သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ( ၂ )

ဝထကလသ (နတလ)

သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည်မှာ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များဖြစ်သည်။ 

အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အားယူနေဆဲဒေသ ဖြစ်သဖြင့် ပျက်စီးမှုပမာဏအတွက် ဒေသတွင်း လိုအပ်သော စားသောက်ကုန်နှင့် တည်ဆောက်ရေး ပစ္စည်းများမှာ လိုအပ်သည့် အရေအတွက် မရှိခဲ့။ မလုံလောက်ခဲ့။ 

မိုခါမုန်တိုင်းပြီး နောက်တစ်ရက် နေပူကျဲကျဲတွင် စစ်တွေမြို့တွင်းလမ်းပေါ် ကန့်လန့်ဖြတ် လဲကျနေသည့် သစ်ပင်ကြီးများကို ChainSaw ဖြင့် ဖြတ်တောက်ရှင်းလင်းပေးနေသည့် လုပ်အားပေး အဖွဲ့တစ်ဖွဲ့မှာ ရေရရှိရန်အခက်အခဲပင် ကြုံခဲ့ကြ ရပါသည်။ 

ဤသို့အရေးပေါ်အချိန်ကာလတွင် ဒေသသား အချင်းချင်းဖြစ်၍ စာနာလှပါသည်ဆိုသော စကားလုံးများဖြင့် နှစ်သိမ့်ကြ၊ အားပေးကြ၊ စိတ်မကောင်းဖြစ်ပြကြရုံဖြင့် မလုံလောက်။ ရေဆာနေသူကို ရေတိုက်ရပါမည်။ ရေဆာပြေဖို့ ဆုတောင်းပေး၍ မရနိုင်။ မိမိတို့ တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းပါဝင် ဖြည့်ဆည်းပေးရန် လိုအပ်သည့် ကာလ ဖြစ်ပေသည်။ 

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

ထို့ကြောင့် လိုအပ်သော ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များ၊ စားသောက်ဖွယ်များ၊ သောက်ရေသန့်များ၊ မြက်ဖြတ်စက်၊ မိုးကာစ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ Chainsaw စသည့် တည်ဆောက် ရေးပစ္စည်းများအား ရန်ကုန်မှ ဝယ်ယူပေးပို့ရပါ သည်။ လိုအပ်ချက်ပမာဏ ကြီးမားလွန်းလှသဖြင့် ဌာနပေါင်းစုံနှင့် ကုန်သည်ပေါင်းစုံတို့က အလုအယက် ဝယ်ယူကြသည်။ ဝယ်လိုအား များလွန်းသဖြင့် ပစ္စည်းများအားလုံးလိုလို ဈေးမြင့်တက်သွားသည်။ မြေပြင်တွင်လည်း ပစ္စည်းများ ပြတ်လပ်ကုန်ကြ ပါသည်။ 

သို့သော် အချိန်မီမရောက်ရှိပါက လေဘေး ဒဏ်ခံ ပြည်သူများ ပို၍ဒုက္ခရောက်တော့မည်။ ထို့ကြောင့် ထောက်ပံ့ပေးရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရသည့်ဈေးဖြင့် ဝယ်ယူပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းအနက် အစောဆုံးရောက်ရှိနိုင်သည့်ခရီးဖြင့် အချိန်မီ ပို့ဆောင်ပေးရသည်။

အမိုးသွပ်များကို စက်ရုံများအထိ တိုက်ရိုက် သွားဝယ်ရသည်။ သွပ်တစ်ပေ ဈေးနှုန်း၊ တစ်ချပ် ဈေးနှုန်းများ နှစ်ဆခန့် တက်ကုန်သည်။ ပထမ ဝယ်ယူလိုသူက ဈေးနှုန်းမေး၍ အတည်ပြုနေတုန်း ရှိသေးသည်။ နောက်ကဝယ်မည့်သူတွေက ထပ်ရောက်လာသည်။ ထပ်ရောက်လာသည့် ဝယ်သူတွေက ဈေးပိုပေးကြသည်။ ထို့ကြောင့် ဆိုဈေးဖြင့် မဖြစ်မနေဝယ်ယူရသည်။

