သက်တော်ရှည် သင်္ချာပါမောက္ခ ဆရာကြီးဦးဘတုတ်

မြင့်မြင့်ခိုင်

ရန်ကုန်တက္ကသိုလ်တည်ထောင်နှစ် နှစ် ၁၀၀ ပြည့်မည့်ရက် နီးကပ်လာသည်နှင့်အမျှ သတင်းစာ စာစောင်များတွင် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဆောင်းပါးများ ဝေဝေဆာဆာထွက်ရှိနေပါသည်။ တက္ကသိုလ်၏ နှစ် ၁၀၀ အတွင်း မြင်ကွင်းအဖုံဖုံကို ရှုထောင့်အစုံစုံမှ ရေးသားထားကြသဖြင့် လွမ်းမောဖွယ်ပုံရိပ်များကို တွေ့မြင်သိရှိခွင့် ရနေကြပါသည်။

 

ယခုအချိန်တွင် တက္ကသိုလ်မောင်သင်္ချာသာ အသက် ထင်ရှားရှိနေပါက မြန်မာနိုင်ငံသင်္ချာသမိုင်း တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဌာနမှူးများ သမိုင်းတွင်လည်းကောင်း အသက်အရှည်ဆုံး ပုဂ္ဂိုလ်ဖြစ် နေသည့် သင်္ချာပါမောက္ခ ဆရာကြီး ဦးဘတုတ် အကြောင်း ဆောင်းပါးတစ်ပုဒ် ထွက်ရှိလာမည်မှာ ဧကန်မလွဲ အသေအချာပဲဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အသက် ၁၀၀ တင်းတင်းပြည့်မည့် ဆရာကြီး ဦးဘတုတ်ကို ရန်ကုန်တက္ကသိုလ်ကြီး၏ ဖွားဖက်တော်သက်တော်ရှည် ဆရာကြီးအဖြစ် တက္ကသိုလ် မောင်သင်္ချာက “သင်္ချာ ပါမောက္ခဦးဘတုတ် ဖြတ်ကျော်ခဲ့သောဘဝခရီး” အမည် ရှိစာအုပ်တွင် ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆရာကြီး အသက် ၉၀ ပြည့်မည့်နေ့အမီ ထုတ်ဝေခဲ့သော အဆိုပါ စာအုပ်တွင် ဆရာကြီး၏ကိုယ်ရေးအတ္ထုပ္ပတ္တိအဖြစ် ဆရာကြီး၏ ဘဝခရီး စ၊ လယ်၊ ဆုံးတို့ကို တက္ကသိုလ် မောင်သင်္ချာ (ဒေါက်တာခင်မောင်ဆွေ)က ပြည့်ပြည့်စုံစုံ စာပန်းချီရေးဖွဲ့၍ ရောင်စုံခြယ်မှုန်းပြခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် ဆရာကြီးဦးဘတုတ် ယနေ့တိုင် သက်ရှိ ထင်ရှားရှိနေကြောင်းကိုမူ အများမသိရှိကြသေးသဖြင့် သိရှိအောင် ပြောပြပေးသော စာတစ်ပုဒ် ဆရာဆွေ (ဒေါက်တာခင်မောင်ဆွေ)ကိုယ်စား ရေးသားပေးပါရန် မဝင်းကြည် (ဒေါက်တာဒေါ်ဝင်းကြည်)က ကျွန်မကို တိုက်တွန်းပြောကြားလာပါသည်။ ထို့ကြောင့် ကျွန်မ၏ ဆရာရင်း(သင်္ချာဂုဏ်ထူးတန်းမှ သင်္ချာမဟာသိပ္ပံတန်း အထိ ပို့ချသင်ပြပေးခဲ့သောဆရာ) ဆရာကြီးဦးဘတုတ်ကို ဂါရဝပြုမှုတစ်ခုအဖြစ် လည်းကောင်း၊ ကျွန်မ၏ခင်ပွန်း တက္ကသိုလ်မောင်သင်္ချာ (ဒေါက်တာခင်မောင်ဆွေ)ကို သတိရဂုဏ်ပြုမှုတစ်ခုအဖြစ်လည်းကောင်း ရည်ရွယ်ပြီး ဤစာစုကို ရေးသားလိုက်ရပါသည်။

