဆောင် ရွက်ထားရှိသည့် အင်တာနက် Application နှင့် Website များ ဖန်တီးမှုနှင့် ရလဒ်များကို Power Point များဖြင့် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ National Research Nuclear University MEPhI (Moscow Engineering Physics Institute)မှ ပါမောက္ခများ ပူးပေါင်းဆောင်ရွက်သောဘုတ်အဖွဲ့က အကဲဖြတ် အမှတ်ပေးကြပြီး ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ နှင့် ROSATOM နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Mr.Andrey Belyakov တို့က ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် အသင်း ၃ သင်းကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။ 

အဆိုပါ HackAtom ပြိုင်ပွဲသို့ ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့် တက်ရောက်ကြပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဌာနများရှိ သုတေသနနှင့် လက်တွေ့စမ်းသပ်ခန်းများတွင် လေ့လာကြကာ နျူကလီးယားနည်းပညာ ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများသို့ တက်ရောက်လေ့လာကြသည်။

အဆိုပါ ဆွေးနွေးပွဲများတွင် အဏုမြူစွမ်းအင်ဦးစီးဌာနမှ Overview on the Nuclear Industry Development in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုရှားနျူကလီးယားပညာရှင်မှ  Nuclear Energy Development from Antiquity to the Present Days ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ ဌာနရှိ ဘွဲ့ကြိုကျောင်းသား တစ်ဦးက Low-carbon Energy Source ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ဆွေးနွေးကြရာ လေ့လာသူ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတွင် သိပ္ပံပွဲတော် ၂၀၂၃ ဒုတိယနေ့ အစီအစဉ်များကို ကြည့်ရှုအားပေးပြီး လာရောက်လေ့လာကြသော အခြေခံပညာမှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ယနေ့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း (အလုံ)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူ စုစုပေါင်း ၄၀၀ ခန့် လာရောက် လေ့လာကြပြီး Nuclear Sprint Zone ၊ Chronograph Zone ၊ Jenga in Physics Zone နှင့် Master Class လက်တွေ့သင်တန်းတို့တွင် နျူကလီးယားနည်းပညာနှင့် သိပ္ပံဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ကြသည့်အပြင် အုပ်စုလိုက် နျူကလီးယားနှင့် သိပ္ပံဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ဆောင်ရွက်ကြရာ ROSATOMမှ တာဝန်ရှိသူများက အနိုင်ရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်