ရန်ကုန်မှ စစ်တွေသို့ ကုန်ပစ္စည်းများပို့ဆောင်ခ၊ ကားငှားရမ်းခ၊ သင်္ဘောငှားရမ်းခ စသည့်သယ်ယူပို့ဆောင်ရေးစရိတ်များသည်လည်း လမ်းခရီးနှင့် ရာသီဥတုအခြေအနေကို အကြောင်းပြလျက် သုံးဆခန့် ခုန်တက်သွားသည်။ အဓိကလိုအပ်၍ မှာယူသောပစ္စည်းများမှာ ရန်ကုန်တွင် ရက်ပိုင်းအတွင်း ကုန်ပစ္စည်းများပြတ်သွားသည်။ ကုန်ကြမ်း ပြတ်သွားပြီ။ “မန္တလေး” က မှာရမည်၊ “မူဆယ်” ကမှာရမည်၊ “မြဝတီ” က မှာရမည်ဟု ဆိုပြန်သည်။ Transportation Charges ကို အကြောင်းပြလျက် ဈေးနှုန်းများက ပိုမြင့်တက်သွားပြန်သည်။ ဝယ်လိုအားများလာသောအခါ ဖြစ်လေ့ဖြစ်ထ ရှိသည့် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။ “တစ်နွယ်ငင် တစ်စင်ပါ” ဆိုသလို စစ်တွေ မိုခါမုန်တိုင်း၏ ဂယက်ရိုက်မှုဒဏ်ကား တစ်နိုင်ငံလုံးကို ပျံ့နှံ့စေပါသည်။

ရှေးမင်းများလက်ထက်

ဤကဲ့သို့သော ဖြစ်စဉ်မျိုးမှာ ယခုမှမဟုတ်၊ မြန်မာ့သမိုင်းတွင် ရှေးကတည်းက ရှိခဲ့ဖူးပါသည်။

သီရိနန္ဒသူရဓမ္မရာဇာဘွဲ့ခံ ပင်းတလဲမင်း (မင်းရဲနန္တမိတ်) (၁၆၄၈ - ၁၆၆၂) သည် ဖခင် သာလွန်မင်း နတ်ရွာစံပြီးနောက် အင်းဝထီးနန်းကို စိုးစံသည်။ မန်ချူးတို့သည် တရုတ်ပြည်အား သိမ်းပိုက်ပြီးနောက် ချန်အင်ပါယာကို စတင်ထူထောင်ခဲ့သည်။ ၁၆၆၀ ပြည့်နှစ်တွင် တရုတ်ဟန်လူမျိုးတို့၏ နောက်ဆုံးဧကရာဇ်ဖြစ်သည့် ယုံလီအား ဖမ်းဆီးရန် အကြောင်းပြု၍ မင်မင်းဆက် ၏ စစ်သူကြီးဖြစ်ခဲ့သူ စစ်သူကြီး ဝူဆန်ကွေ့ ဦးဆောင်သည့် တပ်အင်အား ၁၅၀၀၀ နှင့်အတူ အင်းဝနေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ အင်းဝ ကို ဝိုင်းထားကြသည်။ စစ်သူကြီး မင်းသီရိခေတ္တရာ ကိုယ်တိုင် ဦးဆောင်၍ မန်ချူးတပ်များကို ကြံ့ကြံ့ခံ လေသည်။ ၁၆၆၁ ခုနှစ် မေလတွင် ညီတော် ပြည်မင်းက တိုက်စစ်ဖွင့်၍ မန်ချူးတို့၏ တိုက်စစ်ကို ရပ်တန့်နိုင်ခဲ့လေသည်။

