"သမီးသမက် ခမည်းခမက် " ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၇ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် ပြသသွားမည်

ရန်ကုန် ၂၈ နိုဝင်ဘာ 

 

လပ်ကီးဆဲဗင်း ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားသည့် "သမီးသမက် ခမည်းခမက် " ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကိုအဖြစ် ယနေ့နံနက် ၇ နာရီခွဲက  ရန်ကုန်မြို့  သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဒီဇင်ဘာ ၇ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည် ဖြစ်သည်။

 

သရုပ်ဆောင် ပြေတီဦးက “ဇာတ်ကားမှာ မခိုင်လေးနဲ့ လင်မယားပါ။ မခိုင်လေးက ယောကျာ်း သဘောဆိုပြီး လုပ်သမျှ အကုန်ကြိုက်တယ်။ အပြင်မှာဆိုရင် လင်မယားနှစ်ယောက် ဒီလိုမျိုး ချစ်ချစ်ခင်ခင်နဲ့ဆိုရင် ပျော်စရာကောင်းမှာပါ။ ကားထဲမှာလည်း ပျော်စရာကောင်းပါတယ်။ ဟာသကား တွေမှာ မခိုင်လေးနဲ့ အတွဲညီတယ်လို့ ပြောရတယ်။ ဒီဇာတ်ကားရိုက်ခဲ့တာ နှစ်နှစ် လောက်ကြာပါပြီ”ဟု ပြောသည်။

 

အဆိုပါဇာတ်ကားတွင် ပြေတီဦး၊ မိုးအောင်ရင်၊ ရဲအောင်၊ ဗေလုဝ၊ ခိုင်သင်းကြည်၊ တက္ကသိုလ် ဂွမ်းပုံ၊ အရိုင်း၊ ဝါဝါအောင်၊ ပွင့်၊ အေးသီတာ၊ ရဲမွန်၊ ချစ်လူလူ၊ ကျော်ဇင်ထွဋ်၊ ဇော်ဇော်၊ ချမ်းသာ၊ ပိုပို၊ ဘဂျမ်းနှင့် အနုပညာရှင်များစွာ ပါဝင်ထားပြီး အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

 

သရုပ်ဆောင် ခိုင်သင်းကြည်က" ဒီကားလေးက ဟာသကားစစ်စစ်ပါ။ လင်မယားတွေ၊ သမီးသမက် ခမည်းခမက်တွေအကြောင်း ရိုက်ထားတာပါ။ အပြင်မှာဖြစ်ပျက်နေတဲ့ သဘာဝတရား နဲ့နီးစပ်နေတဲ့ ဇာတ်ကားဆိုတော့ ပရိတ်သတ်တွေလည်း ကြိုက်ကြမှာပါ။ နောက်တစ်ကြိမ် ထပ်ကြည့်ချင်လောက်အောင်ရီရတဲ့ ဇာတ်ကားလေးပါ” ဟုပြောသည်။

 

တက္ကသိုလ် ဂွမ်းပုံက "သရုပ်ဆောင်တွေ အားလုံး သူ့နေရာနဲ့သူ တက်ညီလက်ညီ ရိုက်ကူးထားတဲ့ ကားလေးပါ။ ဒီဇာတ်ကားမှာ မဂွမ်းအနေနဲ့ အမေအခန်းက ပါဝင်ထားပါတယ်။ ကိုယ့်ရဲ့ ဇာတ်ရုပ်တွေအတိုင်း ကွက်တိဖြစ်အောင် အားလုံးကြိုးစားထားတယ်" ဟ ပြောသည်။

 

အဆိုပါ ဇာတ်ကားတွင် တောသူမကြီး တစ်ယောက်အနေဖြင့် ပြေတီဦး အမေနေရာမှ ပါဝင်ထားကြောင်း၊  ပါဝင်ကြသူများအားလုံး ဟာကွက် လွတ်ကွက်မရှိအောင် သရုပ်ဆောင် ထားကြသည့်အတွက် နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုရန်ပင် စိတ်ကူးထားကြောင်း သရုပ်ဆောင် ဝါဝါအောင်က ဆိုသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်