သက်ရှည်ကျန်းမာနေနိုင်ဖို့၊ စနစ်တကျသွေးပေါင်တိုင်းကာ ထိန်းညှိစို့

ဆောင်းပါးရှင် - ပါမောက္ခ ဒေါက်တာရဲမြင့်၊ အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံသွေးတိုးရောဂါဆိုင်ရာ ဆေးပညာရှင်များအဖွဲ့

ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာကို ထိခိုက်စေသည့် အဖြစ်များသော သွေးတိုးရောဂါအကြောင်း အသိပညာပေးရန် ရည်ရွယ်၍ နှစ်စဉ် မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day) ကို ကျင်းပပြုလုပ်ကြခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ အသက် ၃၀ မှ ၇၉ နှစ်ကြား အရွယ်ရောက်ပြီးသူ ၁ ဒသမ ၂၈ ဘီလီယံခန့်သည် သွေးတိုးရောဂါရှိကြပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံမှာ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများမှဖြစ်ကြောင်း သိရသည်။ သွေးတိုးရောဂါ ရှိသော အရွယ်ရောက်ပြီးသူ အားလုံး၏ ၄၆ ရာခိုင် နှုန်းခန့်သည် ၎င်းတို့တွင် သွေးတိုးရောဂါရှိသည်ဟု သိရှိခြင်းမရှိကြောင်း၊ ထို့ပြင် သွေးတိုးရောဂါရှိသူ အားလုံး၏ ၄၂ ရာခိုင်နှုန်းကသာ မိမိရောဂါကိုသိရှိ၍ ဆေးကုသမှုကို ခံယူကြောင်းနှင့် သွေးတိုးရောဂါရှိသူ ငါးဦးတွင် တစ်ဦးကသာ ၎င်းတို့၏ သွေးပေါင်ချိန်ကို ကောင်းစွာထိန်းညှိထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သွေးတိုးရောဂါဖြစ်ပွားမှုအနေဖြင့် အမျိုးသားများတွင် ၃၀ ဒသမ ၁ ရာခိုင်နှုန်း နှင့် အမျိုးသမီးများတွင် ၂၉ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ သွေးတိုးရောဂါသည် ရာခိုင်နှုန်း မြင့်မားစွာဖြင့် ဖြစ်ပွားနေသော်လည်း ဖြစ်ပွားသူများအနေဖြင့် ရောဂါ၏အန္တရာယ်ကို သတိမပြုမိကြခြင်းမှာ သွေးတိုးရောဂါသည် ထင်ရှားသော ရောဂါလက္ခဏာများ ပြသမှုမရှိဘဲလည်း ဖြစ်ပွားတတ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားရောဂါဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ကမ္ဘာ့သွေးတိုးရောဂါနေ့ ပေါ်ပေါက်လာပုံ

လက်ရှိအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ကြည့်မှု (The Global Health Observatory) တွင် ဖော်ပြထားမှုအရ ကမ္ဘာတစ်ဝန်းလုံးတွင် သွေးတိုးရောဂါကြောင့် သေဆုံးရသူ ၇ ဒသမ ၅ သန်းရှိပြီး သေဆုံးရသူ အားလုံး၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ သွေးတိုးရောဂါ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာ ရေးဝန်ထုပ်ဝန်ပိုးကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘာ့သွေးတိုးရောဂါအဖွဲ့ချုပ် (World Hypertension League - WHL) အနေဖြင့် ကမ္ဘာ့သွေးတိုးရောဂါနေ့ ပေါ်ပေါက်လာရေးအတွက် စတင်လှုပ်ရှားဆောင်ရွက်ခဲ့ရာ ၂၀၀၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့သွေးတိုးရောဂါနေ့ကို သွေးတိုးရောဂါအကြောင်း ကျန်းမာရေးအသိပညာမြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့သွေးတိုးရောဂါနေ့ကို ကျင်းပခဲ့ရာ သွေးတိုးရောဂါနှင့် ပတ်သက်သည့် ရောဂါကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်း၏ မတူညီသော ကဏ္ဍများကို ဆောင်ပုဒ်များအဖြစ် ဖော်ထုတ်မီးမောင်းထိုးပြခဲ့သည်။ သွေးပေါင်ချိန် စနစ်တကျ တိုင်းတာခြင်းနှင့် သွေးပေါင်ချိန်ထိန်းညှိခြင်း၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးပြသသည့် ဆောင်ပုဒ်များအနေဖြင့် ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “Measure Your Blood Pressure Accurately, Control It, Live Longer” “သက်ရှည်ကျန်းမာ နေနိုင်ဖို့၊ စနစ်တကျသွေးပေါင်တိုင်းကာ ထိန်းညှိစို့” နှင့် ၂၀၁၈ ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့ ဆောင်ပုဒ် ဖြစ်သည့် “Know Your Numbers” “သင်၏ သွေးပေါင်ချိန်ကိုသိရှိပါ” စသည်တို့ဖြစ်ကြပြီး အဆိုပါဆောင်ပုဒ်များသည် လူတစ်ဦးချင်းစီ၏ သွေးပေါင်ချိန်ကို စောင့်ကြည့်ရန်၊ သင့်လျော်သော ဆေးဘက်ဆိုင်ရာ ကုသမှုများရယူရန်နှင့် ပိုမိုကျန်းမာသော နေထိုင်မှုပုံစံကို ဆောင်ရွက်နိုင်ရေး တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သွေးပေါင်ချိန်နှင့်ပတ်သက်၍ နားလည်သိရှိမှု