ထိုအချိန် အင်းဝနေပြည်တော်၌ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ မန်ချူးတပ်များ ဝိုင်းထား စဉ် မြို့တော်အတွင်း စားနပ်ရိက္ခာ ပြတ်တောက်သွားသည်။ ဘေးအန္တရာယ်ကို အကြောင်းပြု၍ အမြတ်ထုတ်ရန် ကြိုတင်တွေးမြင်တတ်သော ကုန်သည်များက စားသောက်ကုန်များကို မြေအောက်၌ သိုလှောင်ထားကြသည်။ ထုတ်ရောင်းရာ အကျိုး အမြတ်များစွာ ရကြလေသည်။ ပြည်သူလူထုမှာ စစ်ဘေး၊ စားသောက်ရေး ခက်ခဲရှားပါးမှုဘေးကြောင့် ဒုက္ခများစွာ ရောက်ကြရသည်။ 

စီးပွားရေးသောင်းကျန်းကြသော ကုန်သည်များအကြောင်း သိရသောအခါ အင်းဝဘုရင်သည် အမျက်ဒေါသထွက်ပြီး ပြည်သူလူထု အငတ်ဘေး ကြုံတွေ့စဉ် အမြတ်ကြီးစားဖြင့် ရောင်းချနေသော စားသောက်ကုန်များအားလုံးကို မင်းအမိန့်ဖြင့် ရှာဖွေသိမ်းဆည်းစေပြီး အငတ်ဘေးကြုံတွေ့နေရသော ပြည်သူလူထုကို ဝေငှပေးခဲ့ရလေသည်။

ဤသို့ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ” ဆိုသလို “သူများဒုက္ခရောက်လေ ကြိတ်၍ဝမ်းသာ နေသူများ” ခေတ်အဆက်ဆက် ရှိခဲ့ဖူးပါသည်။

ပေးဆပ်ခြင်းများ

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက အင်တိုက်အားတိုက် စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည်။ အချို့ကယ်ဆယ်ရေးအဖွဲ့ဝင်များ အသက်ပေးခဲ့ရကြောင်း ကြားသိရသည့်အခါ စိတ်မကောင်းဖြစ်မိပါသည်။

နေအိမ်အဆောက်အအုံတွေအပေါ် လဲကျပိမိနေသည့် သစ်ပင်ကြီးငယ်တွေ၊ လမ်းပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းတွေကို Chain Saw အသုံးပြု ပြီး ဖယ်ရှားရှင်းလင်းကြသည်။ လဲကျနေသည့် ဓာတ်တိုင်များ၊ ပြိုကျနေသည့် သံထည်အဆောက် အအုံများ၊ တာဝါတိုင်များကို Engine Cutter ၊ Hydraulic Cutter များ အသုံးပြုဖြတ်တောက်ရသည်။ သင်္ဘောများနှင့် ရေကြောင်းမှ သယ်ယူလာသည့် ဌာနဆိုင်ရာအသီးသီး၏ ယာဉ်/ယန္တရား အကူအညီများဖြင့် သယ်ယူဖယ်ရှား ရှင်းလင်း ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် မြေထိုးစက်၊ မြေတူးစက်၊ မြေကော်စက်များကို သင်္ဘောဖြင့် အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီ ဖြစ်ပါသည်။ 

မုန်တိုင်းပြီး နေအရှိန်သည် ပို၍ပူတတ်ပါသည်။ နားခိုရန် အရိပ်မရှိသော နေပူပူတွင် နိုင်ငံ့ဝန်ထမ်း များပါဝင်သည့် ပြန်လည်ထူထောင်ရေးအဖွဲ့များကလည်း နေ့စဉ်ရက်ဆက် နားရက်မရှိ ဆောင်ရွက်ခဲ့ကြသည်။ ကွပ်ကဲကြီးကြပ်သူများက နေပူမရှောင်၊ မိုးရွာမရှောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နေ့/ည ကြီးကြပ်ခဲ့ကြသည်။ 

