သမိုင်းအတွေ့အကြုံများနှင့် ရင့်ကျက်သည့် တပ်မတော်

မတ် ၂၄ ၊ ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တပ်မတော်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များပါရှိရာ နိုင်ငံတော်အခြေခံမူများ၌ နိုင်ငံတော်၏အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဟူသော မူတစ်ရပ်လည်းပါဝင်သည်။ ၎င်းအခြေခံမူအရ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ခြင်းအပေါ် ဒီမိုကရေစီစံနှုန်းနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ပြည်တွင်းနိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမား အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လေသံ ပစ်လေ့ရှိသည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် လေ့ရှိသည့် အနောက်အုပ်စုဝင်အချို့ကလည်း ၎င်းတို့၏ နောက်မှကျားကန်ကာ မြှောက်ထိုးပင့်ကော် ဝင်လုပ်လေ့ရှိသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ တပ်မတော်အား ဖယ်ရှားရေးပင် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီအစိုးရနှစ်ရပ်ရှိခဲ့ရာ ယင်းအစိုးရများ တာဝန်ယူ သွားခဲ့ကြသည့် ကာလတစ်လျှောက် တပ်မတော်အကြီးအကဲနှင့် တပ်မတော်တို့၏ ရပ်တည်မှု၊ တာဝန်ထမ်းဆောင်မှုတို့ကို မိမိတို့ တွေ့မြင်သိရှိခဲ့ကြရပြီးဖြစ်သည်။ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်သည်ဟု ဆိုသည့်တိုင် ကိုယ်ထင်ရာကိုယ်စိုင်းခဲ့ခြင်းမျိုး၊ ရွာလွန်ရွက်တိုက်ခဲ့ခြင်းမျိုး၊ တာပေါ်ရေကျော်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့ခြင်းလုံးဝမရှိခဲ့။ သို့ရာတွင် အင်န်အယ်လ်ဒီပါတီ ဦးဆောင်သည့် ဒုတိယဒီမိုကရေစီအစိုးရ လက်ထက်တွင်မူ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး အေးစက်ခဲ့ခြင်းက ထူးခြားသည်။ နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သော သမ္မတသည် အရပ်သားစစ်စစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်ဖြင့် နိုင်ငံနှင့်ပြည်သူတို့အတွက် အမျိုးသားအကျိုးစီးပွားတို့ကို ဖော်ဆောင်ရာတွင် အရပ်ဘက်နှင့် တပ်ဘက်တို့ လက်တွဲညီညီ ထမ်းဆောင်နိုင်ရန် အခွင့်အလမ်းများကို အာဏာရပါတီအနေဖြင့် ဦးဆောင်ရမည့်အစား တပ်ဘက်ကို ကျောခိုင်းထားခဲ့သည်။

ထို့အပြင် နိုင်ငံမဖွံ့ဖြိုးမတိုးတက်ခြင်း၊ ငြိမ်းချမ်းရေးမရရှိခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ စစ်တပ်ကြောင့် စသည်ဖြင့် ပါတီလော်ဘီများ၊ လက်ဝေခံမီဒီယာများ အပါအဝင် ပြည်တွင်းပြည်ပမှ ညှပ်ကာ တပ်မတော်အပေါ် ပုံဖော်မှုများကို ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့ကြသည်။ ပြည်သူလူထုအတွင်း၌ လည်း တပ်အပေါ် အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်များကို အသုံးပြုကာ နှစ်နှင့်ချီ၍ ပြုလုပ်ခဲ့သည်။ နိုင်ငံ၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့သည့် အရေးပေါ်အခြေအနေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန်ကို ဝင်ရောက်ထိန်းသိမ်းရယူခဲ့ရသည့်အချိန်မှစ၍ အင်န်အယ်လ်ဒီ အစွန်းရောက်များ၊ အကြမ်းဖက်ဝါဒီများ၏ နိုင်ငံတစ်နိုင်ငံလုံး စစ်မီးတောက်လောင်၍ ပြာပုံဘဝရောက်ရေး၊ အလုံးစုံပျက်သုဉ်းရေး အစီအမံများမှာ နိုင်ငံတော်၏ အခိုင်အမာအင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်နှင့် ထိတွေ့ရာတွင် တစ်ခုပြီးတစ်ခု လေထဲတွင် ပျောက်ကွယ်ခဲ့ရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ အကြမ်းဖက်ဝါဒီတို့၏ တစ်ခုတည်းသော ဦးတည်တိုက်ကွက်မှာ တပ်မတော်ပြိုကွဲရေးပင် ဖြစ်သည်။ သပ်လျှိုသွေးခွဲသည့်နည်း၊ သွေးဆောင်ဖြားယောင်းသည့်နည်း အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက် ရှိရာ တပ်မတော်ပြိုကွဲသွားမှသာ ၎င်းတို့၏ ရည်မှန်းချက်များ ရရှိနိုင်မည့် အကြောင်းရင်းကြောင့် ဖြစ်သည်။ မည်သို့ပင် ကြိုးပမ်းကြစေကာမူ နှစ်ပေါင်း (၇၇) နှစ်ကြာမြင့်လာပြီဖြစ်သည့် ပြည်ထောင်စုဖွားသွေးချင်းများတို့၏ တပ်မတော်မှာ နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ နိုင်ငံ့အချုပ်အခြာကို ကာကွယ်မှု သမိုင်းအတွေ့အကြုံများနှင့် ရင့်ကျက်နေပြီဖြစ်သည့်အလျောက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် ပြည်သူနှင့်အတူ ဦးထမ်းပဲ့ထမ်း ဆက်လက်ကြိုးပမ်းသွားမည်သာ ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း