သမိုင်းပေးတာဝန်အဖြစ် ကြိုးပမ်းဆောင်ရွက်

 

ဗိုလ်ချုပ်အောင်ဆန်းသည်ကား သူ့ဘဝ၊ သူ့အသက်ကို တိုင်းပြည်အတွက် ပေးဆပ်ခဲ့သည့် အာဇာနည်ယောက်ျားကောင်း ယောက်ျားမြတ်ပုဂ္ဂိုလ်ဖြစ်သည်။ ဘဝကို ရင်းနှီးပေးဆပ်၍ မရမနေကြိုးပမ်းအားထုတ်ပြီး ရရှိလာသော လွတ်လပ်ရေးကို မမြင်သွားခဲ့ရပေ။ လွတ်လပ်ရေးအရသာ၊ လွတ်လပ်ရေးအသီးအပွင့်များကိုလည်း မခံစားရပေ။ အသက်အရွယ် ငယ်ပင်ငယ်ငြားသော်လည်း သူ၏ မြင့်မားသည့် နိုင်ငံရေးအသိ၊ အမြင်၊ တွေးခေါ်မြော်မြင်မှုများဖြင့် မြန်မာပြည်သူ ပြည်သားများ အနာဂတ်တွင် တင့်တယ်စွာနေထိုင်ရန် လမ်းမှန်ညွှန်ပြပေးခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးများကား ကြီးမားလှပါပေသည်။ ဗိုလ်ချုပ်၏ မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများသည် အကြောင်းတရားများဖြင့် ပန်းတိုင်သ ရောက်အောင် ပို့ဆောင်ပေးခဲ့ပါသည်။ လွတ်လပ်ရေးပန်းတိုင်သို့ တက်လှမ်းပြီး အကျိုးရလဒ်များကို ဆောင်ကြဉ်းနိုင်သည့်အဆင့်သို့ မလှမ်းတက်နိုင်ခဲ့ပါ။ မသမာသူအကြမ်းဖက်သမားတို့၏လက်ချက်ဖြင့် အကြွေစောခဲ့ရပါသည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တင့်တယ်ဝင့်ထည်သည့် အကျိုးတရားများအဖြစ် ဆက်လက်ဖြစ်ထွန်းလာအောင် ဆောင်ရွက်ရမည်မှာ လွတ်လပ်ပြီးသော နိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအားလုံး၏ တာဝန်ဖြစ်ပါသည်။

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအတွက် တော်လှန်ရေး အဆင့်နှစ်ဆင့် ချမှတ်ဆောင်ရွက် ပေးသွားခဲ့သည်။ ပထမအဆင့်မှာ လုံးဝလွတ်လပ်သောနိုင်ငံ ဖြစ်ပေါ်လာစေရေးဖြစ်ပြီး ဒုတိယအဆင့်မှာ စစ်ကြောင့်ပျက်စီးခဲ့သော တိုင်းပြည်ကို ပြန်လည်ထူထောင်ရေးဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး တိုက်ပွဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တော်လှန်ရေး၏ လက္ခဏာများကို ဆန်းစစ်ပြီး ပထမအဆင့် လွတ်လပ်ရေးရရှိပြီးနောက် ဒုတိယအဆင့် ဆက်လက်ချီတက်ရမည့် တော်လှန်ရေးတာဝန်သုံးရပ်ကို ချမှတ်ပေးခဲ့သည်။ ယင်းတို့မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး၊ လယ်ယာမြေပြုပြင်ရေး၊ နယ်ချဲ့အမှီအခို ကင်းသည့် စီးပွားရေးထူထောင်ရေးတို့ဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် ပထမအဆင့်ဖြစ်သည့် လုံးဝလွတ်လပ်ရေးတိုက်ပွဲကို ကြိုးပမ်းအားထုတ် နေစဉ် လွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလို၌ နယ်ချဲ့လက်ဝေခံ မသမာသူများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ဒုတိယအဆင့် တော်လှန်ရေးတာဝန်များကို ချမှတ်ခဲ့သော်လည်း ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အနာဂတ်အတွက် အမြော်အမြင်ကြီးမား စွာဖြင့် ကြိုတင်မြော်တွေးချမှတ်ပေးခဲ့ပေသည်။ အနာဂတ်၌ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ဖြစ်စေ အဓိကမှာ စီးပွားရေးဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ အနှောင့်အယှက် အဟန့်အတား အခက်အခဲများ၊ ကြီးမားသော စွန့်စားမှုများနှင့် ရေရှည်တိုက်ပွဲဝင်သွားရမည်ဟု ဗိုလ်ချုပ်အောင်ဆန်းက သဘောပေါက်ထားပြီး ဖြစ်သည်။

 

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်အနာဂတ်အတွက် ကာကွယ်ရေးနှင့် စီးပွားရေး အခြေခံများကို မြော်မြင်ပြီး စတင်အုတ်မြစ်ချထားရမည်ဟု ၁၉၄၇ ခုနှစ် အစောပိုင်းကတည်းက မှာကြားထားခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ နှစ်သစ်ကူးမိန့်ခွန်းတွင် “ကျွန်တော်တို့မှာ ငွေမရှိဘူး၊ တတ်ကျွမ်းတဲ့လူ အလုံအလောက်မရှိဘူး၊ ဒီနှစ်ချက်နဲ့ပဲ ဘယ်အစိုးရတက်တက် နိုင်ငံခြားအကူအညီ လိုမယ်။ နိုင်ငံခြားအကူအညီဆိုတာ အမြဲတမ်းကောင်းတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အခြေအနေအရ ဗမာပြည် ပြန်လည်ထူထောင်ဖို့ဆိုရင် နိုင်ငံခြားအကူအညီ မယူမဖြစ်တဲ့ အခြေအနေရှိတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းက‌ပြောကြားခဲ့သည်။ စစ်ဘေးစစ်ဒဏ်ခံခဲ့ရသည့် နိုင်ငံကို နိုင်ငံခြားအကူအညီဖြင့် ဦးမော့လာအောင်ကြိုးပမ်းပြီး တိုင်းပြည်တိုးတက်လာစေရန် ဆောင်ရွက်နိုင်ရေးကို မှာကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ပထမအဆင့်တော်လှန်ရေး ပြီးမြောက်ပြီးနောက် ဒုတိယအဆင့် တော်လှန်ရေးကို အကောင်အထည်ဖော်ရန် လမ်းပြပေးခဲ့သည်။ ဒုတိယအဆင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မငြိမ်းချမ်းမှုများမှာ လွတ်လပ်ရေးနှင့်အတူ ယနေ့ထက်တိုင် ပေါ်ပေါက်နေဆဲဖြစ်သည်။ နယ်မြေဒေသအချို့တွင် မငြိမ်းချမ်းမှုများကြောင့် လွတ်လပ်ရေးအသီးအပွင့်များကို နိုင်ငံတစ်ဝန်း တန်းတူညီမျှခံစား နိုင်ခြင်းမရှိပေ။ တိုင်းပြည်ဖွံ့ဖြိုးရေးမှာလည်း နောက်ကျကျန်ရစ်နေဆဲဖြစ်သည်။

 

သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့သည့် ဒုတိယအဆင့် ထူထောင်ရေး၊ စီးပွားရေးဦးမော့ရေး၊ နိုင်ငံကာကွယ်ရေးအတွက် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြည်သူအားလုံးက သမိုင်းပေးတာဝန်အဖြစ်ခံယူပြီး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