ဂုဏ်ပြုထိုက်သူတို့ကို ဂုဏ်ပြုခြင်း

မိုခါဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်လပြည့်မြောက်သည့်အချိန် ဇွန်လ ၁၄ ရက်နေ့က စစ်တွေမြို့ လောကာနန္ဒာစေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်၌ ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အား ပေးဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။ “ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အနေအစား ဆင်းရဲစွာဖြင့် မုန်တိုင်းထိခိုက်ခဲ့သော နေရာများတွင် အားတက်သရော ဝင်ရောက်ကူညီကြသည့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များအပေါ် အလျဉ်းသင့်သလို ဂုဏ်ပြုပေးရန် နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် မှာကြားခဲ့ကြောင်း။ ယခု ကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုမြင်ကွင်းနှင့် ယခုတစ်လပြည့်ကာလ ပြန်လည်ထူထောင်ပြီးစီးမှု မြင်ကွင်းသည် ဝမ်းသာအားရ ကျေနပ်ဖွယ်ပြောင်းလဲနေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏ အစီအမံ ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့် ရပ်ကွက်အလိုက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည့်အတွက် အသိအမှတ်ပြုပါကြောင်း” ဒုတိယဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် မုန်တိုင်းအလွန် နှစ်လအကြာ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်တွေဒေသသို့ ထပ်မံသွားရောက်ခဲ့ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးတွင် “သဘာဝဘေးဒဏ် ကျရောက် ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို ယခုထပ်မံ ရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း၊ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ဖယ်ရှားသည့် အပိုင်း၌ လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းသည့် သူများက ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်များဖြင့် ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မတန်တဆ ဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုအပေါ် ထိထိရောက်ရောက် အရေးယူသွားရန် လိုကြောင်း၊ မိမိတို့တစ်ဦးတစ်ယာက်၏ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ် ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ဒေသတွင် နေထိုင်ကြသူများအနေဖြင့်လည်း အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည် ဆိုပါက မူလအခြေအနေများထက် ပိုမိုကောင်းမွန် သည့်ဒေသများအဖြစ် ဆက်လက်ဖော်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း” တိုက်တွန်းပြောကြားခဲ့ပါသည်။

နယ်စပ်ရေးရာ၏ ဆောင်ရွက်ပေးမှုများ

နယ်စပ်ရေးရာဝန်ကြီးဌာနသည်လည်း ရခိုင်ပြည်သူများ၏ စားသောက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ မုန်တိုင်းဖြစ်ပြီးရက်ပိုင်းအတွင်း စားသောက်ကုန် ရိက္ခာများအနေဖြင့် ဆန်အိတ် ၁၀၀၀၊ စားဆီ ပိဿာ ၁၅၀၀၊ ဆားအိတ် ၃၀၊ ကုလားပဲ ပိဿာ ၃၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၂၀၀၀၊ ရေသန့်ကတ် ၂၅၀၀ တို့အား တပ်မတော်ရေယာဉ်များဖြင့် အမြန်ဆုံး တင်၍ ပေးပို့ပေးခဲ့ပါသည်။ ထို့အပြင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခုနစ်ပေသွပ် အချပ်ရေ ၁၀၀၀၀၊ ဘိလပ်မြေ အိတ် ၃၀၀၀၊ သွပ်သံ/အိမ်ရိုက်သံ ၇၂၅ ပိဿာ တို့အား “M.V Sunshine” သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ 

ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Chainsaw အလက် ၂၀၊ မြက်ဖြတ်စက် အလုံး ၂၀ အား လည်းကောင်း၊ မုန်တိုင်းသင့်ပြည်သူများ ရေကောင်းရေသန့်များ လုံလောက်စွာအသုံးပြုနိုင်ရေးအတွက် Life Straw ရေသန့်စက် အလုံး ၂၀၀၊ ဆိုလာရေသန့်စက် ၁၀ လုံး၊ ရေမော်တာများ ဝယ်ယူရန် လှူဒါန်းခဲ့ပါ သည်။ အရေးပေါ် မီးလင်းရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များအတွက် ဆိုလာအစုံ ၆၅၀ အား လေကြောင်းဖြင့်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ပါသည်။ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သည့် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၊ စစ်တွေမြို့ ဘိုးဘွားရိပ်သာ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ လူမှုအဖွဲ့များသို့ လှူဒါန်းထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော စာသင်ကျောင်းများ၊ သာသနိက အဆောက်အအုံများနှင့် တံတားများ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဖြစ်သော စစ်တွေမြို့ အထက(၂) ကျောင်းတွင် ကွန်ကရစ်ခင်းခြင်း၊  မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နံ့သာတောင်ဘုန်းကြီးကျောင်း အတွက် အမိုးသွပ်အချပ် ၂၀၀ နှင့် ကျောင်းသား အိပ်ဆောင်အတွက် လိုအပ်သော ကွပ်ပျစ်များ ပြုလုပ်ပေးခြင်း၊ စစ်တွေမြို့အတွင်း လောကာနန္ဒာ ဘုရားဝင်းအတွင်းရှိ မဟာဝေယန်သာသနာ့ဗိမာန်အား ပြန်လည်ပြုပြင်ပေးခြင်း၊ လောကာနန္ဒာစေတီတော် ခြံစည်းရိုး၊ ရင်ပြင်တံတိုင်းပြုပြင်ခြင်း၊ ရန်အောင်မြင်ဓာတုကိုးနဝင်းစေတီ အဆောက်အအုံ၊ ရန်ပြေမာန်ပြေဘုရားကြီးသိမ်တော် ရွှေဆေး၊ ဆလိုက်မီးများပြုပြင်ခြင်း၊ ရန်အောင်မြင်ဓာတု ကိုးနဝင်းစေတီ၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးမြန်မာမှု၊ ရှင်ကလေးစေတီထီးတော်၊ မဟာဇေယသိဒ္ဓိစေတီဘုရားသိမ်တော်နှင့် ထီးတော်၊ လက်ဝဲသလုံးစေတီအဆောက်အအုံ၊ အရှေ့ဘက် ကိုးနဝင်းဓာတုစေတီ၊ ဝေဠုဝန်ဘုန်းတော်ကြီး ကျောင်း၊ ရှင်မာကုကာသီဒြယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားကျောင်းများ ပြန်လည် ပြုပြင်ရေးလုပ်ငန်းများနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ပေ ၃၂၀တို့အား ပြုပြင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
မုန်တိုင်းဒဏ်သင့်ခဲ့သော ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်းပေါင်း ၁၁၆၇ ဒသမ ၆၄၁ သန်း သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၂၈၅ ဒသမ ၈၀၈ သန်းဖြင့် ရခိုင် ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ပျဉ်းမငုတ်တို

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လတ်တို့ စစ်တွေသို့ ဒုတိယအကြိမ် သွားရောက်ပြီးအပြန်တွင်- 
“စစ်တွေက ပြန်ပြီးလှပလာနေပြီ၊ ခေါင်မိုးတော်တော်များများ ပြည့်စုံသွားပြီ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေလည်း ရာနှုန်းပြည့်နီးပါး ပြင်ပြီးကုန်ပြီ၊ လျှပ်စစ်မီးလည်း ပြန်လင်းပြီ၊ သာသနာရေး အဆောက်အအုံတွေ ပြန်ပြင်ပြီးကုန်ပြီ၊ စစ်တွေ ကမ်းနားလမ်းကိုလည်း အင်တိုက်အားတိုက် ပြင်နေပြီ၊ ဆက်သွယ်ရေးလိုင်းတွေ၊ ဖုန်းလိုင်းတွေပြန်ရပြီ၊ စာသင်ကျောင်းတွေလည်းဖွင့်နေပြီ၊ လေကြောင်း၊ ရေကြောင်း၊ မော်တော်ယာဉ်လိုင်းတွေလည်း ပုံမှန် ပြန်ပြေးဆွဲနေပြီ၊ အပျက်အစီးတော်တော်များများ ကောင်းကုန်ပြီ၊ မိုးရွာတော့ သစ်ပင်အကျိုးတွေက ရွက်နုတွေ ပြန်ထွက်ပြီး စိမ်းစိမ်းလန်းလန်းနဲ့ ကြည့်ကောင်းနေပြီ” ဟု ဆိုပါသည်။

