သမ္မာအာဇီဝ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ကိုင်မှသာ ပြည်သူများ စိတ်အေးချမ်းသာမည်

ကိုရေချမ်း

မြန်မာနိုင်ငံတွင် ကုန်စည်ဈေးနှုန်းများ တစ်နေ့တခြား မြင့်တက်နေသည်မှာ ပြည်သူများအတွက် အဆန်းတော့ မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်ဈေးနှုန်းများ အတက်အကျဖြစ်လေ့ရှိပါသည်။ သို့သော် တက်ပြီးလျှင် ပြန်မကျသည့် ကုန်ဈေးနှုန်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ မတော်လောဘများ ပါဝင်နိုင်ပါသည်။ မတော်လောဘများကြောင့် ပြည်သူများအတွက် ဖိစီးမှု ဝန်ထုပ်ဝန်ပိုးများ ကြီးကြီးမားမား ဖြစ်လာစေပါသည်။

ကုန်ဈေးနှုန်းဒဏ်ကို မြန်မာပြည် တစ်ခုတည်း ကြံ့ကြံ့ခံနေရခြင်းတော့ မဟုတ်ပါ။ နိုင်ငံတကာတွင်လည်း ကုန်စည်ဈေးနှုန်းများ တက်လေ့ရှိပါသည်။ သို့သော် အတိုင်းအတာရှိသည်။ အကြောင်းရင်း အချက်အလက်များ အခိုင်အမာရှိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားဖြင့် တက်လေ့ရှိကြသည်။ ကမ္ဘာ့နိုင်ငံများတွင် ကုန်ဈေးနှုန်း တက်ရခြင်း အကြောင်းရင်းများကို လေ့လာကြည့်လျှင် စွမ်းအင်လောင်စာ ဈေးနှုန်းမြင့်တက်မှု၊ ကုန်ပစ္စည်းရှားပါးမှု၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုတို့သည် အဓိကကျသော အကြောင်းအချက်များဖြစ်သည်။

အထူးကိစ္စရပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊ သဘာဝဘေးအန္တရာယ်တို့ကြောင့်လည်း ကုန်ဈေးနှုန်း တက်နိုင်ပါသည်။ အလုပ်အကိုင်များ တုံ့ဆိုင်းရပ်တန့်သွားသောအခါ ရောင်းလိုအားနည်းပြီး ဝယ်လိုအား များလာသောကြောင့် ကုန်ဈေးနှုန်းတက်ရသည်။ နိုင်ငံအများအပြားတွင် ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်း မြင့်တက်လာသည့် ဝယ်လိုအားများကြောင့် ကမ္ဘာတစ်ဝန်းသို့ ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရေးတွင် ဝန်ဆောင်မှုစရိတ်ကို တိုးမြှင့်သတ်မှတ်သောအခါ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းသည် ဈေးနှုန်းတက်ခြင်းကို တွန်းအားပေးစေခဲ့သည်။

ကောလာဟလများ၊ သတင်းစကားအမျိုးမျိုးဖြစ်ပေါ်မှုကြောင့် ကုန်ဈေးနှုန်းများ တက်လာ

ဤအကြောင်းအချက်များသည် တစ်ကမ္ဘာလုံးလက်ခံထားသည့် ကုန်ဈေး နှုန်းတက်ခြင်း၏ အဓိကအကြောင်း အချက်များဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းတက်ခြင်းနှင့် ပတ်သက်၍ အဆန်းတကြယ်ဖြစ်နေပါသည်။ နိုင်ငံတကာက လက်ခံထားသည့် ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းအချက်များနှင့်မတူဘဲ မည်သည့်အကြောင်းကြောင့် တက်ရသည်ကို ပြည်သူများအနေဖြင့် နားလည်နိုင်ခြင်း မရှိပေ။ တိုင်းပြည်တွင် အကြောင်းကိစ္စတစ်ခုခု ပေါ်ပေါက်လာတိုင်း ဈေးနှုန်းတက်နေသည်မှာ မထူးသော်လည်း ဆန်းနေပါသည်။ ဒေါ်လာဈေးနှုန်းတက်၍၊ ကုန်ပစ္စည်းများ ပြတ်လပ်၍၊ စက်သုံးဆီဈေးနှုန်းတက်၍ ဈေးနှုန်းတက်လာသည်မှာ လက်ခံနိုင်ဖွယ်ရှိပါသည်။ သင်္ကြန်နီးလို့၊ ကျောင်းဖွင့်တော့မည်ဖြစ်လို့၊ လစာတိုးလို့၊ မုန်တိုင်းလာမှာမို့လို့၊ ရေကြီးနေလို့၊ လမ်းပိတ်နေလို့ စသည့် စသည့်ထူးထူးခြားခြား အကြောင်း ကိစ္စများသာမက ကောလာဟလများ၊ သတင်းစကားအမျိုးမျိုး ဖြစ်ပေါ်မှု ကြောင့် ကုန်ဈေးနှုန်းများ တက်လာသည်မှာ လက်ခံနိုင်ဖွယ်မရှိပါ။

ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ဆိုသကဲ့သို့ ကုန်ဈေးနှုန်း စတင်တက်ရခြင်းအကြောင်း အကျိုးများ ရှိရမည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းရင်းများ၊ ကုန်ဈေးနှုန်း စတင်ကြီးမြင့်လာသည့် ဇာစ်မြစ်ကို ရှာဖွေကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ ဖြစ်ပျက်နေသည်မှာ ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှု၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၊ နိုင်ငံခြားငွေဈေးတက်လာမှု စသည့်အကြောင်းများထက် အားလုံး ညီညာဖြဖြ တက်လိုစိတ်များဖြင့် အဖြစ်များနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက် ကိုးရာမှ တစ်ထောင်ဖြစ်တော့ အားလုံးတက်လိုက်ကြတာ တစ်နေ့တည်းဖြစ်သည်။ သကြားဈေး၊ နို့ဆီဈေး၊ လက်ဖက်ခြောက်ဈေး များက နေ့တိုင်းတက်နေသည့် အလား။

အကြောင်းရင်းပြနိုင်ခြင်းမရှိ ဆန်ဈေးနှုန်းများ အဆမတန်တက်

မည်သို့ပင်ဖြစ်စေ အခြေခံလူတန်းစားများသော မြန်မာနိုင်ငံတွင် ဆန်ဈေးနှုန်း တည်ငြိမ်ရေးသည် အရေးအကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကလည်း စိုက်ပျိုးမွေးမြူရေးကို အထူးအားပေး ကူညီ ဖြည့်ဆည်းပေးနေသည်။ မုန်တိုင်းသင့် ဒေသများမှအပ ပုံမှန်အခြေအနေရှိနေ သည်။ ဆန်စပါးပြတ်လပ်မှုသည် ဖြစ်နိုင်စရာအကြောင်းမရှိပါ။ စိုက်ပျိုးရာသီအလိုက် နွေစပါး၊ မိုးစပါးများ အဆက်မပြတ်ထွက်ရှိနေသည့်အပြင် အရေးပေါ်အနေဖြင့် အရန်ဆန်များလည်း သိုလှောင် ထားရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ ဝန်ဆောင်မှုစရိတ်များ တက်လာသောကြောင့် ဆန်ဈေးနှုန်း အတိုင်းအတာ တစ်ခုအထိ တက်သည်မှာ လက်ခံဖွယ်ရာရှိသော်လည်း အကြောင်းရင်းပြနိုင်ခြင်း မရှိဘဲ ဆန်ဈေးနှုန်းများ အဆမတန်တက်ခြင်းမှာ ထူးခြားပါသည်။

ယနေ့ကာလတွင် နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှု၊ ကောလာဟလ ထုတ်လွှင့်မှု၊ တီးတိုးဝါဒဖြန့်မှုများကို ပြည်တွင်း၊ ပြည်ပ နှစ်ဌာနလုံးက ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အရေးကြီးသော အခြေအနေတစ်ရပ်အနေဖြင့် ဝိသမ လောဘသမားများက အခြေခံစားကုန် များဖြစ်သော ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူး စသည့်စားသောက်ကုန်ဈေးနှုန်းများ ဈေးကစားမှုကြောင့် အလွန်အမင်း မြင့်တက်လာဟန်တူပါသည်။ နိုင်ငံရေးအရ ကောလာဟလ သတင်းထုတ်လွှင့်မှုများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ တိုက်ရိုက်အချိုးကျနေသလို ဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်မှု၊ ရေကြီးရေလျှံ၊ မုန်တိုင်းဖြစ်မှုတို့ကို ဖြစ်သည့်အခါ တည်ငြိမ်မှုမရှိတော့သယောင်၊ ထပ်မံ ဖြစ်ပွားတော့မယောင် သတင်းများ ထုတ်လွှင့်၍ ဈေးကွက်တွင် ဈေးနှုန်းများ အဆမတန်တင်လာခဲ့သည်။