 

ါမမ

ပထမဦးစွာ “သင်္ချာပါမောက္ခဦးဘတုတ် ဖြတ်ကျော် ခဲ့သောဘဝခရီး” အမည်ရှိစာအုပ်ကို လက်လှမ်းမမီသူ များအတွက် ဆရာကြီး၏ ဘဝမှတ်တမ်းအကျဉ်းကို အထက်ပါစာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးပါ မည်-

 

- ၁၉၂၀ ဒီဇင်ဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် မန္တလေး မြို့ ရှမ်းပွဲရပ်၌ ဖွားမြင်သည်။ ဖခင် ဦးအောင်ကြွယ်၊ မိခင် ဒေါ်ဆင့်တို့၏ တတိယမြောက် သား ဖြစ်သည်။

 

- ၁၉၃၁ မတ်လတွင် စတုတ္ထ တန်း ဘရစ်စကောလားရှစ် (Bridge scholarship) စာမေးပွဲ အောင်မြင်သည်။

 

- ၁၉၃၇ တွင် ဆယ်တန်း စာမေးပွဲကို သင်္ချာဂုဏ်ထူး ဖြင့် အောင်မြင်သည်။

 

- ၁၉၃၉ ဇွန်လတွင် ဒုတိယ နှစ်သိပ္ပံတန်းကို မန္တလေး ဥပစာကောလိပ်မှ အောင်မြင် သည်။

 

- ၁၉၄၂ ဧပြီလတွင် သိပ္ပံသင်္ချာ ဂုဏ်ထူးတန်းဘွဲ့ စာမေးပွဲကို ပထမတန်း (first class) က အောင်မြင်သည်။

 

- ၁၉၄၃ ဇူလိုင်လတွင် နိုင်ငံခြား ရေးအရာရှိ ရာထူးခန့်စာရ သည်။

 

- ၁၉၄၄ ဖေဖော်ဝါရီလ ၁၀ ရက် ကြာသပတေးနေ့တွင် မန္တလေး၌ ဒေါ်ခင်မကြီးနှင့် လက်ထပ်သည်။

 

- ၁၉၄၅ မတ်လတွင် နိုင်ငံခြား ရေးရုံး ပိတ်လိုက်သဖြင့် ဂျပန် ခေတ်ဝန်ထမ်းဘဝ ပြီးဆုံး သည်။

 

- ၁၉၄၆ မတ်လတွင် ပြန်လည် တည်ဆောက်ရေး ဌာန၌ စာရင်းအင်း လက်ထောက် တာဝန် ထမ်းဆောင်သည်။ အမျိုးသားစီမံကိန်း ဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းသည့်အခါ စာရင်း အင်း အရာရှိရာထူးသို့ တိုးမြှင့်ခံရသည်။

 

- ၁၉၄၆ ဩဂုတ် ၃၁ ရက်တွင် စာရင်းအင်းအရာရှိ ရာထူးမှ နုတ်ထွက်ပြီး ၁၉၄၆ စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန နည်းပြ ဆရာတာဝန် ထမ်းဆောင်သည်။

 

- ၁၉၄၇ ဇွန် ၂၃ ရက်တွင် လက်ထောက်ကထိက ရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး မန္တလေး ယူနီဗာစီတီ ကောလိပ်သို့ ပြောင်းရွှေ့ရသည်။

 

- ၁၉၄၈ တွင် ရန်ကုန်တက္ကသိုလ်သင်္ချာဌာနသို့ လက်ထောက်ကထိကရာထူးဖြင့် ပြောင်းရွှေ့သည်။

- ၁၉၅၂ မတ်လတွင် ရန်ကုန်တက္ကသိုလ်မှ မဟာ သိပ္ပံသင်္ချာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။