သွေးပေါင်ချိန်ကို ကိန်းဂဏန်းနှစ်ခုဖြစ်သည့် အပေါ်သွေး (Systolic Blood Pressure-SBP) နှင့် အောက်သွေး (Diastolic Blood Pressure-DBP) အဖြစ် ဖော်ပြသည်။ အပေါ်သွေး (SBP) သည် နှလုံးခုန်သောအခါတွင် ဖြစ်ပေါ်သော သွေးဖိအားဖြစ်ပြီး အောက်သွေး (DBP) သည် နှလုံးခုန်ချက် တစ်ခုနှင့် တစ်ခုအကြား ငြိမ်နေသောအခါတွင် ဖြစ်ပေါ်သော သွေးဖိအားဖြစ်သည်။

ယေဘုယျအားဖြင့် သွေးတိုးနေသည်ဟု သတ်မှတ်နိုင်ရန်အတွက် အပေါ်သွေး (SBP) ၁၄၀ မီလီမီတာ မာကျူရီနှင့်အထက် သို့မဟုတ် အောက်သွေး(DBP)သည် ၉၀ မီလီမီတာ မာကျူရီနှင့် အထက် ရှိရန်လိုအပ်သည်။ သွေးတိုးရောဂါရှိသည်ဟု ယေဘုယျသတ်မှတ်နိုင်ရန်အတွက် ပထမရက်နှင့် ဒုတိယရက် နှစ်ရက်တိုင်းတာချက်အရ သွေးပေါင် ချိန် ၁၄၀/၉၀ မီလီမီတာ မာကျူရီနှင့်အထက် ရှိရန် လိုအပ်သည်။ သွေးတိုးရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို အတိအကျမသိရှိရသေးသော်လည်း အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် ဆားနှင့် အငန်ဓာတ်များသော အစားအစာများကို စားသုံးခြင်း စသည့်လူနေမှုဘဝပုံစံများသည် သွေးတိုးရောဂါကို ဖြစ်ပေါ်စေနိုင်ကြောင်းသိရပြီး အဆိုပါ အချက်များသည် သွေးတိုးရောဂါ ဖြစ်ပွားလာခြင်း မရှိစေရန် ရှောင်ကြဉ်နိုင်သည့် ပြုပြင်ပြောင်းလဲ နိုင်သောအချက် (modifiable risk factor) များ ဖြစ်ကြသည်။ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အဝလွန်အအိပ်ပျက်ရောဂါ စသည်တို့သည် သွေးတိုး ရောဂါဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။ မျိုးရိုးဗီဇသည် သွေးတိုးရောဂါဖြစ်ပေါ်စေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပြီး အဆိုပါမျိုးရိုးဗီဇရှိသူများအနေဖြင့် အသက်ကြီးလာသည်နှင့်အမျှ သွေးတိုးရောဂါဖြစ်နိုင်ခြေ မြင့်မားလာပါသည်။ သို့ဖြစ်ပါ၍ သွေးတိုးရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းများအနက် ပြုပြင်ပြောင်းလဲ၍ မရသော အကြောင်းရင်း (non-modifiable risk factor) များအဖြစ် သွေးတိုးရောဂါဖြစ်ပွားနိုင်သည့် မျိုးရိုးဗီဇနှင့် မိသားစုရာဇဝင်ရှိခြင်း၊ အသက် ၆၅ နှစ်အထက်ရှိခြင်းနှင့် တွဲဖက်တည်ရှိနေသော ရောဂါများရှိခြင်းတို့ ပါဝင်ကြသည်။

