သမ္မတထရမ့် ဗိုင်းရပ်စ်ကူးစက်ခံရမှုအပေါ် အမေရိကန်ရွေးကောက်ပွဲအရွေ့

အောင်ကျော်ကျော်(ကြေးမုံ)

 

အမေရိကန်ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုပါတော့တယ်။ ဒီအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းထွက်ပေါ် လာပြီးတဲ့နောက်ပိုင်းမှာ မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲအခြေအနေဟာ ဘာတွေဆက်ဖြစ်မှာလဲ၊ ရွှေ့ဆိုင်းတော့မှာလား၊ သမ္မတထရမ့် နေရာကို ရီပတ်ပလီကန်ပါတီခေါင်းဆောင် နောက်တစ်ယောက်ပြောင်းလဲ ပြီး ဝင်ရောက်အရွေးခံမှာလားဆိုတဲ့ မေးခွန်း တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတထရမ့် ရောဂါကူးစက်ခံရတဲ့နောက်ပိုင်း အမေရိကန်ရွေးကောက်ပွဲ အလားအလာ ဘာတွေဆက်ဖြစ်နိုင်မလဲဆို တာ လေ့လာသုံးသပ်ကြည့်ပါမယ်။

 

ရောဂါကူးစက်ခံရလို့
ရွေးကောက်ပွဲအတွက် အခွင့်အရေးဆုံးရှုံး

ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့နောက်မှာတော့ သမ္မတထရမ့်ဟာ ရွေးကောက်ပွဲအတွက် ကြိုးစားအားထုတ်ရမယ့် အခွင့်အရေးတွေ အများကြီးဆုံးရှုံးခဲ့ရပါတယ်။ သမ္မတထရမ့်အနေနဲ့ အနည်းဆုံး ၁၀ ရက်လောက် ဆေးဝါး ကုသမှုတွေ ခံယူရမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ ဂျိုးဘိုင်ဒင်နဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင် မလားဆိုတာ မသေချာသလောက်ပါပဲ။ ဒါ့အပြင် အောက်တိုဘာ ၂ ရက်မှာ ဖလော်ရီဒါ ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ရပါတယ်။ အခြားပြည်နယ် တွေမှာလည်း မဲဆွယ်စည်းရုံးရေးအတွက် စီစဉ်ထားတာတွေကို ရွှေ့ဆိုင်းရမလား ဒါမှမဟုတ် ဖျက်သိမ်းရ မလားဆိုတာ လောလောဆယ်အချိန်မှာ မသေချာမရေရာဖြစ်နေပါတယ်။

 

အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမရက်သတ္တပတ်ရဲ့ တနင်္လာနေ့မှာ ကျင်းပရမယ်လို့ အမေရိကန်အခြေခံဥပဒေမှာ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ နိုဝင်ဘာ ၃ ရက်နေ့ဖြစ်ပါတယ်။

 

အခြေအနေတစ်ခုခုကြောင့် မဖြစ်မနေ ရွေးကောက်ပွဲကျင်းပတဲ့ရက်ကို ရွှေ့ဆိုင်းမယ်ဆိုရင် ရွေးကောက်ပွဲကျင်းပ မယ့်ရက်ကို ရွှေ့ဆိုင်းပိုင်ခွင့်ရှိသူဟာ ဥပဒေပြုအမတ်တွေပဲ ဖြစ်ပါတယ်။ သမ္မတမဟုတ်ပါဘူး။ ဒီလို ရွှေ့ဆိုင်းမယ် ဆိုရင်လည်း အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးမှာ ဥပဒေပြုအမတ်အများစုက ထောက်ခံအတည်ပြုရမှာ ဖြစ်ပါ တယ်။ အခုအခြေအနေဟာ ဒီလိုမျိုးဖြစ်နိုင် စရာတော့မရှိပါဘူး။ ဘာလို့လဲဆိုရင် အောက်လွှတ်တော်မှာ ဒီမိုကရက် တစ်လွှတ်တော်အမတ်တွေ အများစုရှိနေလို့ပဲ ဖြစ်ပါတယ်။

 