- ၁၉၅၂ ဇွန်လတွင် သင်္ချာကထိကရာထူးသို့ တိုးမြှင့် ခံရသည်။

 

- ၁၉၅၃ ဇွန်လတွင် အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ် (Harvard University) သို့ သင်္ချာ ပါရဂူဘွဲ့အတွက် ပညာသင်သွားရန် အရွေးခံရသည်။

 

- ၁၉၅၃ စက်တင်ဘာ ၂၄ ရက် မှစ၍ ဟားဗတ် တက္ကသိုလ်တွင် သင်တန်းများတက်ပြီး ဒုတိယနှစ် ပြီးဆုံးချိန်တွင် သင်္ချာမဟာဘွဲ့ (A.M.) (Master in Arts) ရသည်။

 

- မဟာဘွဲ့မှ ပါရဂူဘွဲ့ သုတေသနလုပ်ငန်းသို့ ကူးပြောင်းချိန် ကြားကာလတွင် ခေတ္တမြန်မာပြည် ပြန်ရန် လျှောက်ထားပြီး ၁၉၅၅ သြဂုတ် ၃ ရက်တွင် ပြန်လာရာမှ ဟားဗတ်တက္ကသိုလ်သို့ ပြန်မသွား ဖြစ်တော့။

 

- ၁၉၅၈ ဇွန်လတွင် ရန်ကုန်တက္ကသိုလ် သင်္ချာ ဌာန၌ပါမောက္ခရာထူး စတင်ထမ်းဆောင်သည်။

- ၁၉၆၄ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ တိုကျို မြို့၌ ကျင်းပသော အိုလံပစ်အားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်အဖြစ် စေလွှတ်ခြင်း ခံရသည်။

 

- ၁၉၆၆ တတိယအကြိမ် လူရည်ချွန်စီမံကိန်းတွင် ငပလီလူရည်ချွန်စခန်းအဖွဲ့ စခန်းမှူးတာဝန် ပေးအပ်ခြင်းခံရသည်။

 

- ၁၉၆၆ ဇွန် ၁ ရက်တွင် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။

 

- ဆိုဗီယက် ပြည်ထောင်စုသမ္မတနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အရ ၁၉၆၈ ဇွန်လတွင် အထက်တန်း ပညာရေးလေ့လာရန် ပြည်ပ ၅ နိုင်ငံ(ဆိုဗီယက်၊ ဂျာမန်၊ ချက်ကိုစလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ဟန်ဂေရီ) သို့ စေလွှတ်သော အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါရသည်။

 

- မိသားစုပြန်လည်စုစည်းနေထိုင်ရန် လျှောက်ထား ချက်အရ ၁၉၆၉ စက်တင်ဘာ ၉ ရက်တွင် ခွင့်ပြု မိန့်ရသည်။

 

- ၁၉၆၉ စက်တင်ဘာ ၁၅ ရက်တွင် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်တာဝန် စွန့်လွှတ် ပြီး ရန်ကုန်စက်မှုတက္ကသိုလ် သင်္ချာဌာနတွင် ပါမောက္ခ တာဝန်များ လက်ခံဆောင်ရွက်သည်။

 

- ၁၉၈၁ ဧပြီ ၇ ရက်တွင် သက်ပြည့်အငြိမ်းစားယူ သည်။

 

- အငြိမ်းစားယူပြီးချိန် ၁၉၈၂ မှ ၁၉၈၈ အထိ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် သင်္ချာဌာနတွင် အချိန်ပိုင်း ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီး မဟာသိပ္ပံ အပိုင်း၂ သင်တန်းများကို သင်ပြပို့ချသည်။

 

- ၁၉၉၃ မတ်လမှစ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အေဘက်အင်ဂျင်နီယာ ကျောင်းတော်ကြီး (ABAC School of Engineering) ၌ အင်ဂျင်နီယာ သင်္ချာဌာန ဒုတိယဌာနမှူးတာဝန် လက်ခံ ဆောင်ရွက်သည်။