အလွန်မြင့်မားသောသွေးပေါင်ချိန် (၁၈၀/၁၂၀ မီလီမီတာမာကျူရီနှင့် အထက်) ရှိသူတို့သည် ပြင်းထန်သောခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ အမြင်မှုန်ဝါးခြင်း သို့မဟုတ် အမြင် အာရုံပြောင်းလဲခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ နားထဲတွင် အသံမြည်ခြင်း၊ နှာခေါင်းသွေးယို ခြင်းနှင့် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းဖြစ်ပေါ်ခြင်း စသည့် ပြင်းထန်သွေးတိုးရောဂါလက္ခဏာများ ခံစားရသည်ကို တွေ့ရသည်။

သွေးပေါင်ချိန်ကို တိကျမှန်ကန်စွာ တိုင်းတာရန် လိုအပ်ခြင်း
သွေးတိုးရောဂါ ရှိ၊ မရှိ ရောဂါရှာဖွေခြင်းနှင့် သွေးတိုးရောဂါကုသခြင်းတို့ ဆောင်ရွက်ရာတွင် သွေးပေါင်ချိန်ကို တိကျမှန်ကန်စွာ တိုင်းတာခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ သွေးပေါင်ချိန် တိုင်းတာခြင်းကို ဆေးခန်းတွင်၊ အိမ်တွင် သွေးပေါင်ချိန်စက် အသုံးပြု၍လည်းကောင်း၊ တစ်နေ့တာလုံး အချိန်အပိုင်းအခြားအလိုက် သွေးပေါင်ချိန် တိုင်းတာသည့် ကိရိယာကိုအသုံးပြု၍လည်းကောင်း တိုင်းတာနိုင်သည်။

သွေးတိုးရောဂါ ရှိ၊ မရှိ သတ်မှတ်နိုင်ရန်အတွက် စံသတ်မှတ်ချက်များနှင့်အညီ နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုသော အကြိမ်များတွင် သွေးပေါင် ချိန်တိုင်းတာရန် လိုအပ်ပါသည်။ သွေးတိုးရောဂါ ရှိနေသည်ဟု စစ်ဆေးတွေ့ရှိပါက ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ဆုံးဖြတ်ရန်အတွက် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

သွေးတိုးရောဂါ ကုသမှု၏ပန်းတိုင် သွေးတိုးရောဂါကုသမှု၏ ရည်မှန်းချက် ပန်းတိုင်မှာ ရောဂါဖြစ်ပွားခံစားရမှု၊ ရောဂါကြောင့်

သေဆုံးရမှုနှင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်ခြင်းကြောင့် ဆေးကုသရမှုများကို လျှော့ချရန် ဖြစ်သည်။ သွေးတိုးရောဂါကို ကုသရာတွင် လူနေမှု ဘဝပုံစံပြောင်းလဲခြင်းနှင့် ဆေးဝါးများ အသုံးပြုခြင်း စသည့်ရောဂါကုထုံးများစွာ ရှိပါသည်။ အောက်ဖော်ပြပါ နေ့စဉ်လူနေမှုဘဝပုံစံတွင် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာဆောင်ရွက် ခြင်းအားဖြင့် သွေးတိုးရောဂါကို ကာကွယ်ထိန်းချုပ် နိုင်မည်ဖြစ်ပါသည်-

ဆောင်ရန်

-    ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားပါ၊

-    တစ်နေ့တာအတွင်း ထိုင်နေချိန်ကို လျှော့ပါ၊

-    လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း သို့မဟုတ် အလေးမခြင်းကဲ့သို့ အင်အားစိုက်ထုတ်ရသည့် လှုပ်ရှားမှုများ ပါဝင်သော ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ပါ၊