နိုင်ငံသားတစ်ဦးဟူသော အသိစိတ်ဓာတ်ဖြင့် အများအကျိုး ဆောင်ရွက်သင့်
နိုင်ငံတော်အနေဖြင့် ပြည်တွင်း ထွက်ကုန်များ တိုးတက်ထွက်ရှိရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာ ဝပြောရေးအတွက် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေပါသည်။ ကုန်ပစ္စည်းလက်ဝယ်ရှိသူ ရောင်းဝယ်ဖောက်ကားသူများ အနေဖြင့် အများအကျိုးအတွက် စေတနာ မှန်ကန်စွာထားရှိခြင်း မရှိပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် အများ ပြည်သူစိတ်ချမ်းသာရေးကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန် တည်ဆောက်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အကျိုး အမြတ်ကိုသာ အဓိကမထားဘဲ မိမိလည်း နိုင်ငံသားတစ်ဦးဟူသော အသိစိတ်ဓာတ်ဖြင့် မိမိနှင့်သက်ဆိုင်သော ကုန်ရောင်း၊ ကုန်ဝယ်၊ ကုန်စည်ဖလှယ်မှုများတွင် အများအကျိုးအတွက် ဆောင်ရွက်သင့်ပါသည်။

“ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဟူသော အတွေးအခေါ်များရှိနေ သေးပါက တိုးတက်သာယာဝပြောသော နိုင်ငံတည်ဆောက်ရာတွင် အဟန့်အတားဖြစ်နေမည်မှာ သေချာပါသည်။ ထိုစိတ်ဓာတ်များအပေါ် ပြည်တွင်း၊ ပြည်ပ ပယောဂများက လောင်စာ ထပ်ဖြည့်ပေးလိုက်သောအခါ ပြည်သူအများစု အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ရမည်ဖြစ်သည်။ နိုင်ငံပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပ ပယောဂ များရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေခံအဆောက်အအုံကို ပြောင်းလဲတည်ဆောက်ခြင်းသည် နေ့ချင်းညချင်း ပြီးနိုင်သည့် လုပ်ငန်းမဟုတ်ပါ။ များစွာကျယ်ပြန့်လှ၍ အချိန်အတန်ကြာ စောင့်ရပါသည်။

ယနေ့ကာလတွင် နိုင်ငံရေးနယ်ပယ်တွင်သာမက စီးပွားရေးနယ်ပယ်တွင်ပါ အမြတ်ထုတ်လိုသူများ၊ အသုံးချလိုသူများ ရှိနေသည်ကို သတိချပ်ရမည်ဖြစ်သည်။ စစ်မြေပြင်တွင် စစ်တိုက်ရာ၌ လည်းကောင်း၊ စီးပွားရေး၊ နိုင်ငံရေးလုပ်ရာ၌ လည်းကောင်း မှန်ကန်သော သတင်းအချက်အလက်များကို အခြေခံတွက်ချက် လုပ်ဆောင်မှသာ အောင်မြင်မှုရနိုင်ပါသည်။ မမှန်သတင်းများ၊ သတင်းတုများ၊ ကောလာဟလများ၊ မရိုးသားသောစိတ်ထားများဖြင့် တစ်ဖက်မှ စီးပွားပြိုင်ဘက်၊ နိုင်ငံရေးပြိုင်ဘက်၊ စစ်ရေးရန်သူတို့ သပ်သွင်းပေးလိုက်သည့် သတင်းများကို အခြေခံလုပ်ဆောင်မည်ဆိုပါက အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

အလိမ်အညာ၊ ကောလာဟလ သတင်းစကားများဖြင့် အမြတ်ထုတ်

နိုင်ငံရေးနှင့်စီးပွားရေး ရောယှက်နေသည်ကို သာဓကထုတ်ဆောင်မည်ဆိုလျှင် ဖြစ်ပေါ်ခဲ့သော နိုင်ငံ့အရေးအခင်းများတွင် ဝိသမလောဘဖြင့် အမြတ်ကြီးစားကာ အခွန်အကောက်လိမ်လည် ပတ်ရှောင်ပြီး စီးပွားဖြစ်ခဲ့ကြသူများသည် ၎င်းတို့၏ တရားမဝင် ငွေမည်းများကို ငွေဖြူဖြစ်အောင် မျှော်ကိုးကာ ဆူပူမှုများတွင် ငွေပုံအောကာ ဝင်ရှုပ်ခဲ့ကြသည်။ နိုင်ငံရေးနယ်ပယ်တွင်သာမက စီးပွားရေး နယ်ပယ်တွင် အလိမ်အညာ၊ ကောလာဟလ သတင်းစကားများဖြင့် အမြတ်ထုတ်ခဲ့ကြရာ အဆိုပါဒဏ်ကို ပြည်သူများ ခံစားကြရသည်။ စူဇကာများမှာ မထိခိုက်၊ တိုင်းဆူပြည်ဖျက် ပုံအောခဲ့သော ငွေကြေးများထက် အဆပေါင်းများစွာသာသည့် ငွေကြေးများကို စီးပွားရေးသောင်းကျန်းကာ ပြည်တွင်း၌ ပြန်ရှာနိုင်သည့် နည်းလမ်းများလည်း ရှိနိုင်သည်။