တကယ်လို့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းခဲ့မယ်ဆိုရင်လည်း အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ တစ်ဖွဲ့ဟာ လေးနှစ်တာကာလအထိသာ အာဏာသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့ သမ္မတထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းမှာ အလိုအလျှောက် အာဏာသက်တမ်းကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ရွေးကောက်ပွဲကျင်းပတဲ့ရက်ကို ပြင်ဆင်သတ်မှတ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ပြင်ဆင်ရတော့ မှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ပြောင်းလဲမှုတွေကိုလည်း လွှတ်တော်နှစ်ရပ်စလုံးမှ လွှတ်တော်အမတ် သုံးပုံနှစ်ပုံက အတည်ပြုထောက်ခံဖို့ လိုပါတယ်။

 

သမ္မတထရမ့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ရင် ဘာတွေဆက်ဖြစ်မလဲ

တကယ်လို့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သမ္မတထရမ့်ရဲ့ ကျန်းမာရေးအခြေအနေဟာ တဖြည်းဖြည်းဆိုးရွားလာပြီး လုပ်ငန်းတာဝန်တွေကို မထမ်းရွက်နိုင်တော့ဘူးဆိုရင် သမ္မတထရမ့်အနေနဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်ကို အာဏာလွှဲ ပြောင်းပေးခွင့်ရှိတယ်လို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒုတိယသမ္မတမိုက်ပန့်စ် ဟာ ယာယီသမ္မတဖြစ်လာပြီး သမ္မတရာထူးတာဝန်တွေကို ထမ်းရွက်ရမှာဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာတဲ့အချိန်ရောက်မှ သမ္မတတာဝန်တွေကို ပြန်လည်လွှဲပြောင်းယူခွင့်ရှိ တယ်လို့ သိရပါတယ်။ တကယ်လို့ သမ္မတထရမ့်ဟာ ရာထူးတာဝန်တွေကို လွှဲပြောင်းပေးဖို့တောင် သူ့ရဲ့ကျန်းမာရေး အခြေအနေ မကောင်းဘူးဆိုရင်တော့ အစိုးရအဖွဲ့နဲ့ ဒုတိယသမ္မတတို့က သမ္မတအနေနဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်မလုပ်ဆောင်နိုင်တော့ဘူးလို့ ကြေညာရမှာ ဖြစ်ပါတယ်။ ဒီလိုကြေညာပြီးရင် ဒုတိယသမ္မတက ရာထူး တာဝန်တွေကို ဆက်လက်ထမ်းရွက်ရမှာ ဖြစ်ပါတယ်။

 

ဒုတိယသမ္မတ မိုက်ပန့်စ်ဟာလည်း ကျန်းမာရေးထိခိုက်ပြီး သမ္မတတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူးဆိုရင် သမ္မတဆက်ခံမှု အက်ဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက သမ္မတရာထူးတာဝန်ကို ဆက်လက် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ နန်စီပီလိုစီကလည်း သမ္မတရာထူးတာဝန်ကို မထမ်းရွက်နိုင်တော့တဲ့ အခြေအနေဆိုရင်တော့ အသက် ၈၇ နှစ်အရွယ်ရှိတဲ့ ရီပတ်ပလီကန်လွှတ်တော်အမတ် ချားလီးစ်အီးဂရက်စ်လေက တာဝန်ယူထမ်းရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သမ္မတရာထူးအာဏာအတွက် ဥပဒေရေးရာ စိန်ခေါ်မှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိပါတယ်။

 

အမေရိကန်သမိုင်းမှာ သမ္မတတစ်ဦးဟာ ရာထူးတာဝန်တွေကို မထမ်းရွက်နိုင်တော့တဲ့ အခြေအနေမျိုးရှိခဲ့ဖူးလား

၁၉၈၅ ခုနှစ်မှာ သမ္မတရိုနယ်လ် ရေဂင်ဟာ ကင်ဆာရောဂါကြောင့် ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဒီအချိန်မှာ ဒုတိယ သမ္မတ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်က သမ္မတ ရာထူးတာဝန်တွေကို ပြောင်းလဲထမ်းဆောင် ရပါတယ်။

 

အလားတူပဲ သမ္မတဂျော့အိတ်ချ်ဒဗလျူ ဘုရှ်ဟာ အူမကြီးရောဂါကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူရတဲ့အချိန် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာလည်း သူ့ရဲ့ဒုတိယသမ္မတကို ရာထူးအာဏာအပ်နှင်းခဲ့ရပါတယ်။