-    အသင့်အတင့်ပြင်းထန်သော အေရိုးဗစ် လှုပ်ရှားမှုကို တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ သို့မဟုတ် ပြင်းထန်သော အေရိုးဗစ်လှုပ်ရှားမှု တစ်ပတ်လျှင် ၇၅ မိနစ် လုပ်ဆောင်ပါ၊

-    တစ်ပတ်လျှင် နှစ်ရက် သို့မဟုတ် ၎င်းထက် ပို၍ အင်အားစိုက်ထုတ်ရသည့် လေ့ကျင့် ခန်းများ ပြုလုပ်ပါ၊

-    သင်သည် ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်ခြင်း ဖြစ်ပွားနေပါက ကိုယ်အလေးချိန် လျှော့ချပါ၊

-    ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများ စနစ်တကျသောက်သုံးပါ၊

-    ဆရာဝန်ထံသို့ ချိန်းဆိုသည့်အတိုင်း ပြသမှုများ ပုံမှန်ပြုလုပ်ပါ။

ရှောင်ရန်

-    အငန်အလွန်အကျွံစားသုံးခြင်း၊ (တစ်နေ့ လျှင် ၂ ဂရမ် (၂ ပဲသားခန့်)အောက်သာ စားနိုင်ရန် ကြိုးစားပါ)

-    ပြည့်ဝဆီ သို့မဟုတ် အသွင်ပြောင်းဆီ (trans fats) ပါဝင်မှုများသော အစားအစာ များ စားသုံးခြင်း၊

-    ဆေးလိပ်/ဆေးရွက်ကြီး သောက်သုံးခြင်း၊

-    အရက်အလွန်အကျွံသောက်ခြင်း၊ 

-    သွေးတိုးကျဆေး ပုံမှန်မသောက်ခြင်း သို့မဟုတ် သွေးတိုးကျဆေးများကို အချင်းချင်း မျှဝေသောက်သုံးခြင်း။

စသည့် အထက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
 
သွေးတိုးရောဂါကို စနစ်တကျကုသမှုခံယူမှု မရှိခြင်း၏ အန္တရာယ်များ

သွေးတိုးရောဂါကို စနစ်တကျ ကုသမှုခံယူမှု မရှိပါက နှလုံးကိုထိခိုက်မှုဖြစ်ပွားစေပြီး ရင်ဘတ် အောင့်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးပျက်စီး ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်ပွားရာမှ ရုတ်တရက် သေဆုံးခြင်းဖြစ်ပွားနိုင်သည်။ ထို့ပြင် ဦးနှောက် သွေးကြောပေါက်ခြင်း သို့မဟုတ် ဦးနှောက် သွေးကြောပိတ်ခြင်းတို့ဖြစ်ပွားပြီး ရုတ်တရက် သေဆုံးခြင်းကို ဖြစ်ပွားစေနိုင်သည်။ ထို့ပြင် သွေးတိုးရောဂါသည် ကျောက်ကပ်ကို ထိခိုက်နိုင်ပြီး ကျောက်ကပ်ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။

ယခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့ကို စနစ်တကျ သွေးပေါင်ချိန်စစ်ဆေးခြင်း၏ အရေးပါမှုကို အသိပညာပေးခြင်း၊ သွေးတိုးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ထိန်းချုပ်ရာတွင် လူနေမှုဘဝပုံစံ ပြောင်းလဲလာစေရေး တွန်းအားပေးရန်နှင့် ငွေကြေးကုန်ကျမှု သက်သာပြီး ထိရောက်သည့် ကုသမှု အခွင့်အလမ်းများ ရွေးချယ်ခွင့်ကို မြှင့်တင်ရန်အတွက် အဓိက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သွေးတိုးရောဂါနှင့် ဆက်စပ်၍ ဖြစ်ပွားသည့် နောက်ဆက်တွဲရောဂါများကြောင့် အသက်သေဆုံးရမှုနှင့် မသန်စွမ်းဖြစ်ပွားရမှုတို့ကို လျှော့ချရန်အတွက်ကိုလည်း ရည်ရွယ်ပါသည်။ ထို့ပြင် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များတွင်ပါရှိသည့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း သွေးတိုးရောဂါဖြစ်ပွားမှု၏ ၃၃ ရာခိုင်နှုန်းကို လျှော့ချရာတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ဆောင်ရွက်ရန် ဖြစ်ပါသည်။

သွေးတိုးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက် အမှတ်စဉ်(၃)တွင် ပါရှိသည့် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး” အတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင် သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများတွင် မကူးစက်နိုင်သောရောဂါများအတွက် အခမဲ့ဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်လျက်ရှိရာ စုစုပေါင်းဆေးခန်း ၇၄၇၆ ခုရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ သွေးတိုးရောဂါဆိုင်ရာ ဆေးပညာရှင်များအဖွဲ့အနေဖြင့်လည်း သွေးတိုး ရောဂါကို တိုက်ဖျက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ 

နိဂုံးချုပ်အားဖြင့် ကမ္ဘာ့သွေးတိုးရောဂါနေ့သည် သွေးတိုးရောဂါနှင့် ၎င်း၏ဆက်စပ်အန္တရာယ်များ အပြင် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများကို အသိပညာပေးရန်အတွက် အရေးကြီးသည့် ဆောင်ရွက်မှုတစ်ခုဖြစ်သည်။ သွေးတိုးရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးအသိပညာများ မြှင့်တင်ပေးနိုင်ရေး ဆက်လက် ကြိုးပမ်းခြင်းဖြင့် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည် ဖြစ်သည်။

သွေးတိုးရောဂါအကြောင်း ကျန်းမာရေး အသိပညာမြင့်မားလာသည်နှင့်အတူ မိဘပြည်သူ များအနေဖြင့် သွေးပေါင်ချိန်ကို စနစ်တကျပုံမှန် စစ်ဆေး၍ အချိန်မီကုသမှု ဆောင်ရွက်ပါက နောက်ဆက်တွဲရောဂါများဖြစ်ပွားမှုကို ထိရောက် စွာ ကာကွယ်လျှော့ချနိုင်မည်ဖြစ်သဖြင့် မိဘပြည်သူ များသည် ပိုမို၍ သက်ရှည်ကျန်းမာလာမည်ဖြစ်ပြီး လူတိုင်းသက်တမ်းစေ့နေနိုင်ရေးဟူသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်ကိုလည်း တစ်စိတ် တစ်ပိုင်းအနေဖြင့် ရရှိစေမည်ဖြစ်သည်။ 

သွေးတိုးရောဂါနှင့်ပတ်သက်သည့် အချက်အလက်များကို အင်တာနက်စာမျက်နှာများဖြစ်သည့် ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www.moh.gov.mm နှင့် မြန်မာနိုင်ငံ သွေးတိုးရောဂါဆိုင်ရာ ဆေးပညာရှင်များအဖွဲ့၏ အင်တာနက်စာမျက်နှာ www.myanmarsh.org တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း တင်ပြလိုက် ရပါသည်။ ။

ရည်ညွန်းကိုးကား 

1.    Bjertness MB, Htet AS, Meyer HE, Htike MMT, Zaw KK, Oo WM, et al. Prevalence and determinants of hypertension in Myanmar - a nationwide cross-sectional study. BMC Public Health. 2016 Dec;16(1):590. 
2.    Noncommunicable and Health Promotion Unit The WHO. Indicator Metadata Registry Details [Internet]. [cited 2023 May 10]. Available from: https://www.who.int/data/gho/indicator-metadata-registry/imr-details/3155
3.    Unger T, Borghi C, Charchar F, Khan NA, Poulter NR, Prabhakaran D, et al. 2020 International Society of Hypertension Global Hypertension Practice Guidelines. Hypertension. 2020 Jun;75(6):1334–57. 
4.    Than Lwin Tun, Kyaw Kan Kaung, Nan Nai Nai Shein. Community health clinics combat hypertension, diabetes in rural areas once a week across the nation [Internet]. MDN - Myanmar DigitalNews. [cited 2023 May 11]. Available from: https://www.mdn.gov.mm/en/community-health-clinics-combat-hypertension-diabetes-rural-areas-once-week-across-nation