 

- ၁၉၉၉ ဧပြီလတွင် အေဘက်မှ အနားယူပြီး မြန်မာ နိုင်ငံသို့ အပြီးအပိုင်ပြန်လာသည်။

 

- ၂၀၀၁ ဒီဇင်ဘာ ၈ ရက်တွင် အသက် ၈၀ အရွယ် ဇနီးဒေါ်ခင်မကြီး ကွယ်လွန်သည်။

 

- ယခုအချိန်(၁-၁၁-၂၀၂၀)တွင် ဆရာကြီးသည် သား သမီး၊ မြေးများနှင့်အတူ ရန်ကင်းမြို့နယ် ကျောင်းလမ်းအိမ်အမှတ် ၂၂ တွင် ကျန်းမာချမ်းသာ စွာ နေထိုင်လျက်ရှိပါသည်။

 

အိ့

ယခု ဆရာကြီးနှင့် ကျွန်မတို့၏ ဆရာတပည့် ပတ်သက် ဆက်နွှယ်မှုများကို ဆက်လက်ပြောပြလိုပါသည်။ ကျွန်မသည် ၁၉၆၁ မှ ၁၉၆၃ ခုနှစ်အထိ သင်္ချာဂုဏ်ထူး တန်းကျောင်းသားအဖြစ်လည်းကောင်း၊ ၁၉၆၅ မှ ၁၉၆၆ အထိ မဟာသိပ္ပံကျောင်းသားအဖြစ်လည်းကောင်း ဆရာကြီးထံတွင် ပညာသင်ကြားခွင့်ရခဲ့ပါသည်။ နိုင်ငံ တာဝန်ထမ်းဆောင်ရန် ကျွန်မကို ပထမဆုံးတာဝန်ပေး ခြင်းခံရသော ဌာနမှာလည်း ဆရာကြီးပါမောက္ခအဖြစ်တာဝန်ယူနေသည့် ရန်ကုန်တက္ကသိုလ်သင်္ချာဌာန နည်းပြ တာဝန်ဖြစ်နေပါသည်။ ထို့ကြောင့် ၁၉၆၃ ဇူလိုင်လမှစ၍ ၁၉၆၆ ခုနှစ် ဇွန်လအထိ (ဆရာကြီး ပါမောက္ခချုပ် ရာထူးဖြင့် မန္တလေးသို့ မပြောင်း ရွှေ့မီအချိန်ထိ) ဆရာကြီး ဌာနတွင် လုပ်ငန်းတာဝန်သင်ယူနိုင်ခွင့် ရခဲ့ပြန်သဖြင့် ဆရာကြီးထံမှ စာပေပညာအမွေသာမက လုပ်ငန်းပညာ အမွေပါ ရရှိခဲ့ပါသည်။ ထိုစဉ်ကာလအတွင်းက ဖြစ်ခဲ့သော ကျွန်မတစ်သက်တာ မေ့မရနိုင်သည့် တာဝန်ပေးမှုတစ်ခု အကြောင်း ဖော်ပြလိုပါသည်။

 

ထိုနေ့သည် ကျွန်မတို့နည်းပြဆရာအသစ်များကို တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)သင်္ချာအဖြေလွှာ စစ်ဆေး ရန် ပထမဆုံးတာဝန်ပေးအပ်မည့် အစည်းအဝေးကျင်းပ ချိန်ဖြစ်ပါသည်။ ထိုအချိန်က ကျွန်မတို့ မျှော်လင့်ထားသလို အမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောပြပြီး စစ်ဆေးရ မည့် အဖြေလွှာစာအုပ်များ ထုတ်ပေးခြင်းမဟုတ်ဘဲ ကျွန်မတို့ ကိုယ်တိုင်ဖြေဆိုရမည့် အဖြေလွှာစာအုပ် အလွတ်များနှင့် မေးခွန်းများကို ဝေငှပေးချိန်ဖြစ်ပါသည်။ စာစစ်မှူးချုပ် ဆရာကြီးဦးဘတုတ်က အစည်းအဝေး ခန်းထဲရှိ ဆရာ ဆရာမအားလုံး စာဖြေရန် အချိန် သုံးနာရီပေးမည့်အကြောင်းနှင့် စာစစ်မှူးကထိက ဆရာကြီးသုံးဦးက စောင့်ကြပ်မည့်အကြောင်း ပြောကြား ပြီး အခန်းမှ ထွက်ခွာသွားပါသည်။