 

သမ္မတထရမ့် ဝင်မပြိုင်တော့ဘူးဆိုရင် သူ့နေရာမှာ ဘယ်သူ့ကို ဆန္ဒမဲပေးရမှာလဲ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီက ရွေးချယ်ထားတဲ့ သမ္မတလောင်းတစ်ဦးဟာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် ဝင်ရောက်မယှဉ်ပြိုင်နိုင်ဘူးဆိုရင် လိုက်နာလုပ်ဆောင်ရမယ့် စည်းမျဉ်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ချမှတ်ပေးထားပါတယ်။

 

အခုအခြေအနေမှာ ဒုတိယသမ္မတ မိုက်ပန့်စ်ဟာ သမ္မတရာထူးတာဝန်တွေကို သမ္မတထရမ့်နေရာမှာ အစားထိုး ထမ်းဆောင်ရမှာဖြစ်ပေမယ့် သူဟာ ရီပတ်ပလီကန်ပါတီက ရွေးချယ်ထားတဲ့ သမ္မတလောင်းတစ်ဦး မဟုတ်ပါဘူး။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ သမ္မတလောင်းဟာ မစ္စတာထရမ့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပါတီစည်းမျဉ်းများအရဆိုရင် ရီပတ်ပလီကန်ပါတီ အမျိုးသားကော်မတီ အဖွဲ့ဝင် ၁၆၈ ဦးက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရီပတ်ပလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းတစ်ဦးကို ထပ်မံရွေးချယ် ရမှာ ဖြစ်ပါတယ်။

 

ရီပတ်ပလီကန်ပါတီနဲ့ ဒီမိုကရက်တစ် ပါတီနှစ်ရပ်စလုံးက ဒီနှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ကိုယ်စားပြု သမ္မတလောင်းတွေကို တရားဝင်ရွေးချယ်ပြီးတဲ့အတွက် အခြားတစ်ယောက်ကို အစားထိုးလဲလှယ် ရွေးချယ်ခွင့်ရရှိမှာ မဟုတ်တော့ပါဘူး။

 

သမ္မတထရမ့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘူးဆိုရင် ကြိုတင်မဲတွေ ဘယ်လိုလုပ်မလဲ

ရွေးကောက်ပွဲမတိုင်မီ စာတိုက်မှတစ်ဆင့် ကြိုတင်မဲပေးထားတဲ့ မဲဆန္ဒရှင် ပြည်သူအရေ အတွက်ဟာလည်း သန်းနှင့် ချီရှိလို့နေပြီဖြစ် ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အချို့ပြည်နယ်တွေမှာ မဲရုံတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ဆန္ဒမဲပေးတဲ့သူတွေလည်း ရှိနေပါပြီ။ ဒါကြောင့် ဒီလိုအချိန်မှာ သမ္မတထရမ့်အနေနဲ့ ဝင်ရောက် မယှဉ်ပြိုင်တော့ဘူးဆိုရင်တောင် ကြိုတင်မဲတွေကို ဘယ်လိုနည်းနဲ့မျှ ပယ်ဖျက်မှာမဟုတ်ပါဘူး။ မဲစာရွက်ပေါ်မှာ သမ္မတထရမ့် နာမည်ကတော့ ဆက်လက်ကျန်ရှိနေဦးမှာပါ။ ဒါပေမယ့် ရီပတ်ပလီကန်ပါတီအနေနဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းတစ်ဦးကို ပြောင်း လဲတင်သွင်းဖို့ တရားရုံးချုပ်ကို ဦးတိုက် လျှောက်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ဟာ နီးကပ်နေတဲ့အတွက် တရားရုံးချုပ်ရဲ့ အမိန့်စာရဖို့ အချိန်မလုံ လောက်တော့ပါဘူး။ ဒါကြောင့်မို့ သမ္မတထရမ့်ဗိုင်းရပ်စ်ကူးစက် ပြီးတဲ့နောက်ပိုင်း အမေရိကန်ရွေးကောက်ပွဲ အလားအလာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုးကား-ဘီဘီစီ