ထိုစကားသံများ ကြားရသောအခါ အလွန်ပီတိ ဖြစ်ရပါသည်။ စာရေးသူတို့ အလယ်တန်း ကျောင်းသားအရွယ်က သင်ကြားခဲ့ရသော အလွန် ကြိုက်နှစ်သက်သည့် ကဗျာတစ်ပုဒ်ကို သတိရမိသည်။ ဆရာကြီးမင်းသုဝဏ်၏ “ပျဉ်းမငုတ်တို” ကဗျာဖြစ်၏။ ဆရာကြီးသည် ထိုကဗျာအား မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၁- ၄- ၁၉၄၉ က ရေးသားခဲ့ခြင်းဖြစ်၏-

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်းတိုက်လျက်၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောက်ျား ကောင်းတကား”

ပျဉ်းမငုတ်တိုအိုကြီးသည် အကိုင်းလက်ပြတ်နှင့် အခက်မရှိ၊ အရွက်မရှိ။ ခြစားထားပြန်သဖြင့် ဟောင်းလောင်းဖြစ်နေသည်။ မီးလောင်ထားသော ကြောင့် မည်းနက်ရုပ်ဆိုးနေသည်။ လွန်ခဲ့သော အချိန် များကမူ ထိုပျဉ်းမပင်သည် အရွက်စီစီ၊ အပွင့်ဝေဝေနှင့် ကုန်းကမူထက်တွင် လေရူးနှင့်အတူ ရောလျက် မြူးရွှင်ခဲ့ပေလိမ့်မည်။ ယခုကား အရိုး ပြိုင်းပြိုင်း၊ ခါးကိုင်းကိုင်းနှင့် ရာသီဥတုဒဏ်၊ သဘာဝပြုပြင်မှုဒဏ်၊ ဇရာ၏ဒဏ်၊ စစ်ဘေးစစ်ဒဏ်ကြောင့် နာလန်မထူနိုင်လောက်အောင် ယိုယွင်းခဲ့နေလေပြီ။

သို့သော် နွေဦးစလေပြီ။ ဥသြသံတို့ မြည်လာပြီ။ နွေတောပန်းကလေးများ ပွင့်လာပြီ။ မြေသင်းနံ့ ကလေးပျံ့လာပြီ။ ထိုအခါ ပျဉ်းမငုတ်တိုအို၏ အခက်ကင်းသော အကိုင်းလက်ပြတ်တွင် ပုရစ်ဖူး ကလေးများသည် ပြူထွက်လာတော့သည်။ ဟိုမှာ တစ်ဖူး၊ ဒီမှာတစ်ဖူးနှင့် ပုရစ်ပြေစပြုလာပြီ။ နောက် တစ်နေ့တွင် ရွက်နုကလေးများ ဖြစ်လာကြ၏။ တစ်ရွက်၊ နှစ်ရွက်၊ သုံးရွက်ဖြင့် အရွက်များ စုံလာသော ပျဉ်းမငုတ်တိုအိုကြီးသည် အမြီးဖြန့်ကာ ကနေသော ဒေါင်းပျိုနှင့် တူလာလေတော့သည်။ အာဂပျဉ်းမငုတ်တိုပါပေတကား။

ပိုမိုဖွံ့ဖြိုးစည်ပင်လာတော့မည့် “သမုဒ္ဒဂီရိမြို့”

ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲများ စခန်းချသည့်နေရာဖြစ်ခဲ့သည်ဟုဆို၏။ ယခင်ဘုရင် များလက်ထက်က စစ်တပ်များချခဲ့ရာ အရပ်ဖြစ်၍ မူလက စစ်တဲဆိုသော ဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေဟု ပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆိုကြ သည်။
အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲပြီးနောက် အင်္ဂလိပ်တို့သည် ရခိုင်တိုင်းမြို့တော်အဖြစ် စစ်တွေ မြို့ကို ၁၈၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တည်ထောင်ခဲ့သည်။

မြို့သက် တစ်ရာပြည့်ပြီးသည့် ဝန်းကျင်၌ စစ်တွေမြို့ကြီးသည် ဖွံ့ဖြိုးစည်ပင်နေခဲ့သည်။ 

မြို့သက်နှစ်တစ်ရာပြည့်၍ ၁၆ နှစ်အကြာ ၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးသည် ရခိုင်သို့ ကူးစက်လာသည်။ စစ်တွေသည် စစ်ရေးအရ အရေးပါသော မြို့တစ်မြို့ ဖြစ်လာသည်။ စစ်မီး စစ်လျှံသည် အနှစ်တစ်ရာကျော် တည်ဆောက် ထားသော စစ်တွေမြို့ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့အပြင် ခေတ်အဆက်ဆက် ပဋိပက္ခဒဏ်၊ ဒေသ တွင်း မတည်ငြိမ်မှုဒဏ်၊ သဘာဝဘေးဒဏ်များကို ထပ်မံ ကြုံတွေ့ရပြန်သည်။ ထိုမှတစ်ဖန် ပြန်၍နိုးထ ရှင်သန်လာပြန်သည်။ မည်သည့်အခက်အခဲ၊ ဖျက်ဆီးမှုကို ကြုံတွေ့ရသည်ဖြစ်စေ စစ်တွေမြို့ကြီး ကား အင်နှင့်အားနှင့် ပြန်လည်ရုန်းထပြီး ရှင်သန် လျက် ပန်းပန်၍ လှပဆဲဖြစ်၏။

ဒဏ်ရာအနာတရများနှင့် ဒုက္ခအမှောင်ထုကို ကြုံတွေ့ရသော်လည်း အတိတ်ဖြစ်စဉ်များကို အကောင်းဆုံး သင်ခန်းစာယူပြီး သက်လုံအပြည့်နှင့် ပြန်လည်နိုးထရစမြဲပင်။

ခေတ်အဆက်ဆက် စစ်ဘေးဒဏ်၊ ပဋိပက္ခဒဏ်၊ သဘာဝဘေးဒဏ်တို့ကို ကြံ့ကြံ့ခံရင်း ပြန်လည်ဖွံ့ဖြိုး ရှင်သန်လာမြဲ၊ ကြံ့ခိုင်မြဲဖြစ်သော “မြို့စစ်တွေ” ကား ယောက်ျားကောင်း ဖြစ်ချေ၏။ ယောက်ျားကောင်း သမုဒ္ဒဂီရိမြို့ (ခေါ်) စစ်တွေမြို့သည် မိုခါ မုန်တိုင်းဒဏ်ခံရပြီးနောက် နိုင်ငံတော်၊ တပ်မတော်၊ ဌာနဆိုင်ရာများ၏ ကူညီထောက်ပံ့မှုများ၊ ဒေသခံ များ၏ ပူးပေါင်းပါဝင်မှုများဖြင့် မူလအခြေအနေ ထက် ပို၍ဖွံ့ဖြိုးစည်ပင်မှု အသစ်များနှင့်အတူ ငယ်မူငယ်သွေးကြွ ပြန်လည်ရှင်သန်လာမည် ဖြစ်ကြောင်း ယုံကြည်မိပါသည်။ ။