 

ထိုတစ်ခဏအတွင်း ကျွန်မ များစွာထိတ်လန့်တုန်လှုပ် သွားပါသည်။ မိမိကိုယ်တိုင် ဆယ်တန်းစာမေးပွဲဖြေဆိုစဉ်က သင်္ချာဂုဏ်ထူးရအောင် ဖြေဆိုနိုင်ခဲ့သော်လည်း ယခုလို မည်သည့်ပြင်ဆင်မှုမျှမရှိသည့် စာမေးပွဲဖြေဆိုမှုကို ပြုလုပ် ရမည့်အခါ ရလဒ်ကောင်းမရရှိဘဲ နည်းပြရာထူးကပင် ဖယ်ရှားခံရနိုင်သည်ဟူသောအတွေးကြောင့် လွန်စွာ ကြောက်ရွံ့သွားခြင်း ဖြစ်ပါသည်။ ကျွန်မတို့ခေတ်က နည်းပြရာထူးများကို တစ်နှစ်တစ်ခါ ပါမောက္ခက ပြန်လည် အတည်ပြုရ သော စနစ်ဖြစ်ပါသည်။ ထိုစဉ်က ကျွန်မနှင့် ဆယ်တန်းအတူအောင် ဂုဏ်ထူးတန်းအတူတက်ပြီး နည်းပြအလုပ် အတူရရှိခဲ့သည့် သူငယ်ချင်း မကြည်အောင် (ဒေါက်တာကြည်ကြည်အောင်)၌ မောင်ငယ်၊ ညီမငယ် များရှိ၍ ဆယ်တန်းမေးခွန်းနှင့် စိမ်းမနေခဲ့ပါ။ ကျွန်မက တော့ ဆယ်တန်းသင်ရိုးနှင့် မထိတွေ့သည်မှာ ကြာပြီဖြစ်၍ ဖြေဆိုထားသော အဖြေများမှန် မမှန် သူငယ်ချင်းနှင့် အဖြေတိုက်ဆိုင်ကြည့်လိုသည့်စိတ်ကို တားမရခဲ့ပါ။

သို့သော်လည်း ကျွန်မတို့အနားတွင် စာမေးပွဲခန်း စောင့်ကြပ်နေသည့် ဆရာကြီးဦးတင်မောင် (ဒေါက်တာ တင်မောင်) ရှိနေသောကြောင့် ကျွန်မဇောချွေးများပြန်ကာ အသက်ရှူပင်မှားရသည်အထိ ဖြစ်ခဲ့ရပါသည်။ သင်ခန်းစာ လည်း ကောင်းစွာရရှိခဲ့ပါသည်။ ပြင်ဆင်မှုမရှိဘဲ စာမစစ်ရ ဆိုသည်နှင့် စာဖြေသူများအပေါ် မိမိဖြေဆိုနေသကဲ့သို့ မှတ်ယူစစ်ဆေးပေးရမည်ဆိုသည့် အချက်များပင် ဖြစ်ပါ သည်။

 

ိ‌ေ်ိလ

 

စည်းကမ်းစနစ်ကြီးပြီး တိကျသေချာစွာ လုပ်ဆောင် တတ်သောဆရာကြီးထံတွင် ကျွန်မ ပထမဆုံးနိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်ကျေးဇူးကြောင့် ကျွန်မ၏ ဝန်ထမ်းသက် ၄၃ နှစ်တိုင် အမှားအယွင်းမရှိ၊ တာဝန် ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ပါသည်။ ဤကျေးဇူးတရားကို ကျွန်မတစ်သက် မမေ့ပါဟု ပြောကြားရင်း ဆရာကြီးကို ယခုစာစုဖြင့် ပူဇော်ကန်တော့အပ်ပါသည်။ ။

