သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး

၃၁  အောက်တိုဘာ

လူတချို့ဟာ အကြောင်းပြချက်မျိုးစုံအတွက် သက်သတ်လွတ်စားကြပါတယ်။ ကျန်းမာရေးအယူအဆ အရသော်လည်းကောင်း၊ ဘာသာရေးယုံကြည်ချက်ကြောင့် သော်လည်းကောင်း၊ မိမိအတွေးအမြင်အရ သော်လည်းကောင်း သက်သတ်လွတ် စားကြပါတယ်။ တစ်သက်တာ စားသုံးသူတွေရှိကြသလို အချိန်ကာလတခုနဲ့ စားကြသူတွေလည်း ရှိပါတယ်။

 

သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိနေသေးတာကိုတော့ ငြင်းမရပါဘူး။ ယခု ဆက်လက် ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

 

၁။ နှလုံးကျန်းမာရေးအတွက် အကျိုးပြုခြင်း

သက်သတ်လွတ်စားသုံးသူများဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေမှာ ပုံမှန်လူများထက် သုံးပုံတစ်ပုံ လျော့နည်းတယ်လို့ ဆိုပါတယ်။ ရွေးချယ်တဲ့ အစားအသောက်ပေါ်လည်း မူတည်ပါသေးတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ လတ်ဆတ်တဲ့ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ သကြားဓာတ်နည်းတဲ့ အစားအစာများကို ပိုမိုရွေးချယ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျမှာ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ပြီး ကိုလက်စထရောလည်း ကျဆင်းနိုင်တာကြောင့် ဖြစ်ပါတယ်။

 

၂။ ကင်ဆာရောဂါ ဖြစ်နိုင်ခြေနည်းခြင်း

အသီးအရွက်ကို အဓိကစားသုံးသူတွေဟာ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေနည်းပါတယ်။ အသားများ စားသုံးခြင်းဟာ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေ မြင့်တက်စေကြောင်း သုတေသန အချို့အရ သိရပါတယ်။

 

အသိသာဆုံးကတော့ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ အသီးအနှံတွေဟာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ထိန်းသိမ်းပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်လို့ သိရပါတယ်။

 

၃။ အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးခြင်း

သက်သတ်လွတ်သမားတယောက်ရဲ့ စားသောက်ပုံဟာ အမျိုးအစား ၂ ဆီးချိုနဲ့ ဆက်စပ်ပြဿနာတွေကို ဖြစ်မလာအောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။ သကြားဓာတ်ညွှန်ကိန်း မမြင့်တဲ့ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အသီးအနှံတွေဟာ သွေးတွင်းသကြားဓာတ်တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ စာစောင်တစ်ခုမှာဆိုရင် သက်သတ်လွတ်သမားများဟာ ပုံမှန်လူတွေထက် ဆီးချိုဖြစ်နိုင်ခြေ ထက်ဝက် လျော့နည်းတယ်လို့ သိရပါတယ်။

 

၄။ သွေးတိုး ကျစေခြင်း

အသားငါး မစားသူတွေဟာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေနည်းကြောင်း သုတေသီတချို့က တွေ့ရှိခဲ့ ကြပါတယ်။ တစ်ဖက်မှာလည်း အသီးအရွက်ဗဟိုပြု စားသောက်မှုပုံစံဟာ အသားစားသူတွေထက် သွေးပေါင်ချိန် ပိုပြီးလျော့နည်းတယ်လို့ ဆိုပါတယ်။

 

အပင်တွေက ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ သွေးတိုးခြင်းကို အားပေးတဲ့ အဆီဓာတ်၊ ဆိုဒီယမ်နဲ့ ကိုလက်စထရော လျော့နည်းပါတယ်။ ဒါ့အပြင် အသီးအနှံတွေမှာ ကြွယ်ဝတဲ့ ပိုတက်ဆီယမ်ဟာ သွေးတိုးကျစေဖို့ အထောက်အကူပြုပါတယ်။

 

၅။ ပန်းနာရင်ကြပ်ကို သက်သာစေခြင်း

သက်သတ်လွတ်စားသူတွေ အထူးသဖြင့် အသီးအရွက်ကိုပဲ အားပြုစားသုံးသူတွေမှာ ရင်ကြပ်အခံ ရှိနေရင် သက်သာတတ်ကြောင်း သိရပါတယ်။ ဆွီဒင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါသုတေသနမှာ လူပေါင်း ၂၄ ဦးပါဝင်ခဲ့ပြီး ၂၂ ဦးဟာ သိသိသာသာ သက်သာခဲ့ကြောင်း၊ သုံးလက်စဆေးတွေအပေါ် မှီခိုမှု လျော့ပါးလာကြောင်း သိရပါတယ်။ ဖြစ်နိုင်ခြေကတော့ အသားငါးများဟာ ဓာတ်မတည့်ခြင်း၊ ရောင်ရမ်းခြင်း စတဲ့ဖြစ်စဉ်တွေအပေါ် တုံ့ပြန်မှုရှိလို့ဆိုပြီး ယူဆကြပါတယ်။ အသီးအနှံတွေမှာ အဆိုပါဖြစ်စဉ် လျော့နည်းပါတယ်။ ဒါပေမယ့် အဆိုပါအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ပိုမိုလိုအပ်ပါသေးတယ်။

 

၆။ အရိုးများကို အထောက်အကူပြုခြင်း

သက်သတ်လွတ် စားသုံးသူများတဲ့ ဒေသတွေမှာ အရိုးပွဖြစ်ပွားမှုနှုန်း နည်းပါးတယ်ဆိုတာ ပညာရှင်များက သတိထားမိခဲ့ကြပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြချက်အရ အသီးအရွက်နဲ့ နို့ကိုသာ နှစ်ပေါင်းနှစ်ဆယ်လောက် စားသုံးသူတစ်ဦးဟာ အသက် ၈၀ အရွယ်မှာ အရိုးထဲက သတ္တုဓာတ်တွေ ၁၈ ရာခိုင်နှုန်းလောက်ပဲ လျော့နည်းချိန်မှာ သက်တူရွယ်တူ အသားစားသူများမှာ ၃၅ ရာခိုင်နှုန်း လျော့ပါးနေတယ်လို့ ဆိုပါတယ်။

 

သက်သတ်လွတ်စားသင့်သလား

ယခုဆောင်းပါးမှာ သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုးတွေကိုပဲ ဖော်ပြခဲ့ပေမယ့် ဘယ်နေရာမှာမဆို အားနည်းချက် အားသာချက်တွေ ရှိပါတယ်။ အသီးအရွက်တွေကိုပဲ စားသုံးသူတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တချို့ ချို့တဲ့အားနည်းတတ်ပါတယ်။ အစားအစာ အမျိုးအစားကိုလည်း ရွေးချယ်တတ်ဖို့ လိုပါသေးတယ်။

 

အသား၊ ငါးရှောင်ရုံသာဖြစ်ပြီး အာလူးချောင်းကြော်နဲ့ မစ်ရှိတ်တွေကိုပဲ တစ်ချိန်လုံးစားသောက် နေရင်လည်း အာဟာရ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ သက်သတ်လွတ်စားမယ်ဆို ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မျှတအောင် ရွေးချယ်စားသုံးဖို့လည်း အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Dr.Thant Zin

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”