မြန်မာနိုင်ငံသားများအတွက် အခြေခံစားကုန်ဖြစ်သော ဆန်ဈေးနှုန်းသည် လက်ရှိအခြေအနေတွင် သင်္ကာမကင်း ဖွယ်ကောင်းလောက်အောင် မြင့်တက် နေပါသည်။ ယခင်က ၁၅၀၀၊ ၂၀၀၀ တန် ဆန်တစ်ပြည်သည် ယခုအခါ ၃၀၀၀၊ ၄၀၀၀ ကျော် ဖြစ်နေသည်မှာ ဆန်စပါး အထွက်လျော့မှု၊ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ဖြစ်နိုင်ဟန်မတူပါ။ လယ်သမားများ အမှန်တကယ်ကုန်ကျခဲ့သော စိုက်ပျိုးစရိတ်ကို ကျော်လွန်သော သင့်တင့်လျောက်ပတ်သည့် ပေါက်ဈေးနှုန်းများထက် အဆမတန်ကျော်လွန်သော ဈေးနှုန်းမြင့်တက်မှုကို စားသုံးသူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဆန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာခြင်းသည် ဆန်ဈေးကစားမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။

လက်ဝါးချင်းရိုက်ပြီး ဆန်ဈေးနှုန်းတက်ရိပ်ခြေကို ဖန်တီး

ကုန်စည်ဈေးနှုန်းသည် ကုန်သည်များ၏ လက်ဝယ်တွင်သာ ရှိသည်ဟု ဆိုလျှင် မှားမည်မထင်ပါ။ အချို့အချို့ သော ဆန်ကုန်သည်များအနေဖြင့် လက်ငင်းဝယ်လိုအား တက်နေမှုကို အခြေတည်၍ လွန်ကဲစွာ သိုလှောင်ခြင်း၊ စေတနာမမှန်သောသူအချို့နှင့် လက်ဝါးချင်းရိုက်ပြီး ဆန်ဈေးနှုန်းတက်ရိပ်ခြေကို ဖန်တီးခြင်း၊ လွန်ကဲသော ဝိသမလောဘဖြင့် သင့်တင့်လျောက်ပတ်သော ဈေးနှုန်းထက် အဆမတန် မြှင့်တင်ရောင်းချခြင်းများနှင့် နိုင်ငံတွင် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အခွင့်ကောင်းယူ အသုံးချခြင်းများအပါအဝင် ဆောင်ရွက်မှုများမှာ နိုင်ငံတစ်ဝန်းရှိ ဆန်ကိုအဓိက စားသုံးကြသော ပြည်သူလူထုတစ်ရပ်လုံး အပေါ် စေတနာမထားခြင်းတို့မှာ ပေါ်လွင်နေပါသည်။ ပြည်သူများအပေါ် “ဘယ်သူသေသေ ငတေမာရင်ပြီးရော” စိတ်ဓာတ်မျိုး မထားရှိသင့်ပါ။

ကုန်သည်များအားလုံးကို မဆိုလိုပါ။ အချို့အချို့သော ဆန်ကုန်သည်ကြီးများအပြင် အခြားကုန်သည်များအနေဖြင့် ဆန်၊ ဆီ အပါအဝင် အခြေခံစားကုန်များ ပုံမှန်အခြေအနေရှိနေသော်လည်း ရန်ကုန်အပါအဝင် အချို့ဒေသများတွင် အခြေခံစားကုန်များ အဆမတန်ဈေးနှုန်း မြင့်တက်ရောင်းချနေမှုများသည် ကုန် ပစ္စည်းများ ပြတ်လပ်မှုကြောင့်မဟုတ်ဘဲ ဝိသမလောဘစိတ်ဖြင့် လုပ်ကိုင်ခြင်း ဆိုလျှင် မဖြစ်သင့်၊ မလုပ်သင့်ပါ။ သဘာဝ ဘေးကြုံတွေ့ခဲ့ရသော ယခုလိုကာလမျိုး၌ စားသုံးသူပြည်သူများအပေါ် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် သမ္မာအာဇီဝ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ကိုင်ကြမှသာ ဆန်ဈေးနှုန်းအပါအဝင် အခြားစားသောက်ကုန် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာပြီး ပြည်သူများ စိတ်အေးချမ်းသာမည်ဖြစ်ပါကြောင်း။  ။