 

ူူ့‌ေ

ဆောင်းပါးရှင် ဒေါ်မြင့်မြင့်ခိုင်၏

အတ္ထုပ္ပတ္တိအကျဉ်း

-------------------------------------

အမည် - မြင့်မြင့်ခိုင်

မွေးနေ့သက္ကရာဇ် - ၁၉၄၄ ဇူလိုင် ၂၇၊

ကြာသပတေးနေ့

မွေးရပ် - ဟင်္သာတမြို့၊ ယုံသလင်းရွာ

မိဘ - အဖ အာဇာနည်ခေါင်းဆောင် ကြီး ဝန်ကြီးမန်းဘခိုင်၊ အမိ ဒေါ်ခင်နီ

ယခင်အလုပ်အကိုင် - ပါမောက္ခဌာနမှူး၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်

ယခုအလုပ်အကိုင် - ရန်ကုန်တက္ကသိုလ် သင်္ချာ ဘာသာရပ်ပါရဂူဘွဲ့ သင်တန်း

ဦးစီးကော်မတီဝင် မြန်မာနိုင်ငံတက္ကသိုလ်များ သင်္ချာ

ဘာသာသင်ကြားရေးအဖွဲ့ အဖွဲ့ဝင်

ပညာအရည်အချင်း - B.Sc.(General Honors), M.Sc,D.A.C. (Diploma in Automatic Computing)

အမှုထမ်းသက်မှတ်တမ်း - ၁၉၆၃ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ ရန်ကုန်

တက္ကသိုလ်၊ ပညာရေးတက္ကသိုလ် (ယခု ရန်ကုန်

ပညာရေးတက္ကသိုလ်)၊ ပုသိမ်ကောလိပ်(ယခုပုသိမ်

တက္ကသိုလ်)၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ပဲခူးဒီဂရီ

ကောလိပ်၊ အဝေးသင်တက္ကသိုလ်(ယခု ရန်ကုန်အဝေး

သင်တက္ကသိုလ်) နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

သင်ကြားရေးတာဝန် - တက္ကသိုလ် ပထမနှစ် သင်တန်းများမှစ၍ မဟာ

ဘွဲ့ သင်တန်းများအထိ အတန်းစုံ၌ သင်္ချာဘာသာ

သင်ပြခဲ့သည်။ မဟာဘွဲ့ကျမ်းကြီးကြပ်သူတာဝန်

နှင့် ပြင်ပစာစစ်၊ အတွင်းစာစစ် တာဝန်များကိုလည်း

ထမ်းဆောင်ခဲ့သည်။

ရေးသားထုတ်ဝေမှု - တက္ကသိုလ် ပြဋ္ဌာန်းစာအုပ် ၃ အုပ်နှင့် သင်္ချာဗဟုသုတ

ဆိုင်ရာစာတမ်းများ၊ ဆောင်းပါးများ ၃၀ ကျော် ပြုစု

ရေးသားခဲ့သည်။

အငြိမ်းစားယူမှု - ဝန်ထမ်းမှတ်တမ်းအရ ၂၀၀၄ ဇန်နဝါရီ ၂၇ တွင် သက်ပြည့်

အငြိမ်းစားယူရန် အချိန်စေ့ရောက်ခဲ့သော်လည်း

နိုင်ငံတော်၏ လိုအပ်ချက်အရ နှစ်နှစ်တိုး၍ ဆက်လက်

တာဝန်ပေးအပ်ခြင်းခံရသဖြင့် လစာပြည့်ခွင့်လေးလ

ခံစားလျက် ၂၀၀၆ မေ ၂၇ တွင် သက်ပြည့်အငြိမ်းစား

ယူခဲ့သည်။